စောနေစိုးမြ နဲ့ ငြိမ်းချမ်းရေးကြော်ငြာ

Wednesday, August 22, 2012

"စစ်မှန်သောငြိမ်းချမ်းရေးလိုလားသူ စောနေစိုးမြ" လို့ မြန်မာဘာသာနဲ့ ရေးထားတဲ့ ကားတစီးကို မြ၀တီ၊ ကော့ကရိတ်ဘက်မှာ တွေ့ကြမှာပါ။

(ဓာတ်ပုံများ - ဧရာဝတီ)

အဲဒါက စောနေစိုးမြရဲ့ကား ဖြစ်ပါတယ်။ သူက သူ့ကားမှာသာမက သူ့အင်္ကျီမှာပါ အဲဒီစာတန်းထိုးထားပါတယ်။ ငြိမ်းချမ်းရေးကား၊ ငြိမ်းချမ်းရေးအင်္ကျီနဲ့ စောနေစိုးမြကို မနေ့က
မြ၀တီမြို့မှာကျင်းပတဲ့ နယ်ခြားစောင့်တပ် အခမ်းအနားတခုမှာ တွေ့ကြရပါတယ်။

စောနေစိုးမြဟာ ဖခင်ဖြစ်သူနဲ့ ရုပ်ဆင်းအင်္ဂါ အင်မတန်ဆင်တူပါတယ်။ သူ့ဖခင်ကတော့ ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ဖြစ်ပါတယ်။

အခုတော့ သူက သူ့ဦးလေး တော်စပ်တဲ့ ဗိုလ်ချုပ်ထိန်မောင်နဲ့ ပူးပေါင်းနေပါတယ်။ (ဗိုလ်ချုပ်ထိန်မောင်ဟာ ကရင်လက်နက်ကိုင်အဖွဲ့အများအပြားထဲက တခုဖြစ်တဲ့ "KNU/KNLA ငြိမ်းချမ်းရေးကောင်စီ" ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။)

အဖွဲ့အမည်မှာ ငြိမ်းချမ်းရေး ဆိုတာ ပါဝင်နေသလို ကား နဲ့ အင်္ကျီတို့မှာပါ စစ်မှန်သောငြိမ်းချမ်းရေး ဆိုတာ ပါဝင်နေပါတယ်။

စစ်မှန်သောငြိမ်းချမ်းရေး ဆိုတာ မရသေးတဲ့ ကရင်ပြည်နယ်မှာ စောနေစိုးမြတို့ ဘာတွေ လုပ်ဆောင်နေတယ် ဆိုတာကို စာနယ်ဇင်းများမှာ မတွေ့ရပါဘူး။

၂၀၀၉ ခုနှစ်တုန်းကတော့ အစိုးရသတင်းစာ၊ ရုပ်သံတို့မှာ သူ့ရဲ့ လှုပ်ရှားမှုတွေကို အလေးပေး ဖော်ပြခဲ့ဖူးပါတယ်။

ဗိုလ်ကြီးစောနေစိုးမြ သူ့ဦးလေးနဲ့ သွားရောက်ပူးပေါင်းတဲ့သတင်း တပုဒ်မှာတော့ သူအပါအ၀င် အင်အား ၇၁ဦးဟာ လက်နက်မျိုးစုံ ၂၄ လက်နဲ့ အတူ ထို့ကော်ကိုးကျေးရွာမှာ ရှိတဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို သွားရောက် ပူးပေါင်းခဲ့ကြပါတယ် တဲ့။ (၂၀၀၉ ဧပြီ ၄ သတင်းစာ)

စောနေစိုးမြက ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရနဲ့ ပူးတွဲလုပ်ဆောင်မယ် တဲ့။ (၂၀၀၉ ဧပြီ ၁၉ အစိုးရရုပ်မြင်သံကြား)

အစိုးရနဲ့ ငြိမ်းချမ်းရေးယူရတာဟာ သူ့ဖခင် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြ ချမှတ်ထားတဲ့ လမ်းစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်တယ်၊ ပြီးတော့ ဒီလမ်းစဉ်ကို ဦးလေး ဗိုလ်ချုပ်ထိန်မောင်က လုပ်ဆောင်နေတာ ထိရောက်မှုရှိတာကို တွေ့ရပါတယ် လို့ ရုပ်မြင်သံကြားမှာ သူက ပြောပါတယ်။

KNU အဖွဲ့ကြီးကတော့ စောနေစိုးမြ ဘက်ပြောင်းသွားတဲ့အတွက် သူတို့ ကြီးကြီးမားမား ထိခိုက်မှု မရှိပါဘူးလို့ ဆိုပါတယ်။ သူ KNU မှာ တပ်ခွဲမှူး တာဝန်ယူတုန်းက တပ်နဲ့ နီးနီးကပ်ကပ် မနေခဲ့ဘူး၊ ဒါကြောင့် သူ့ဆီမှာ လက်နက်ကိုင်အင်အား ၁၀ ဦးလောက်ပဲ ရှိမယ် တဲ့။ သို့သော်လည်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ မိသားစုဝင်တယောက်ကို ရတယ် ဆိုပြီးတော့ အစိုးရက ပုံကြီးချဲ့ခွင့်၊ ၀ါဒဖြန့်ခွင့် ရသွားတယ်လို့ တုံ့ပြန်ပါတယ်။

သူဘက်ပြောင်းပြီး လအနည်းငယ် အကြာမှာ KNU ရဲ့ တပ်မဟာ ၇ နယ်မြေထဲက တပ်စခန်းတချို့ကို အစိုးရတပ် နဲ့ DKBA တပ်များက ၀င်တိုက်၊ ၀င်သိမ်းပါတယ်။ ဘာကြောင့်သိမ်းရတယ် ဆိုတာကို အစိုးရက သတင်းထုတ်ပြန်ပါသေးတယ် -
စောနေစိုးမြရဲ့ လက်ကျန်အဖွဲ့ဝင်တွေ ငြိမ်းချမ်းရေးယူချင်တာကို KNU က ဟန့်တားတဲ့အတွက် တိုက်ရတာပါ တဲ့။

စစ်တိုက်လို့ ငြိမ်းချမ်းရေးရချင်၊ ငြိမ်းချမ်းရေးရဖို့ စစ်တိုက်နေခဲ့ရတဲ့ ကရင်ပြည်နယ်ထဲမှာ ခုတလော သေနတ်သံတွေ တိတ်နေပါတယ်။ စောနေစိုးမြပြောတဲ့ စစ်မှန်သောငြိမ်းချမ်းရေးရဖို့ပဲ လိုပါတော့တယ်။

အဲဒီ "စစ်မှန်သောငြိမ်းချမ်းရေး" ဆိုတာ ရပြီ ဆိုရင်တော့ ကရင်ပြည်နယ်အနှံ့ ထောင်ထားကြတဲ့ မြေမြှုပ်မိုင်းများ ဖယ်ရှားရှင်းလင်းရေး၊ ဒုက္ခသည်များ နေရပ်ပြန်ရေး ဆိုတာတွေကို နှစ်အတန်ကြာအချိန်ယူ လုပ်ဆောင်ရဦးမှာပါ။

အနာဂတ်မှာ ဒီလို လုပ်ဆောင်ဖို့ စောနေစိုးမြတို့မှာ အစီအစဉ်တွေ၊ ပြင်ဆင်မှုတွေ၊ လေ့လာမှုတွေ ရှိနေမယ် ဆိုရင်တော့ ဖခင် စောဘိုမြက တမလွန်ကနေ ကျေနပ်နေမှာဖြစ်ပါတယ်။





3 comments :

  1. Anonymous said... :

    အလကား..လျှောက်အာနေတာ..စောနေစိုးမြက ဟိုမှာ အဖွဲ့စည်းအတွင်းမတည့်တော့လို ဒီဘက်ပြေးကပ်တာ..ကရင်ပြည်သူကောင်းစားရေးဘာတခုလုပ်ဖူးလိုလဲ..အခွင့်ရေးပဲကြည့်နေတာ...ကရင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့တွေဘယ်တုန်းက ကရင်လူမျိုးကောင်းစားရေးဘာတခုလုပ်ဖူးကြသလဲ..စာမတတ် ပေမတတ်နဲ့ မိုက်ရူးရဲဖို့ပဲသိတယ်...

  1. Anonymous said... :

    စစ်မှန်တဲ့ ငြိမ်းချမ်းရေးပြောသေးတယ်
    စစ်မှန်တဲ့ တော်လှန်ရေးသမားက four wheels ကား tablet နဲ့မနေဘူးကွ။ တော်လှန်ရေး အကြောင်းပြပြီး ဒင်းတို့တွေ ကြီးပွားနေကြတာ။

    ကျနော် ဘုရားသုံးဆူသားပါ။
    ဘုရားသုံးဆူ -သံဖြူဇရပ် ။ ဘုရားသုံးဆူ - မုဒုံ လမ်းကြောတွေမှာ ဂိတ်တိုင်းမှာ ဒင်းတို့တွေ အဖွဲ့ပေါင်းမရေတွက်နိုင်အောင် ဂိတ်ကျေးလား၊ မိုက်ကျေးလားကောက်နေကြတယ်။
    KNU, DKBA, ဟောင်သရော၊ ရဲ၊ စစ်တပ် စုံနေတာပဲ KNU နဲ့ DKBA ဆို ဂိတ်အများဆုံးပဲ ထင်တယ်။

    လမ်းကလဲ ဗွက်လမ်း နွေဆို ဖုန်လမ်း ချောင်းနှစ်ခွ ရေလမ်းဆိုလဲ ဒင်းတို့တွေပဲ ဂိတ်ဖွင့်ထိုင်နေရုံပဲ

    ခလေးစစ်သားအော်နေကြတယ် အဲမှာသွားကြည့် အဖွဲ့တိုင်းမှာ ရှိတယ်။

    ကျနော်စဉ်းစားတာက ဒီလူတွေ သူများခေါင်းပုံဖြတ်နေတာ ကြာပြီး ရပ်သင့်ပါပြီး။

    စစ်တပ်တခုထည် အကျင့်ပျက်တာမဟုတ်ဘူး ဒင်းတို့တွေလဲ ဘာမှာ သုံးစားမရလို့ တော်လှန်ရေး နှစ် ၆၀ ကြာနေတာပေါ့။ အထင်မကြီးဘူး။ ဒင်းတို့ အစွမ်းနဲ့ နောင် နှစ်၁၀၀ တောင် ငြိမ်းချမ်းရေးမရဘူး။

    အဲနယ်ဘက်မှာ ခဲမိုင်းတွေရှိတယ် KNU ကိုပေးရတယ် KNU ကျွန်းတော တွေလဲ ရှိတယ်။

    တော်လှန်ရေးမှာ ရိုးသားတဲ့သူတွေတော့ ရှိမှာပါ။ အကျင့် မကောင်းတာနဲ့ ဉာဏ်ရှည်မမှီတာက ၉၀% လောက်ရှိမယ်။

    ဘုရားသုံးဆူ မြို့ပေါ်မှာလဲ ဆိုင်ကယ် တလူလူ ကားတလူလူ နဲ့ အဖွဲ့ပေါင်း သောင်းခြောက်ထောင်။
    အော် ဒုက္ခ ဒုက္ခ။

  1. Unknown said... :

    တိုင်းရင်းသားတော်လှန်ရေးတွေ မအောင်မြင်ရတာ တိုင်းရင်းသားခေါင်းဆောင် ဆိုသူတွေ အတ္တကြီးကြလို့ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved