ကချင်ဒုက္ခသည်အရေအတွက် တိုးတက်

Friday, August 24, 2012

~


သန်းထိုက်ဦး ရေးသားပေးပို့သည် ~

ကချင်ပြည်နယ် တနေရာမှ စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)

ဖားကန့် ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားသဖြင့် ဒေသခံများ ထပ်မံ ထွက်ပြေးနေကြကြောင်း သိရသည်။

ယခုလ ၂၂ ရက်နေ့က ဖားကန့်မြို့နယ် ဝေခါကျေးရွာ အနီးရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ကြောင်း KIA၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ဧရာဝတီသို့ ပြောသည်။

ယင်းဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ရေးအရ တင်းမာမှုများ ဆက်လက်ရှိပြီး ရွာသားများက ဖားကန့်မြို့ထဲသို့ တိမ်းရှောင်နေကြသည်ဟု ကြားသိရသည်ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က ဆိုသည်။

“ရွာသားတွေက ထွက်ပြေးကြတာ ထုံးစံလို ဖြစ်နေပြီး သူတို့တောရွာဘက်မှာ စစ်ကြောင်းတွေ ၀င်လာတာနဲ့ ဒုက္ခသည် ပုံစံနဲ့ ဖား ကန့်မြို့ကို ထွက်ပြေးကြတာ။ ရွာထဲမှာ ရှိတဲ့ သူတို့ရဲ အိမ်မှာတောင် စစ်ကြောင်းတွေ နေရာယူထားတယ်”ဟု ဦးလနန်က ဆက်ပြော သည်။

ထွက်ပြေးတိမ်းရှောင်သူအများစုသည် ကချင် တိုင်းရင်းသား ဒေသခံများဖြစ်ပြီး ဖားကန့် မြို့ပေါ်ရှိ ဘာသာရေး ကျောင်းများတွင် နေထိုင်ကြပြီး ဖားကန့်မြို့သားများက ပူးပေါင်း၍ ထောက်ပံ့ပေးထားကြောင်း ဖားကန့်ရှိ NLD ပါတီဝင် ဦးဒါချီလစိုင်းက ပြောသည်။

ယခုရက်ပိုင်း တိမ်ရှောင်လာသည့် လူဦးရေ ၂,၀၀၀ ခန့် ရှိကြောင်း ၎င်းက ဆိုသည်။

“အစိုးရ စစ်တပ်က အဲဒီနယ်မြေ တ၀ိုက်မှာ လှုပ်ရှားနေတဲ့ အခါကျတော့ လူထုက ကြောက်လှန့် စိုးရိမ်ပြီး တိုက်ပွဲများ ဖြစ်ပွား မလား စိုးရိမ်စိတ်နဲ့ လူထုတွေ တိမ်းရှောင်နေတာ အခုအချိန် အထိရှိတယ်”ဟု ဦးဒါချီလစိုင်းက ဆက်ပြောသည်။

ပြေးလာသူများထဲမှ အများစုသည် သက်ကြီး ရွယ်အိုနှင့် အမျိုးသမီးနှင့် ကျောင်းနေအရွယ် ကလေးငယ်များ ဖြစ်ပြီး မှော်ဝမ်းကြီး မှော်ဝမ်းကလေး၊ သူဌေးချောင်း စသည့် ကျေးရွာများမှ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းဒေသများတွင် ယခင် အစိုးရ တပ်အင်အား ၆၀၀ ခန့်သာ ရှိပြီး လတ်တလော အင်အား ထပ်မံ တိုးချဲ့ထားကြောင်း သိရသည်။

တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ငါးသောင်းကျော် အိုးအိမ်တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြောင်း သိရသည်။

KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသhttp://www.blogger.com/img/blank.gifည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။

ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။

ဆက်စပ် -
ကချင်ဒုက္ခသည်များ တရုတ်ပြန်ပို့

~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved