~
ကျော်ခ ရေးသားပေးပို့သည် ~

ယခုနှစ် ဇွန်၊ ဇူလိုင် လပိုင်းက မြို့နယ်တွင်းရှိ ကြောင်းဒူးကျေးရွာသူ ဒေါ်သောင်း ( ၆၉ နှစ်) နှင့် ရေထွက်ကျေးရွာသူ ဒေါ်ရင်ကြည် ( ၅၆ နှစ်) တို့ ပုံစံတူ သတ်ဖြတ်ခံခဲ့ရပြီး ယင်းဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် အခင်းဖြစ်ပွားခဲ့သည့် ရွာများထံ ရဲတပ်ရင်းများ ချ၍ စောင့်ကြပ်ရှာဖွေမှု ပြုလုပ်နေသည်ဟု သိရသည်။
“စုံစမ်းနေတုန်းပဲ၊ အဖွဲ့တွေခွဲပြီးတော့ ကင်းပုန်းတွေချထားတယ်၊ ကြောင်းဒူးမှာလည်း တဖွဲ့ချထားတယ်လေ” ဟု ကြောင်းဒူးကျေးရွာလူသတ်မှုကို အဓိက ကိုင်တွယ်ဆောင်ရွက်နေသော ပွေးကျစ်ရဲစခန်းမှ ရဲအရာရှိက ပြောသည်။
ရေထွက်ကျေးရွာသူ ဒေါ်ရင်ကြည်၏ အမှုနှင့် ပတ်သက်ပြီး မသင်္ကာဖွယ်ပုဂ္ဂိုလ် တဦးကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း၊ တရားခံ အစစ် ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်း ကျောက်ပန်းတောင်းမြို့နယ်ရဲစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
“ဒီအမှုနဲ့ ပတ်သက်ပြီး လောလောဆယ်တော့ ယမန်ယူပြီးစုံစမ်း စစ်ဆေးနေတာတော့ ရှိပါတယ်၊ အတိအကျတော့ ပြောလို့ မရသေးပါဘူး၊ ဒီအမှုက စခန်းမှူး ကိုင်တာပါ” ဟု ရဲအရာရှိက ဧရာဝတီသို့ ပြောသည်။
ကြောင်ဒူးကျေးရွာသူ ဒေါ်သောင်းသည် ဇူလိုင်လ ၁၅ ရက်နေ့က တောထဲတွင် မန်ကျည်းသီးစိမ်း သွားခူးရာမှ ပျောက်ဆုံး နေခဲ့ပြီး ၅ ရက်အကြာတွင် ရွာသို့ အပြန်လမ်းအနီး နဘူးခြုံထဲ၌ သူ့ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ ပါးစပ်ထဲတွင် သစ်ရွက်များ ထိုးသွင်းထားပြီး ခေါင်းကို ပုဆိုးဖြင့် စည်းထားကာ လည်ပင်းအား ညှစ်သတ်ထားသည့် ဒဏ်ရာဖြင့် တွေ့ရှိရကြောင်း ပွေးကျစ်ရဲအရာရှိနှင့် ကြောင်းဒူးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုတို့က ပြောသည်။
ရေထွက်ရွာလူသတ်မှုအပြီး ရက်ပိုင်းအတွင်းမှာ ကြောင်ဒူးကျေးရွာ၌ ပုံစံတူ လူသတ်မှုထပ်ဖြစ်ပွားခဲ့သည်။ ထိုအမျိုးသမီးတို့ ၀တ်ဆင်ထားသော ရွှေငွေများကို ယူဆောင်သွားခြင်းမရှိဟု ရဲနှင့် ဒေသခံများက ပြောသည်။
ထိုအမှု၂ခုဖြစ်ပြီးနောက် ဒေသခံတို့မှာ တောထဲအလုပ်လုပ်သွားရန်ပင် အခက်တွေ့နေကြကြောင်း ၎င်းတို့ဒေသတွင် အမျိုးသားများပင် တစ်ဦးတည်း အပြင်ထွက်သွားလာခြင်း မပြုရဲတော့ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ကိုက ဧရာဝတီသို့ ပြောသည်။
ဆက်စပ် -
ပုံစံတူ လူသတ်မှုကြောင့် ကျောက်ပန်းတောင်း ဒေသခံများ ထိတ်လန့်
~
တရားခံအစစ်ကို မိအောင်ဖမ်းကြပါ ကိုရွှေရဲတို့ရယ်။ အပြစ်မဲ့သူတွေကို ဖမ်းဆီး ရိုက်နှက် ဖြောင့်ချက်ယူရင်း လက်လွန်လို့ သေသွားတာတွေ မနည်းတော့ပါဘူး။