အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၈) - နိဂုံးပိုင်း

Wednesday, August 15, 2012

ညီလင်းသစ် ~

အားလုံးပဲ မင်္ဂလာပါဗျာ...၊ မထင်မှတ်ဘဲနဲ့ ကျနော့်ရဲ့ မြန်မာပြည်ပြန် အခန်းဆက်တွေက အပိုင်း(၇) ကာတွန်းတွေမှာ ရပ်သွားခဲ့တယ်၊ နိုင်ငံကလေးဆီကို ပျံသန်းသွားတဲ့ အာရုံတွေက ကာတွန်းပြပွဲမှာ အတောင်ညောင်းသွားတယ် လို့တောင် ဆိုရမလိုပါပဲ၊ ခန်းမထဲကကို ဆက်မထွက် နိုင်ဘူး ဖြစ်နေတာ...၊ အခုလို မကြန့်ကြာစဖူး ကြန့်ကြာသွားတဲ့အတွက် ဘလော့ဂ်ကို လာလည်ပြီး စိတ်ပျက်လက်ပျက် ပြန်သွားခဲ့ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို တောင်းပန်ပါတယ်၊

ဖြစ်ပုံက ဒီလိုဗျ၊ ပြီးခဲ့တဲ့ မေလထဲမှာ ရုံးပိတ်ရက်တွေ နည်းနည်းများတယ်၊ အဲဒီမှာ ခရီးတိုလေးတွေ ၃ ခုလောက် ဆက်တိုက် သွားဖြစ်နေတာရယ်၊ မြန်မာပြည်က ပြန်လာကတည်းက နှစ်ဆပိုလာတဲ့ အလုပ်ကြွေးတွေကို ရှင်းနေတာရယ်၊ ပြီးတော့ သတင်းတွေ လိုက်ဖတ်ပြီး မုဒ်ပျောက်နေတာရယ်၊ နောက်ဆုံး မဆိုစလောက်ကလေး ပျင်းနေတာရယ်..၊ အဲဒါတွေ စုဆုံသွားတာပါ၊ ခရီးတိုလေးတွေက ပြည်တွင်းခရီးလေး တွေပါ၊ တောင်ပေါ်ကျေးလက် ရွာတွေဆီကို သွားခဲ့တာ..၊ အဲဒီမှာ ရိုက်လာတဲ့ ပုံတွေကိုတော့ နောက်မှပဲ ပြန်ရှယ်တာပေါ့ဗျာ..နော၊ အခုတော့ ကျနော်တို့ ချစ်တဲ့ အဲဒီနိုင်ငံကလေး ဆီကိုပဲ ဆက်လက် ပျံသန်း ကြည့်ကြရအောင်..၊ အတောင်ပံပါရင် မင်းဆီကို လို့ပဲ ဆိုပါတော့လေ..၊


တစ်ရက်မှာတော့ ဟိုသားအမိကို ထားခဲ့ပြီး ကျနော် တစ်ယောက်တည်း မြို့ထဲကို ထွက်လာခဲ့တယ်၊ လုပ်စရာ စာရွက်စာတမ်း ကိစ္စတချို့ကို လုပ်ရင်း၊ စာအုပ်လေး ဘာလေးလည်း ဝယ်ရင်း၊ ဓါတ်ပုံလည်း ရိုက်ရင်း ဆိုတဲ့ စိတ်ကူးနဲ့ပါ၊ ရန်ကုန်မှာ ကားတွေ များသထက် များလာတာ သတိမပြုမိလို့ မရအောင် ကိုပါပဲ၊ အမြဲလိုလို ယာဉ်ကြောပိတ်တာတွေ တစ်နေရာမဟုတ် တစ်နေရာမှာ တွေ့ရတယ်၊ တချိန်တည်းမှာပဲ ဒါတွေကို ဖြေရှင်းဖို့ လမ်းတွေချဲ့တာ၊ ဂုံးကျော်တံတားတွေ ဆောက်တာတွေကို လုပ်နေကြတယ်၊


မြို့တော်ခန်းမကြီးကတော့ အရင်အတိုင်း မလှုပ်မယှက် ငိုက်မြည်းဆဲပါပဲ၊ အရင်လို အဝါရောင် မဟုတ်တော့ဘဲ ခရမ်းရောင်သန်းတဲ့ အဖြူရောင်နဲ့ဆိုတော့ ကိုလိုနီ အငွေ့အသက်ကလေးတောင် နည်းနည်းပျောက်သွား သလိုလို..၊ သူ့ရှေ့က မြင်ကွင်းတွေကလည်း အရင်လိုပါပဲ၊ ဘတ်စ်ကားတွေ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ၊ ဥဒဟို သွားနေကြတဲ့ လူတွေ၊ တိုးရစ်စ် ကားကြီးတွေ..၊ အားလုံးဟာ ကောင်းကင်ပြာကြီးရဲ့ အောက်မှာ သက်ဝင်လှုပ်ရှားလို့..၊ မဟာဗန္ဓုလ ပန်းခြံ သံတိုင်တွေကို မှီရင်း ကျနော် ငေးကြည့်နေမိတယ်၊ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဒေါ်လာငွေ လဲတဲ့ ပုဂ္ဂိုလ်တွေကလည်း ငါးမိနစ် တစ်ခါလောက် 'ဒေါ်လာ လဲမလို့လား၊ ဘယ်လောက်ပါလဲ' ချည်း လာလာမေးနေတယ်၊


ဟောဒီရုံးက ထုတ်ပေးလိုက်တဲ့ စာအုပ်အနီကလေးက ကျနော့်ကို ကီလိုမီတာတွေ ထောင်ချီဝေးတဲ့ အရပ်ကို ပို့ပေးခဲ့တယ်၊ ပုံမှန်ဆို ပွဲစားတွေ၊ ပတ်စ်ပို့စ် လျှောက်မယ့် သူတွေနဲ့ အမြဲခြေချင်း လိမ်နေတဲ့ နေရာ..၊ ဟော.. ကြည့်ပါဦး၊ အခုတော့လည်း သံတံခါးကြီးပိတ်ပြီး တိတ်ဆိတ်လို့၊ သွားမေးကြည့်တော့ ပြည်ထဲရေး ရုံးကို ပြောင်းသွားပြီ-တဲ့၊ ဖြစ်နိုင်ရင် အဲဒီသံတံခါးကြီးကို တွန်းဖွင့်ပြီး ရုံးထဲကို ကျနော်ဝင်ထိုင် ကြည့်ချင်တယ်၊ ဘယ်သူမှ မရှိတော့တဲ့ အခန်းတွေထဲမှာ နံရံတွေက ဘာတွေများ ပြောမလဲလို့ နားထောင်ကြည့်ချင်တာပါ၊ သူတို့ သိထားတဲ့ ဇတ်လမ်းတွေ အများကြီး ရှိမှာ အသေအချာပါ၊ နံရံတွေမှာ နားရှိတယ်လို့ ဆိုရိုးရှိတယ် မဟုတ်လား..၊


ပန်းဆိုးတန်းဟာ နည်းနည်းစိမ်းကား သွားသလိုပဲ၊ ကျနော့်အပေါ် တခါမှ မသိကျွမ်းဖူးတဲ့ လူတစ်ယောက်လို ဆက်ဆံနေလိုက်တာ..၊ တကယ်ဆို မီးလောင်သွားတဲ့ ညာဖက်က ဟောဒီရုံးကြီး အောက်က စာအုပ် အဟောင်းတန်းတွေမှာ ကျနော့်ရဲ့ နာရီလက်တံတွေ တမေ့တမော အကြိမ်ကြိမ် ရပ်တန့်ခဲ့ဖူးတာ သူ ပြန်အမှတ်ရဖို့ ကောင်းတာပေါ့၊


ပန်းဆိုးတန်းနဲ့ ကမ်းနားလမ်း ထောင့်က တယ်လီဖုန်း ရုံကလေးပါ၊ လက်ကိုင်ဖုန်းကိုယ်စီနဲ့ သွေးကြီးနေတဲ့ ရန်ကုန်သားတွေကို မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေရတဲ့ ဘဝပေါ့၊ အရင်တုန်းကတော့ သူ့ဆီမှာ လူတွေ တရုန်းရုန်းနဲ့ စည်ကားခဲ့ဖူးတယ်၊ အခုတော့လည်း ဒလ ဖက်ပြန်မယ့် တစ်ယောက်စ၊ နှစ်ယောက်စ လောက်ပဲ လာတော့တယ်၊ မကြာခင် အဖျက်ခံရမှာ သေချာသလောက် ရှိတဲ့ တယ်လီဖုန်း ရုံကလေးက ကျနော့်ကို အမြဲရှိတဲ့ မမြဲခြင်းတရား အကြောင်း လှမ်းပြောလိုက်တယ်..၊


ကမ်းနားလမ်းကတော့ အရင်အတိုင်း စည်ကားမြဲပါပဲ၊ တလောကလုံးက အလုပ်တွေ သူတစ်ယောက်တည်း ဒိုင်ခံ လုပ်နေရသလိုမျိုး အချိန်ပြည့် အလုပ်ရှုပ်နေတဲ့ပုံ..၊ ခပ်လှမ်းလှမ်းက မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံး၊ မြန်မာ့လေကြောင်းရုံးနဲ့ စထရင်းန်းဟိုတယ် တို့ကို ကျနော် ခပ်ကြာကြာလေး ရပ်ငေးနေ ဖြစ်တယ်၊ မြန်မာ့ ခရီးသွားလုပ်ငန်း နှစ်ဦးကာလ တွေမှာတော့ ရန်ကုန်မြို့ရဲ့ တစ်ခုတည်းသော ကိုလိုနီခေတ်ဟိုတယ် ဆိုပြီး တစ်ည ဒေါ်လာ ၁၀၀၀ ဝန်းကျင်ပေးရတဲ့ အခန်းတွေနဲ့ သွေးကြီးခဲ့တဲ့ စထရင်းန်းဟိုတယ်က အခုတော့လည်း အနည်ထိုင်သွားပုံ ပါပဲ၊ စိတ်ထင် ပြောတာပါ...၊


ဘာရယ် မဟုတ်ပါဘူးဗျာ၊ သဘောကျလို့ ရိုက်လာခဲ့တာ..၊ ကားကတော့ လေးဘီးပဲ၊ ဒါပေမယ့် တံခါးမှာ ကပ်ထားတာက အမေရိကန် အလံနဲ့ နာဆာ-တဲ့၊ တစ်ပြားမှ မလျှော့ဘူး၊ ခပ်တည်တည်ပဲ..၊း)


စာတိုက်ကြီးကို ရောက်တယ်၊ ပုဂံကနေ ဝယ်လာတဲ့ ပို့စကတ်တွေကို မိတ်ဆွေ၊ သူငယ်ချင်းတွေဆီ ပို့ဖို့ပါ၊ ကျနော် နောက်ဆုံး စာထည့်တာက လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က..၊ အဲဒီတုန်းက တံဆိပ်ခေါင်းတစ်ခု ၃၀ ကျပ် ဆိုတာတော့ မှတ်မိတယ်၊ အခုဆိုရင်တော့ လွန်ရောကျွံရော ၁၀၀ လောက်တော့ ရှိရောပေါ့လို့ တွေးထားခဲ့တယ်၊ ဟိုရောက်တော့ ဘယ်ဟုတ်မလဲ၊ တစ်ခု ၅၀၀ ကျပ်တဲ့၊ ကျနော်က ပို့စကတ် ၃၂ ခု ပို့ဖို့ဆိုတော့ တံဆိပ်ခေါင်းဖိုးချည်းပဲ ၁၆၀၀၀ ကျသွားတယ်၊ မျက်လုံးကို ပြူးရောပဲ..၊ ဒါပေမယ့် ဒီပြန်ရောက်တော့ ပို့ခဲ့သမျှ ပို့စကတ်တွေ အားလုံး ရောက်တယ်ဆိုတာ သိရလို့ ဘာပဲပြောပြော ပေးရတာ တန်ပါတယ်၊


ရန်ကုန်မှာ ရုပ်ရှင်မကြည့်ဖြစ်တာ အတော်လေးကို ကြာခဲ့ပြီ၊ နောက်ဆုံး ကြည့်ခဲ့တာ ကျနော် အမှတ်မမှားဘူးဆိုရင် မင်းသမီး ဒယ်မီမိုးပါတဲ့ Ghost ဇတ်ကားပါ၊ ကဲ- ဘယ်လောက် ကြာပြီလဲဆိုတာ တွက်သာကြည့်တော့၊ ကျနော့်အသက်က အဲဒီတုန်းက ၁၆ နှစ်လောက်ပဲ ရှိသေးတယ်၊ အဲဒီတုန်းကတော့ အဲဒီ Ghost ကားမှ မကြည့်ဖူးရင် လူရာမဝင်တဲ့ သဘောမျိုးတောင် ဖြစ်နေတာကိုး၊ ဒယ်မီမိုး ဆံပင်ပုံစံ ဆိုပြီးတောင် ခေတ်စားလိုက်သေးတယ် မဟုတ်လား၊ အခု ရှေ့ဆောင်ရုံမှာ ပြနေတာကတော့ Journey 2: The Mysterious Island တဲ့၊ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ၊ ဒီမိုကရက်တစ် နိုင်ငံတော်သစ်ကြီးဆီ ချီတက်နေတဲ့ အသွင် ကူးပြောင်းစ ကာလမှာ သွားရမယ့် ခရီးက ရှည်လျားလှတယ်၊ Journey တောင်မှ အပိုင်း-၂ တဲ့၊ ပြီးတော့ အဲဒီ ခရီးက လျှို့ဝှက် ဆန်းကြယ်သော ကျွန်းဆိုပဲ၊ ဟုတ်မှာပါ၊ အခုလောလောဆယ်မှာ ကိုပဲ လျှို့ဝှက်သည်းဖို၊ ဝိုးတဝါး ဖြစ်ရပ်တွေ တွေ့နေရတယ် မဟုတ်လား...၊


လူထုချစ်တဲ့ ခေါင်းဆောင်တွေကတော့ လူထုကြားထဲကို တဖန်ပြန်ရောက်လာ ခဲ့ပြီ၊ ရန်ကုန်မြို့ရဲ့ မညီမညာ ပလက်ဖောင်းတွေ ထက်မှာ အရောင်စုံ၊ အသွေးစုံနဲ့ တညီတညာတည်းကို တင့်တယ်လို့...၊


ပြည်သူ့ဥယျာဉ်ထဲကိုလည်း မရွယ်ရွယ်ဘဲ ရောက်သွားသေးတယ်၊ ဒီမိုးပျံ ရထားလေးကို မြင်တော့ သားက ကလေးတို့ထုံးစံ ပူဆာပါလေရော၊ ဒါနဲ့ ကျနော်နဲ့သူနဲ့ နှစ်ယောက်သား စီးကြတယ်၊ ဂျာမနီက Europa Park မှာလည်း ဒီလိုမျိုး တစ်ခုရှိတော့ သူက မှတ်မိပြီး စီးမယ်လုပ်တာ..၊ စက်ဘီးခြေနင်းလို နင်းဖို့ လုပ်ထားတယ်၊ မနင်းလည်း သွားနေတာပါပဲ၊ နင်းရင်တော့ နည်းနည်း ပိုမြန်တယ်၊ ရီရတာက စထွက်တဲ့ ဂိတ်ကို ပြန်ရောက်တော့ ဘရိတ်ဖမ်းဖို့ကို အဲဒီမှာ စောင့်နေတဲ့ ဝန်ထမ်း သုံးလေးယောက်က တွဲတွေကို လက်နဲ့ အတင်းလိုက်ဆွဲ ကြတာ..၊ လျှပ်စစ်ဘရိတ်က ပျက်နေတာလား၊ မရှိတာပဲလားတော့ မသိဘူး၊ ကျနော်တို့က ဒုတိယတွဲဆိုတော့ သူတို့လက်နဲ့ ဆွဲပေမယ့် ပလက်ဖောင်းမှာ မရပ်ဘဲ အပြင်ဖက် ဟင်းလင်းပြင်ကို တခါ ကျွံထွက်သွားပြန်ရော၊ နောက်မှ ဝန်ထမ်းတစ်ယောက်က အသာ ပြန်လာဆွဲတယ်၊ တခြား ရေလွှာလျှောစီးတာ၊ တိုက်ကားမောင်းတာ၊ အစရှိသဖြင့် တော်တော် စုံအောင် လုပ်ထားတယ်၊ ကျနော် လေ့လာမိသလောက် မိသားစုတွေ၊ ကလေးတွေကလည်း အားလုံး အေးအေးဆေးဆေးနဲ့ အပန်းဖြေလို့..၊ သူတို့ကို ကြည့်ပြီး ကျနော်လည်း စိတ်လက်ပေါ့ပါး လာတယ်၊ ကစားကွင်းတွေက အရည်အသွေးပိုင်း ဆိုင်ရာမှာ လိုနေသေးပေမယ့် မြန်မာ ကလေးငယ်တွေလည်း တခြားနိုင်ငံတွေ မှာလိုပဲ အထိုက်အလျောက် ကစားခွင့် ရတာကို သဘောကျနေ မိတယ်၊ ကျနော်တို့ ငယ်ငယ်တုန်းက ဒီလိုမျိုးတွေ မရှိတဲ့အပြင် အဖေနဲ့အမေကလည်း ပန်းခြံတို့၊ ကစားကွင်းတို့ကို လိုက်ပို့ဖို့ အဆင်မပြေတာက ခပ်များများရယ်...၊


'မြေကြီးပေါ်မှာ ရနိုင်တဲ့ ပရဒိသုဘုံက ကော်ဖီတစ်ခွက်'..တဲ့၊ ခွက်ရဲ့ အတွင်းထဲက စာတန်းလေးကို သဘောကျနေ မိတယ်၊ တကယ်လည်း ကောင်းပါတယ်၊ Black Canyon ကော်ဖီကို မှာတဲ့အခါ ဘီစကစ်လေး တွေရယ်၊ ရေနွေးကြမ်းလေး တစ်ခွက်ရယ်ပါ တွဲချပေးတယ်၊ ခါးသက်သက် ကော်ဖီမှာ ဘီစကစ်က ဂျုံအရသာရယ်၊ ရေနွေးကြမ်းက စံပယ်ပန်း လက်ဖက်ခြောက်နံ့ရယ် ရောလိုက်တော့ မြေကြီးပေါ်ကနေ ပရဒိသုဘုံကို ရောက်သွားသလိုပဲ..၊ အထူးသဖြင့် ပျင်းရိ၊ လေးတွဲပြီး ငိုက်မြည်းချင်စရာ ရန်ကုန်ရဲ့ နေ့လယ်ခင်းတွေကို ထုတ်ချင်းခတ် ဖြတ်ဝင်သွားဖို့ အကောင်းဆုံး အဖော်မွန် ပါပဲ၊ Summit Parkview ဟိုတယ်ဘေးက ကော်ဖီဆိုင်လေးပါ၊ ဆိုင်နာမည် ကလည်း Black Canyon ပါပဲ၊


ဗိုလ်ချုပ်ဈေးကို ရောက်ရင် တီရှပ်ဆိုင်တွေကို ကျနော် သွား,သွားငေး ဖြစ်ပါတယ်၊ ဝယ်တာ မဝယ်တာထက် အရောင်စုံတာ၊ တီရှပ်ပေါ်က ပန်းချီ၊ ကာတွန်းလေးတွေကို သဘောကျလို့ပါ၊ တစ်ခါတုန်းကတော့ ချက်ပလက်လို့ ကျနော်တို့ ခေါ်ကြတဲ့ ဘတ်စကားအိုကြီးမှာ လူတွေ တိုးလို့တွဲလောင်း စီးနေကြတဲ့ ကာတွန်းပုံ ပါတဲ့ တီရှပ်လေး တစ်ထည် ဝယ်ခဲ့ဖူးတယ်၊ ကာတွန်းလေးက တကယ်ချစ်စရာ ကောင်းတယ်၊ ဆရာ စိုးသော်တာရဲ့ လက်ရာပါ၊


ဒီဆိုင်ကတော့ ကျနော် သွား,သွားငေးတဲ့ဆိုင် မဟုတ်ပါဘူး၊း) အဲဒီမှာ အမှတ်တရ ပစ္စည်း သွားဝယ်တာလည်း မဟုတ်ရပါဘူး၊ ဒီဆိုင်ရဲ့ အရှေ့ကဆိုင်မှာ မအိမ်သူက ဆွဲကြိုးလေး၊ လက်စွပ်လေး ကြည့်နေတုန်း ကျနော်က ဘေးမှာရပ်စောင့်ရင်း ဒီဆိုင်းဘုတ်ကို တွေ့လိုက်တာပါ၊ ဇာဘော်လီ ညွန့်ညွန့်ဆိုတာ တချိန်က နာမည်ကြီးလို့ ထင်တာပဲ၊ အဒေါ်တွေ ပြောတာ တခါတလေ ကြားဖူးတယ်၊ အခု ရန်ကုန်မှာ အမျိုးသမီးတွေ ကြီးကြီးငယ်ငယ် ဂျင်းဘောင်းဘီ အတိုအရှည်နဲ့ ဖြစ်ကုန်ကြတော့ ဒီလို ဇာဘော်လီ ဆိုတာမျိုးကော ဝတ်ကြသေးရဲ့လား မသိဘူး၊ ကြိုးပျောက်တို့၊ တစ်ချောင်းတို့၊ နှစ်ချောင်းတို့ ကြားမှာ ဇာဘော်လီ ညွန့်ညွန့်ရဲ့ ဈေးကွက်က ဘယ်လောက်အထိ ထိခိုက်မှု ရှိနိုင်သလဲ၊ ဒါမှမဟုတ် ဒါဟာ ပါစင်နယ်လ်ဖြစ်လို့ ကိုယ်တိုင်းနဲ့မှ စိတ်တိုင်းကျတယ်လို့ ဆိုသူတွေကော ရှိသလား၊ သွားမေးလို့ ကောင်းတဲ့ကိစ္စ မဟုတ်လို့ ဓါတ်ပုံလေး တစ်ပုံပဲ ရိုက်ပြီး ကျနော် တိတ်တိတ်ကလေးပဲ နေလိုက်ပါတယ်၊း)


ဗိုလ်ချုပ်ဈေးရဲ့ နာမည်ကြီး ပေါင်ချိန်စက်..၊ ကျနော် ခပ်ငယ်ငယ်တုန်းက ဒီစက်ပေါ်မှာ တစ်ခါ တက်ရပ်ဖူးတယ်၊ ထွက်လာတဲ့ လက်မှတ်က အချစ်ရေး မကောင်းနိုင်ဘူး-တဲ့၊ ဘိုဘိုဟန်ရဲ့ သီချင်းထဲကလို ပါပဲ၊ နှစ်တွေ အများကြီး အကြာမှာ ရန်ကုန်မြို့ကြီးက အလေးချိန်တွေ တိုးလာပေမယ့် ဒီပေါင်ချိန်စက်ကတော့ ဒီအရောင်၊ ဒီနေရာမှာ ပါပဲ၊ အဲ.. အခုနေ ချိန်ကြည့်ရင် အပြောင်းအလဲသို့ ဦးတည်နေသော ကာလဖြစ်သည်ဆိုတဲ့ လက်မှတ်များ ထွက်လာလေ မလား..၊


ဇော်ဂျီဟောက်စ်မှာ ထိုင်နေတုန်း ဝင်းအပြင်ဖက်ကနေ ပို့စကတ် လှမ်းရောင်းနေတာ...၊ ဟိုး အရင်အတိုင်းပါပဲ၊ ပုဂံဘုရား ပုံတွေကို ၁၀ ခု၊ အခု ၂၀ တွဲပြီးတော့ တစ်ဒေါ်လာ၊ နှစ်ဒေါ်လာ စသဖြင့် ရောင်းကြတယ်၊ သူ့ရဲ့ ဘယ်ဖက် လက်ထဲက အကြွေစေ့တွေကို ကျနော် လှမ်းငေးနေ မိတယ်၊ ကျနော်တို့ ကလေးဘဝ တုန်းက အဲဒီ အကြွေတွေ တကယ်ပဲ သုံးခဲ့ဖူးတာ အခုပြန်တွေးတော့ အိပ်မက်လိုလိုနဲ့..၊ ဆင်ရုပ်စုဗူးထဲက တစ်မတ်စေ့တွေ ခိုးထုတ်ပြီး ဇီးထုပ်တစ်ထုပ် တစ်မတ်နဲ့ အများကြီး သွားဝယ်စားတာ ပြန်အမှတ်ရတယ်..၊


ဒဂုံဘီယာကို အခုလို နှစ်တွေကြာပြီး ပြန်များ ကောင်းလာမလား ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သောက်ကြည့်တာ..၊ ဇော်ဂျီက ဆေးကြိမ်လုံးနဲ့ လှမ်းတို့ပြီး အဖတ်ဆယ်တာတောင် မရပါဘူးဗျာ..၊း)


ကျနော်က ကွမ်းမစားပေမယ့် ကွမ်းယာဆိုင်လေး တွေကိုတော့ သဘောကျတတ် ပါတယ်၊ တချို့ကွမ်းယာဆိုင် တွေက စိတ္တဇပန်းချီ ဆရာတစ်ယောက်ရဲ့ အလုပ်ရုံနဲ့ တူတယ်၊ အဲဒီမှာ အဖြူရောင်၊ အနီရောင်၊ အစိမ်းရောင်.. ဆေးရောင်စုံတွေ ပေပွပြီး အစီအစဉ်မကျ ရှိနေလိမ့်မယ်၊ တချို့ဆိုင်လေး တွေကျတော့ သန့်သန့်ရှင်းရှင်းနဲ့ သပ်ရပ်လို့..၊ ဒီဆိုင်လေးကတော့ ရန်ကုန်ရဲ့ ခြစ်ခြစ်တောက် နေရောင်အောက်မှာ နှင်းဆီတစ်ပွင့်နဲ့ ရဲရဲနီနေ ခဲ့တယ်..၊


ဟိုး ခပ်လှမ်းလှမ်းက ရန်ကုန်မြစ်ဝကို ကျနော် လှမ်းငေးနေ မိတယ်၊ မှုန်မှိုင်းမှိုင်း ကောင်းကင်အောက်မှာ ရန်ကုန်မြစ်ဟာ သဲကန္တာရထဲက မြွေတစ်ကောင်လိုမျိုး ခွေဝိုက်တွန့်လိမ်လို့..၊ ပင်လယ်ဖက်ကို ခေါင်းတည်ပြီး တငြိမ့်ငြိမ့်နဲ့ တွားသွားနေတယ်၊ ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုဇွန်တောင်ချောင်း သုံးခုဆုံရာ နေရာကို စိတ်မှန်းနဲ့ ရှာနေမိတယ်၊ ဓမ္မစေတီမင်း ခေါင်းလောင်းကြီး ရှိနေတာ အဲဒီနေရာမှာ မဟုတ်လား၊ အဖွဲ့ပေါင်းများစွာ ရှာခဲ့ကြ ပြီးပြီ၊ ရှေ့မှာလည်း စိတ်ဝင်စားတဲ့ အဖွဲ့တွေ အများကြီး စောင့်နေသေးတယ်၊ အခုချိန်ထိတော့ ခေါင်းလောင်းကြီးက ရေအောက်ကနေ စိန်ခေါ်နေဆဲပဲ၊


အိုမင်းနေတဲ့ တိုက်ဟောင်း၊ တိုက်သစ်နဲ့ ဆောက်လုပ်ဆဲ တိုက်တွေကြားမှာ ဗဟိုတရားရုံးကြီးက ဥပဒေတွေနဲ့ ပိကျလေးလံပြီး ဝပ်စင်းလို့...၊ ဟိုးအရင် ကိုလိုနီ ခေတ်တုန်းကတော့ ဘေးပတ်ဝန်းကျင်မှာ အဆောက်အဦး ကြီးကြီးမားမား မရှိဘဲ သူ့တစ်ခုတည်း ခန့်ထည်နေခဲ့ လိမ့်မယ်၊ ဟိုး ခပ်လှမ်းလှမ်း မှာတော့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်းရုံးရဲ့ ရေကြောင်းမျှော်စင်ကို လှမ်းမြင်နေရတယ်၊ ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေဟာ ဒီ ရန်ကုန်မြစ်ကြောင်း အတိုင်း သင်္ဘောတွေနဲ့ စုန်ချည်ဆန်ချည် ဝင်ထွက်သွားလာ နေခဲ့ကြ လိမ့်မယ်၊ ဘာ့ကြောင့်လဲတော့ မသိဘူး၊ ရန်ကုန်ကို ငှက်တစ်ကောင်ရဲ့ နေရာကနေ ကြည့်ရတဲ့အခါ ဟိုးခေတ်ဟောင်း ကာလတွေကို စိတ်မှန်းနဲ့ မြင်ယောင်ကြည့်နေ မိခဲ့တယ်၊ အထူးသဖြင့် ကိုလိုနီခေတ်ကို...၊ မြင်းစီး အင်္ဂလိပ်တွေ၊ သူတို့ရဲ့ဘေးက အင်္ကျီဗလာနဲ့ ခြေကျင်လျှောက် အသားမည်းမည်း ဗမာတွေ၊ အိန္ဒိယ အနွယ်တွေ၊ ကုန်သည်တွေ၊ စစ်ပုလိပ်တွေ...၊ ဒီလူတွေဟာ အခုလို တိုက်တာတွေ မရှိတဲ့ ရန်ကုန်ရဲ့ လမ်းတွေပေါ်မှာ၊ ဖုန်လုံးကြီးတွေ ကြားမှာ လျှောက်သွားနေခဲ့ ကြမှာပဲ..၊


ကြည့်ပါဦး၊ ဟောဒါ ကျနော်ချစ်တဲ့ ရန်ကုန်ပေါ့၊ ရန်ကုန်ဟာ ကျနော့်ရဲ့ အောက်ဖက် ခပ်နိမ့်နိမ့်မှာ ရှိနေပေမယ့် အပေါ်စီးကနေ ကျနော် မကြည့်ရက်ပါဘူး၊ သူ့မှာက သူ့ဟာနဲ့သူတောင် ဒုက္ခတွေ ပင်လယ်ဝေနေ ခဲ့ရတာပါ..၊ ဒီမြို့ဟာ သူ့ကို အယောင်ဆောင် ချစ်ခဲ့သူတွေကို ကြုံခဲ့ရတယ်၊ လူ,လူချင်း ဖျံကျချင်သူတွေ တက်နင်းတာ ခံရတဲ့မြို့၊ မေးစေ့နှစ်ထပ် ရှိတဲ့ လူဝကြီးတွေရဲ့ ပါတိတ်အင်္ကျီ အိတ်ထဲ အထည့်ခံရတဲ့မြို့၊ ကာရာအိုကေမှာ မူးမူးနဲ့ ဟိုကိုင်ဒီကိုင် လုပ်တာ ခံရတဲ့မြို့၊ ပိုက်ဆံ အထုပ်လိုက် ကိုင်သုံးသူတွေကို ညှိုးညှိုးငယ်ငယ်နဲ့ မော့ကြည့်နေရတဲ့မြို့၊ မညောင်းမညာဘဲ အနှိပ်ခန်းသွားဖို့ ချောင်းနေတဲ့မြို့၊ အထည်ကြီးပျက် ပါကွာလို့ ယိုးစွပ်ခံရတဲ့မြို့၊ ဗိုက်ဟောင်းလောင်းနဲ့ ကလေးတွေ အော်ငိုနေတဲ့မြို့၊ ပုန်ကန်တဲ့ကောင်လို့ အညှိုးအတေး အထားခံရတဲ့မြို့၊ မိုးကလေး တဖြိုက်လောက် ရွာတိုင်း ရေတွေအိုင်ထွန်းပြီး မရှူနိုင် မကယ်နိုင် ဖြစ်ရတဲ့မြို့၊ ချစ်သူတွေက စွန့်ခွာ ချန်ခဲ့ တာကို ရင်စည်းခံနေရတဲ့မြို့၊ ..... .....မြို့၊ .... .... မြို့၊ .....၊

ဦးအောင်ဇေယျကတော့ ရန်အပေါင်း ကုန်စင်ပါစေတော့ ဆိုပြီး ဟောဒီ တံငါရွာလေးကို စေတနာ ထားခဲ့မှာ သေချာပါတယ်၊ မြစ်နား၊ ချောင်းနား နီးလို့လည်း ကုန်းလမ်း၊ ရေလမ်းနဲ့ သွားလမ်း၊ လာလမ်း ဖြောင့်ဖြူးခဲ့ပေ လိမ့်မယ်၊ ကိုလိုနီခေတ် အင်္ဂလိပ်က မြို့ကွက်ရိုက်ပြီး စနစ်တကျ တည်ပေးလိုက်တော့ ရန်http://www.blogger.com/img/blank.gifကုန်ဟာ နေ့ချင်းညချင်း မြို့ကြီးသား ဖြစ်လာခဲ့တယ်၊ မြစ်တွေ၊ ချောင်းတွေ ရှိတဲ့၊ ပင်လယ်ဆိပ်ကမ်း ရှိတဲ့ မြို့တွေကို ကျနော် သဘောကျတယ်၊ မြစ်တွေ၊ ချောင်းတွေ ခြံရံပြီး စိမ်းစိမ်းစိုစို ရှိတဲ့ ရန်ကုန်ဟာ ကျနော့်အတွက်တော့ လှတဲ့ မြို့တစ်မြို့ပါပဲ၊ ဒါပေမယ့် အဲဒီလို မြစ်နား၊ ပင်လယ်နား နီးနေတာကပဲ သူ့ကို မြို့တော် အဖြစ်က လျှောကျ စေခဲ့သလားလို့ တခါတရံ တွေးချင်စရာ...၊ ဘာပဲဖြစ်ဖြစ် အိုင်းနာကြီး၊ အမှိုက်ပုံကြီး စသဖြင့် တချို့တွေက စိတ်နာနာနဲ့ ခေါ်တတ်တဲ့ ဟောဒီ ရန်ကုန်မြို့ကို ကျနော်ကတော့ ချစ်ခင်တွယ်တာ နေတုန်းပါပဲ...၊ ကျားပေါက်သီချင်း ထဲကလို 'ပြန်အဆင်ပြေမှာပါ၊ စိတ်မကောင်း မဖြစ်လိုက်နဲ့..' လို့ပဲ နှစ်သိမ့်ချင်ပါတယ်၊

ကျနော့်ရဲ့ အာရုံတွေ ပျံသန်းလူးလွန့် ခဲ့တဲ့ နိုင်ငံကလေးက ခရီးစဉ်ကို ချစ်သောရန်ကုန်ရဲ့ ပို့စ်နဲ့အတူပဲ အဆုံးသတ်ပါတယ်၊ ရွှေတိဂုံ သွားခဲ့တဲ့ အကြောင်းကတော့ နောက်မှ သီးသန့်ပို့စ် အနေနဲ့ တင်ဖို့ စဉ်းစားထားပါတယ်၊ အခုဒီ နောက်ဆုံးပို့စ်ကျမှ ကပ်ပြီး တစ်နေ၊ ကြန့်ကြာနေတာကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်း၊ နားလည်ပေးကြတဲ့ ညီအစ်ကို၊ မောင်နှမ အယောက်တိုင်းကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျား...။ ။


ညီလင်းသစ်
၈ ဇွန်၊ ၂၀၁၂

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved