ချဲနံပါတ်ရချင်ရင် အနမ်းခံရမယ်
Saturday, August 18, 2012
၈ မိနစ်ကျော်ကြာ ဗီဒီယိုပြကွက်တခုကို အွန်လိုင်းမှာ မနေ့က ထပ်ပြီး ဖြန့်နေကြပြန်ပါပြီ။
ချဲနံပါတ်ပေးတယ် ဆိုတဲ့ သင်္ကန်းဝတ်ပုဂ္ဂိုလ် နဲ့ ချဲနံပါတ်တောင်းဟန်တူတဲ့လူအုပ်စုတခုတို့ကို မှတ်တမ်းတင်ထားတာပါ။
နံပါတ်တွေက ဒီတိုင်းပေါ်လာဟန်မတူပါ။
လူအုပ်ထဲက အမျိုးသမီးတဦးကို အချိန်အတော်ကြာ ပွေ့၊ ဖက်၊ နမ်းပြီးမှ နံပါတ်တွေ ထွက်လာပါတယ်။
ထွက်လာတဲ့နံပါတ်များကို တခြားသူများက လိုက်လံတွက်ချက်မှတ်သားဟန်တူတဲ့ ပြကွက်များလည်း ပါဝင်ပါတယ်။
ရမည်းသင်းမြို့နယ် တနေရာမှာရိုက်ကူးထားတယ်လို့ပဲ မှတ်တမ်း အစမှာ စာတန်းထိုးပါတယ်။
သို့သော်လည်း "အဲဒီကိစ္စက 2008 ခုနှစ်ကထဲကဖြစ်တဲ့ကိစ္စပါ။ ------ အရေးယူပြီးပါပြီ။ သာစည် ဘက်မှာပါ" လို့ တယောက်က မှတ်ချက်ပြုထားပါတယ်။
ဘယ်မှာရိုက်ထားသလဲ ဆိုတာ သိချင်ကြသလို နှစ်လုံးထီ၊ သုံးလုံးထီဂဏန်းရဖို့ ဘာကြောင့် ဒီလောက်တောင် ၀ါယမစိုက်နေရသလဲ ဆိုတာကိုလည်း သိချင်ကြမှာပါ။
"လောဘနောက်လိုက်တော့ ရှက်ရကောင်းမှန်းမသိကြဘူး စာမဖတ်ကြဘူး စာမတတ်ကြဘူး အသိဥာဏ်နည်းလိုက်ကြပုံများ" လို့ မှတ်ချက်ပေးသူ ရှိသလို တချို့ကလည်း အာဏာပိုင်များကို အပြစ်တင်ကြပါတယ်။
"အဲ့တာ ဘာသာရေး အသိနည်းလို့ဖြစ်ရတာ။ အသိများအောင် ဟောကြားဆုံးမနေတဲ့ ဆရာတော်တွေကျတော့ နည်းနည်းလေး အတိမ်းစောင်း မရှိနဲ့ ပညာပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ မဟန" လို့ ဆိုသူက ဆိုနေကြပါပြီ။
မြန်မာပြည်မှာ လောင်းကစားမှု နှိမ်နင်းမှုများ ရှိတယ်လို့ သိရပါတယ်။ နှိမ်နင်းတဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အသီးသီးက ၀န်ထမ်းတွေကြားထဲမှာတောင်မှ တရားမ၀င်ထီထိုးသူ၊ ဂဏန်းတွက်ဝါသနာပါသူ၊ ဂဏန်းရှာသူ၊ အတိတ်ကောက်သူတွေ ရှိမှာပါ။
တရားမ၀င်ထီကို နှိမ်နင်းဖို့ ဖမ်းဆီး စစ်ဆေး အပြစ်ပေးတဲ့နည်းလမ်းတခုတည်းနဲ့ အလုပ်ဖြစ်မယ် မထင်ပါဘူး။
ရမည်းသင်းမြို့နယ် တနေရာမှာရိုက်ကူးထားတယ်ဆိုတဲ့၊ Facebook မှ မနေ့က အစပြုပြီး ပြန်လည် လက်ဆင့်ကမ်း ကြည့်ရှုနေကြတဲ့ ဗီဒီယိုပြကွက်ထဲက ဂဏန်း အလေးအနက် ရှာဖွေနေကြပုံကို ကြည့်ရင် မြန်မာပြည်အနှံ့ ဒီပြဿနာ ဘယ်လောက် အမြစ်တွယ်နေတယ် ဆိုတာ သိနိုင်ပါပြီ။
တရားမ၀င်ထီအရေး ဖြေရှင်းရေးက ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့်ကို တာဝန်ပေးထားတာအပြင် တခြား နည်းလမ်းများကိုလည်း အာဏာပိုင်တို့ စဉ်းစားနေကြပြီလို့ ယူဆရပါတယ်။
ဘယ်နေရာဖြစ်ဖြစ် ယုံလွယ်သူတွေ ရှိတတ်ပေမယ့် ချဲဂဏန်းအတွက် အဲဒီလောက် ယုံလွယ်တာကတော့ လွန်လွန်းပါတယ်။
ဒီလို အယုံမလွယ်ကြဖို့ စာသင်ကျောင်းတွေက အများကြီး မသင်ပေးနိုင်သလို စာနယ်ဇင်းတွေကလည်း အမြဲတမ်း ရေးသားဖော်ပြ အသိပေးဖို့ ခက်ခဲပါလိမ့်မယ်။ ဒီလိုဖြစ်ရပ်များကို ထိန်ချန်မထားဘဲ ဖွင့်ချမှ၊ အများသိအောင် ရေးသားမှ အလိမ်တွေပေါ်ကြ၊ အသိအမြင် ပိုပွင့်လင်းကြမှာ ဖြစ်ပါတယ်။
ဖွင့်ချခွင့်ရဖို့လည်း လိုအပ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ ဗီဒီယိုပြကွက်ထဲကပုဂ္ဂိုလ်များ ရရှိခဲ့တဲ့ ဂဏန်းတွေ ဘယ်လောက်အထိ အလုပ်ဖြစ်ခဲ့ကြသလဲ၊ အဲဒီတုန်းက ထီပေါက်ခဲ့ကြသလားမပေါက်သလား ဆိုတာတော့ မသိရပါ။
သေချာတာကတော့ အဲဒီ ဗီဒီယိုပြကွက်က အွန်လိုင်းမှာ ပေါက်နေပြီ ဆိုတာပါပဲ။
5 comments :
  1. ဘုရားသားတော်စစ် said... :
    ရဟန်းအတု အစစ်သေချာ မသိရပေမဲ့ သာသနာ့အမှိုက် တောထွက်ကိုယ်တော်ကြီးတစ်ပါးဆိုတာတော့ ပုံမြင်ယုံနဲ့ သိသာပါတယ်။
    အမျိုးသမီးတွေ ချဲဂဏန်းယုံကြည်မှုလွန်ကဲလို့လဲ ဒီလို လူလိမ်တွေ စားသာနေတာပါ။
    ဘိုးတော်တွေဆို အဲဒီခေတ်က လမ်းပေါ်မှာ မမြင်ချင်အဆုံးပါ။
    လောင်းကစားဥပဒေအိပ်မောကျနေတဲ့ အမှောင်ခေတ်ပါ။
    ရဲတွေ မော်တော်ဆိုင်ကယ် တဗုံးဗုံးနဲ့ ဆက်ကြေးလိုက်ကောက်ပြီး "ချဲတစ်ခေတ်မှာ ရဲမဖြစ်တာ နာတယ်"ဟုပင် ပြောကြသောခေတ်ပါ။
    ပြည်တွင်းကလူတွေက ဒါကို အဆန်းမလုပ်တော့ပါဘူး။
  1. အောင်ကြူး said... :
    သာသနာ့အမှိုက် တောထွက်ကိုယ်တော်ကြီးတစ်ပါးလို့ ရင့်ရင့်သီးသီး သုံးနှုန်းထားတော့ မှတ်ချက်ပေးသူ စိတ်နေသဘောထား ကြည့်ရတာ ပရိယတ်မာန် သိပ်ကြွနေပုံရတယ်။ မြတ်စွာဘုရားလည်း တောထွက်၊ အခြားအဂ္ဂသာဝက၊ မဟာသာဝက၊ သာဝကကြီးများလည်း တောထွက်ဆိုတာ မမေ့နဲ့နော်။ မျက်မှောက်ခေတ် သာသနာမှာလည်း တောထွက်တွေ ခန္ဓာနဲ့ရင်းပြီး ပဋိပတ်၊ ပရိဝေဒ သာသနာပြုသွားတာ အထင်အရှား များစွာရှိတယ်။ တောထွက်ထဲမှာ အမှားအယွင်းများစွာရှိသလို စာတတ်ထဲမှာရော မရှိဘူးလား။ ဘယ်သူပိုများမယ်ထင်သလဲ၊ အကျင့် စရဏမှာ ဘယ်သူပိုသာမယ် ထင်သလဲ။ သိပ်ပညတ်နောက် မလိုက်ပါနဲ့ဗျာ။ သာသနာကွယ်တာ သာသနာပအကျင့်တွေလုပ်ကြလုပ်၊ သာသနာညှိုးတာ ပညတ်နောက် သိပ်လိုက်လွန်းလို့ပါ။
  1. Anonymous said... :
    ဒီဗွီဒီယိုရဲ့ အောက်ခြေမှာ ရခိုင်ရဟန်းတော်ဆိုပြီး ဖေစ့်ဘွတ်မှာ ဖြန့်နေကြပါတယ်။ သတိထားပြီး ပြန်လည် တုန့်ပြန်စေချင်ပါတယ်။အဖြစ်မှန်ကို ကမ္ဘာက သိအောင်။ တိဘက်ရဟန်းတော်တွေ အလောင်းတွေ မြှုပ်နေတာကို မြန်မာနိုင်ငံက ရဟန်းတွေက မူဆလင်တွေကို သတ်ဖြတ်တဲ့ပုံစံနဲ့ ဖြန့်တာကို သိကြပြီး ဖြစ်မှာပါ။ တတ်သိသူများ ပြန်လည်တုန့်ပြန်စေချင်ပါတယ်။
  1. Anonymous said... :
    တောထွက်ရဟန်းကြီးများအကြောင်း ဘုရားဟောကြားချက်(အင်္ဂုတ္တရနိကာယ၊ပဉ္စကနိပါတ၊၀ုဒ္ဓပဗ္ဗဇိတသုတ်များ၊)
    ပထမသံဂါယနာတင်ရခြင်းအကြောင်းပါဠိစာပေသမိုင်းတို့ကို အောင်ကြူးရှာဖွေဖတ်ရှုပါ။
    အဂ္ဂသာဝကကြီး ၂.ပါးတောထွက်ဖြစ်ကြောင်း
    မောင်အောင်ကြူး ဘယ်ကျမ်းကို ညွှန်းလိုပါသနည်း။
    ကျေးဇူးပြုပြီး ကျမ်းညွှန်းပေးပါ။
    ဘုရားရှင်တောထွက်သည်မှာ ငယ်စဉ် ကာမဂုဏ်စည်းစိမ်ခံစားနိုင်သေးသော အချိန်ကောင်းမှာ မြင့်မားသော ရည်ရွယ်ချက်ဖြင့် ထွက့်သည်။ ဆံဖြူသွားကျိုး ဆောက်ရိုးဖြစ်မှ တောထွက်သည်မဟုတ်ဟု သိပါလေ။
  1. အောင်ကြူး said... :
    အဲလိုဆို ပရိယတ်အာဂုံဆောင်ဘုန်းကြီး စာပေမတတ် ရဟန္တာာကို ပြစ်မှားလို့ ဘုရားရှင်ကိုယ်တော်တိုင် လူပုံအလယ် ချေချွတ်ဆုံးမခဲ့ရတာတွေ၊ စာတတ်လွန်းလို့ တရားမရနိုင်တဲ့အဖြစ်တွေ၊ ငယ်ဖြူဆိုပြီး သာသာနာအတွက် အကျိုးမများတဲ့သူတွေ အကြောင်းလည်း ရှာဖွေကြည့်ပါအုံး။ ကိုယ်ပြောချင်တာတခုထဲ ကိုယ်နဲ့မတူတိုင်း တိုက်ခိုက်ဖို့ ပိဋကတ်ကို အသုံးချတာ မဖြစ်ပါစေနဲ့ဗျာ။ မြတ်စွာဘုရားက ပရိယတ် ပဋိပတ် ပရိဝေဒ သာသနာသုံးရပ်မှာ ဘယ်သာသနာကို အဓိကတိုက်တွန်းသွားခဲ့တယ် မှတ်သလဲ။ စာအုပ်ကြီးကိုင် မပြောနဲ့နော်။ အဓိက ပြောချင်တာ တောထွက်တိုင်း အထင်ကြီးစရာ မလိုသလို စာတတ်တိုင်း မှန်တယ်ထင်သလား။ (ဘုရားဟော စာပညတ်များကို အရိုအသေပေးနေရလို့ ဒီလောက်ပဲ ပြောတယ်မှတ်ပါ။)
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved