အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၂)

Thursday, August 9, 2012


ညီလင်းသစ် ~


လမ်းမှာတုန်းက ကျနော်စဉ်းစားထား တာက ရန်ကုန်လေဆိပ်ကို လေယာဉ် ဆိုက်တဲ့အခါ လေယာဉ်ပြူတင်း ကနေ ဓါတ်ပုံလေး တစ်ပုံ၊ နှစ်ပုံလောက် ရိုက်မယ်လို့...၊ ဒါပေမယ့် စင်ကာပူလေဆိပ်က စ,ထွက်ကတည်းက သားကလေးက အိပ်ပျော်သွားလိုက်တာ ရန်ကုန်လေဆိပ် ရောက်တာလည်း မနိုးသေးဘူး၊ ကျနော့် ပေါင်ပေါ်မှာ အဆန့်သားကို မလှုပ်မယှက်နဲ့..၊ ဒါနဲ့ပဲ ဓါတ်ပုံကိစ္စကို လက်လျှော့လိုက်ရ တော့တယ်၊ လေယာဉ်ပေါ်မှာ ရှိသမျှ လူတွေ အကုန်ဆင်းသွား ပြီးမှ ကျနော်တို့ ဆင်းတယ်၊ သားကို လမ်းလျှောက်ခိုင်းဖို့ ဘယ်လိုမှ နှိုးလို့မရတာနဲ့ ကျနော်တို့ တစ်ယောက်တလှည့်စီ ချီလာရတယ်၊ လေဆိပ်ထဲက လဝက ကောင်တာမှာ တိုးရစ်စ်တွေ အများကြီး တန်းစီနေတာ တွေ့တယ်၊ ရန်ကုန်လေဆိပ်မှာ တိုးရစ်စ်တွေ ဒီလောက်များတာ တခါမှ မတွေ့ဖူးဘူး၊ ကျနော်တို့ မတိုင်ခင် တခြား လေယာဉ်တစ်စင်းလည်း ဆိုက်ထားတော့ ခရီးသည်တွေ ဆိုတာ လေဆိပ်မှာ ပျားပန်းခပ်ပဲ၊

လေဆိပ်အသစ်က ဖွင့်ကာစတုန်းက အရင်အဟောင်းနဲ့ ယှဉ်တော့ ကြီးသလိုလို ထင်ရတယ်၊ အခုတော့ လေယာဉ်လေး ၂ စင်းက ခရီးသည်တွေနဲ့တင် ပြည့်လုလုပဲ..၊ စာရွက်စာတမ်း ကိစ္စတွေအားလုံး အဆင်ပြေ ပါတယ်၊ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေလည်း ပြောဆို၊ ဆက်ဆံတာ တကယ့်ကို ချိုချိုသာသာနဲ့..၊ ဒီတခါတော့ မြန်မာခရီးသည်တွေလည်း တိုးရစ်စ်တွေလိုပဲ ကောင်တာရှေ့မှာ တားထားတဲ့ လိုင်းနောက်မှာ စည်းကမ်း ရှိရှိ ရပ်စောင့်ပြီး တစ်ယောက်ပြီးမှ တစ်ယောက် ကောင်တာကို သွားကြတာ သတိပြုမိတယ်၊ အရင်တုန်းကလို ပြုံပြီး တိုးနေတာမျိုး မရှိတော့ဘူး၊ ဒီလို အခြေအနေတွေ မြင်ရတာ တကယ်ပဲ စိတ်ချမ်းသာစရာ ကောင်းပါတယ်၊ ကျနော်တို့ကို အဖေနဲ့အမေ လာကြိုကြတယ်၊ သူတို့ရဲ့ မြေးကလေး ကတော့ အဖိုးနဲ့အဖွားကို ထ,မကြည့်နိုင်ဘူး၊ ကျနော့် ပုခုံးပေါ်မှာ တရှူးရှူးနဲ့ အိပ်မောကျတုန်း..၊ ရန်ကုန်ရဲ့ လေနွေးနွေးတွေဟာ လေဆိပ်တံခါးက ထွက်ထွက်ခြင်းမှာပဲ တကိုယ်လုံးကို ပက်ဖြန်း၊ ပုတ်နှိုးလိုက်တယ်၊ ဒါဟာ ကျနော်သိတဲ့ ရန်ကုန်မှ ရန်ကုန်အစစ် ပါပဲ..၊ အခုတော့ ကျနော့် တကိုယ်လုံးလည်း ပူနွေးလို့ ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်နေခဲ့ ပြီပေါ့...၊


ကျနော်တို့ အင်းယားလိတ် ဟိုတယ်မှာ တည်းဖြစ်ပါတယ်၊ မနှစ်က ဇူလိုင်လ ကတည်းက ကြိုပြီး အခန်းဘွတ်ကင် လုပ်ထားခဲ့လို့သာ အဆင်ပြေတာလို့ ပြောရမှာပါပဲ၊ ကျနော်တို့ ရောက်တဲ့ အချိန်မှာ ဟိုတယ်က ရှိသမျှ အခန်းတွေ အကုန်ပြည့်နေပြီလို့ သိရတယ်၊

နောက်တစ်နေ့ မနက် ၆ နာရီ လောက်မှာ ကျနော် နိုးလာခဲ့တယ်၊ တကယ်ဆို jet lag နဲ့ဘာနဲ့ နေမြင့်မှ နိုးသင့်ပေမယ့် အဲဒီမနက်ကတော့ လန်းလန်းဆန်းဆန်းကို နိုးလာတယ်၊ ဒါနဲ့ ဝရန်တာကို ထွက်ပြီး ငှက်ကလေးတွေ သီချင်းဆိုသံကို နားထောင်နေ မိတယ်..၊


ဝရန်တာကနေ မြင်ရသမျှ သစ်ပင်တွေ၊ ဝါးပင်တွေကို လိုက်ငေးရင်း သဘာဝ တရားထဲမှာ လုံးဝကို နှစ်မြုပ်၊ ပျော်ဝင် ပစ်လိုက်တယ်၊ မနက် ၆ နာရီရဲ့ အပူချိန်ဟာ မပူ၊ မအေးနဲ့ တကယ့်ကို နေလို့ကောင်းရုံ ပါပဲ၊ တဖက်ကို လှမ်းကြည့်လိုက်တော့ dining room...၊


မနက်စောစော ဖွင့်ကာစမို့ ထင်တယ်၊ လူရှင်းနေ သေးတယ်၊ ဒီလို သာယာတဲ့ မနက်ခင်း တစ်ခုကို အခုလို ဝရန်တာလေး ပေါ်ကနေပဲ မြင်ကွင်း အကန့်အသတ်နဲ့ ကုန်ဆုံးပစ်လိုက် ရမယ်ဆိုရင် ဘယ်လောက် နှမြောစရာ ကောင်းလိုက်မလဲ၊ အဲဒီလို အတွေးဝင်လာလို့ အခန်းထဲ ပြန်ဝင်၊ ညဝတ် အင်္ကျီလဲ၊ ခပ်မြန်မြန် သွားတိုက်ပြီး ကင်မရာဆွဲလို့ အောက်ဖက် ဆင်းလာလိုက်တယ်၊ ကျနော် ဟိုတယ်အပြင်ဖက် အရောက်မှာပဲ နေထွက်လာတာနဲ့ ကြုံလိုက်တယ်...၊


သိပ်တော့ မလှပါဘူး၊ ဒါပေမယ့် ဒါဟာ ရန်ကုန်က ကျနော့်ကို ပေးခဲ့တဲ့ ပထမဦးဆုံး sunrise ပဲ မဟုတ်လား၊ အုန်းလက်ကြားကနေ ရနိုင်သလောက်လေး ကျနော်ခံစား ခဲ့တယ်..၊ ခဏကြာမှ ဟိုတယ်တစ်ပတ် လမ်းလျှောက် ပါတယ်၊


အင်းယားရေပြင်ကတော့ အအိပ်မက်တဲ့ မိန်းမပျို တစ်ယောက်လို လှလှပပနဲ့ အိပ်မောကျနေတုန်း ပါပဲ၊ သူနိုးသွားမှာ စိုးတာနဲ့ ကျနော်လည်း သူ့ဘေးကနေ ခြေသံဖွဖွနဲ့ပဲ အသာလျှောက်ခဲ့တယ်၊ ကန်တွေရဲ့ ရေပြင်ငြိမ် အလှဟာ သဘောကျစရာ ကောင်းပါတယ်၊


ဒီလိုမျိုး အုန်းပင်တွေ၊ ထန်းပင်တွေကို အစီအရီ မမြင်ရတာ ကြာပါပြီ၊ ကျနော် ထိုင်ငေးနေ မိတယ်၊ မနက်ခင်းဟာ မြူပုဝါပါးလေး ခြုံသိုင်းလို့ စင်စင်ကြယ်ကြယ်နဲ့ လှလိုက်တာ...၊

အတော်လေးကြာမှ အခန်းထဲကို ပြန်တက်လာ ခဲ့တယ်၊ ဟိုသားအမိက အဲဒီတော့မှ လူးလူးလွန့်လွန့်နဲ့ ခပ်ဖြေးဖြေး နိုးလာကြတယ်၊ သူတို့ အဆင်သင့် ဖြစ်တော့ ကျနော်တို့ မနက်စာ သွားစားကြ ပါတယ်၊


ဒါ ရန်ကုန်မှာ ကျနော့်ရဲ့ ပထမဦးဆုံး မနက်စာရဲ့ ပထမဦးဆုံး ခွက်ပါပဲ၊ သေချာတာ ပေါ့ဗျာ၊ မုန့်ဟင်းခါးက လွဲလို့ ဘာများ ဖြစ်နိုင်ဦးမှာလဲ..၊ အင်းယားလိတ်မှာ မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲကို မနက်စာ အတွက် တနေ့တမျိုး ချက်ပါတယ်၊ အဲဒီနေ့က မသိလို့ အဲဒီလို ပန်းကန်လုံးလေးနဲ့ စားခဲ့ရတာ..၊ နောက်နေ့မှာတော့ မရတော့ဘူး၊ မုန့်ဟင်းခါး စားတိုင်း ဟင်းချိုသောက်တဲ့ ပန်းကန်လုံး ခပ်ကြီးကြီးကို တောင်းပြီး ထည့်စား တော့တယ်၊ ဘာရမလဲ..၊ လူကိုများ တိုးရစ်စ် အောက်မေ့လို့...၊း)


မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ အပြင် အခုလို ဆန်ပြုတ်လည်း ရပါတယ်၊ သိပ်တော့ မကြိုက်ဘူး၊ ကျနော်က အာရှ အစားအစာ မြင်သမျှ စားကြည့်မယ်ဆိုတဲ့ စိတ်နဲ့မို့ မြည်းကြည့်တာ၊ နောက်ရက်တွေမှာ မစားတော့ဘူး၊ ကျန်တာကတော့ ဟိုတယ်တွေထုံးစံ international breakfast ပါပဲ..၊ တကူးတက စာမဖွဲ့လောက် ပါဘူး၊

မိဘတွေအိမ် သွားရင်းနဲ့ သားက လမ်းမှာ ဆိုက်ကားတွေ တွေ့သွားတယ်၊ သူ တခါမှ မမြင်ဖူးဘူး၊ ဘယ်လို ခေါ်မှန်းလဲ မသိဘူး၊ သူသိတာက စက်ဘီးနောက်မှာ တပ်ပြီး ဆွဲရတဲ့ သူစီးနေကျ လှည်းကလေး..၊ ဆိုက်ကားကို သူ စိတ်ဝင်စားတာနဲ့ ကျနော်လည်း ပေးစီးလိုက်တယ်..၊


သူတို့ မြေးအဖိုးနှစ်ယောက် ဆိုက်ကားတစ်စီး ငှားပြီး ရွာရိုးကိုးပေါက် လျှောက်စီးကြတယ်..၊ Sightseeing by trishaw ပေါ့လေ...၊း)


ဒါကတော့ အမေ့လက်ရာ နေ့လယ်စာပါ၊ ရိုးရိုးလေးပါပဲ၊ မေတ္တာဟာ အလျားအနံ မရှိဘူး၊ ဘာညာ ပြောကြပေမယ့် အရသာတော့ ရှိမယ်ထင်တယ်၊ အမေ့မေတ္တာ ထည့်ချက်တဲ့အခါ လူစားတဲ့ ဟင်းပေမယ့် နတ်သုဒ္ဓါ ဖြစ်,ဖြစ်သွား တတ်တယ်၊ သားသမီးတွေ အဖို့ အသက်တွေ ကြီးလာလေလေ၊ အမေတွေရဲ့ လက်ရာဟာ ပိုပြီး အရသာ ရှိလေ လေပဲ ဖြစ်မယ် ထင်ပါရဲ့ဗျာ...၊

ညနေပိုင်းမှာတော့ ရွှေဂုံတိုင် မီးပွိုင့်အလွန်က 'ရွှေကောင်း' မှာ ဟော့ပေါ့တ် သွားစားကြတယ်၊ အရင်တုန်းက ကျနော်သိတဲ့ ဟော့ပေါ့တ်က Summit Parkview ဟိုတယ်က ကိုကာဆူကီ ဟော့ပေါ့တ်ပါ၊ အခုတော့ ဒီလိုမျိုး ဟော့ပေါ့တ်ဆိုင်တွေ အတော်များလာတာ သတိထား မိတယ်၊


တစ်အိုးထဲမှာပဲ အစပ်နဲ့ အချိုကို တဝက်စီ ထည့်လို့ရအောင် လုပ်ထားတယ်၊ ဟင်းရည်က ကြက်သားဟင်းရည်ပါ၊ အရည်ထဲ ထည့်ဖို့ ဟင်းတွေကတော့ အတော်လေး စုံပါတယ်၊ အသားစုံ၊ အရွက်စုံ အပြင် ပင်လယ်စာတွေပါ ရတယ်၊ ပန်းကန်ပြားလေး တွေထဲမှာထည့်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားတယ်၊ ဈေးက တစ်ပန်းကန် ၄၀၀ လောက်ကနေ ၁၂၀၀ လောက်အထိ ရှိပါတယ်၊ တစ်ပန်းကန် ၄၀၀ ဆိုတာ မများဘူး ထင်ရပေမယ့် ဘာမှ သိပ်မပါ ပါဘူး၊ ဒီတော့ ပန်းကန်တွေ ခပ်များများမှာဖို့ လိုပါတယ်၊ ဆိုတော့ ဝိုင်းရှင်းတဲ့ အခါ ကျသင့်ငွေလည်း မြင့်ပြီပေါ့၊

ကျနော်တို့ ၂ ခါ သွားစားဖြစ် ပါတယ်၊ ပထမ တခါက ၅ ယောက်ဝိုင်း..၊ ငါးသောင်း ကျပါတယ်၊ ဒုတိယ တခါက ၇ ယောက်ဝိုင်း..၊ ခြောက်သောင်း ကျတယ်၊ လက်ရှိပေါက်ဈေးနဲ့ဆို ဒေါ်လာ ၆၀ နဲ့ ၇၅ ဒေါ်လာလောက် ရှိပါတယ်၊ ဒါကို တွက်ကြည့်ပြီး မအိမ်သူက မျက်လုံးပြူး သွားတယ်၊ မြန်မာပြည်မှာ လူတွေက ၂ နာရီလောက် အတွင်း ငွေဒီလောက် သုံးနေကြ ပြီလားလို့ မေးတယ်၊ လွန်ခဲ့တဲ့ ၁၅ နှစ်.. သူနေခဲ့တဲ့ အချိန်တုန်းကနဲ့ ယှဉ်ရင်တော့ လန့်မယ်ဆိုလည်း လန့်လောက်စရာ ပေါ့လေ၊ ဒါပေမယ့် သူကသာ လန့်နေတာ...၊ အဲဒီ ဆိုင်အကြီးကြီး ထဲမှာ စားပွဲတိုင်းလိုလို လူကအပြည့်...၊


ဘာရယ် မဟုတ်ပါဘူး၊ ဆိုင်းဘုတ်ကို သဘောကျလို့ ရိုက်လာတာ..၊ 'ရွှေကောင်း' ကို အင်္ဂလိပ်လို ပြန်ထားတာ မမိုက်ဘူးလား...၊း)

နောက်တစ်နေ့ မှာတော့ My Garden မှာ သွားစား ဖြစ်ပါတယ်၊ အမှန်တော့ ကျနော်တို့လည်း ကိုယ့်ဟာကိုယ်ဆို ဆိုင်တွေ ရောက်ဖြစ်မှာ မဟုတ်ပါဘူး၊ အခုက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် လာဖိတ်ကြတာနဲ့ ဟိုဆိုင်၊ ဒီဆိုင် နည်းနည်း ရောက်ဖြစ်တဲ့ သဘောပါ..၊ My Garden ကတော့ Mon Petit Avatar ရဲ့ဘလော့ဂ်မှာ ဖတ်ရ ကတည်းက သွားကြည့်ချင် နေတာဆိုတော့ အတော်ပဲ ဖြစ်သွားတယ်၊ Summit Parkview ရဲ့ အရှေ့မှာ ရှိပါတယ်၊ ဆိုင်က အတော်လေး ကျယ်တယ်၊ စားပွဲတွေ၊ ထိုင်ခုံတွေကို သေသေချာချာ လုပ်ထားတယ်၊ ပူပြင်းတဲ့ နေ့လယ်ခင်း တွေမှာ အေးအေးလူလူ ထိုင်လို့ ကောင်းပါတယ်၊ ညဖက်တွေဆို နောက်ဖက်မှာ unplugged ဖျော်ဖြေမှုလည်း ရှိတယ်၊ မြန်မာစာ၊ အနောက်တိုင်းစာ ရတယ်၊ အဲ.. ဈေးကတော့ နည်းနည်း များပါတယ်၊


ဂဏန်းပျော့ ဟင်းပါ၊ ရန်ကုန်က နာမည်ကြီး ဆိုင်တွေမှာ အဲဒီ ဂဏန်းပျော့ရတာ သတိထား မိတယ်၊ အရင်ကတော့ ဂဏန်းပျော့ဆိုတာ တသက်နဲ့တကိုယ် မကြားဖူး ခဲ့ပေါင်ဗျာ..၊ စားလို့တော့ ကောင်းတယ်..၊


ပြည်ကြီးငါးသုပ် ကတော့ အတော်လေး စားကောင်းတယ်၊ ဘယ်ကလာတဲ့ ပြည်ကြီးငါးလဲတော့ မသိဘူး..၊း)


ဂဏန်းပျော့ဟင်း၊ ဆူကာရွက်ကြော်၊ ကန်စွန်းရွက်ကြော်နဲ့ ပြည်ကြီးငါးသုပ် ပါပဲ..၊ အဲ.. ဖန်ခွက်ထဲက အဝါရောင် အရည်ကတော့ 'ကျား' တံဆိပ် ရေနွေးကြမ်းပါ..၊းP

ကဲ..ပုံတွေနဲ့ စာတွေကို ခပ်စိပ်စိပ်လေး ကြည့်ချင်၊ ဖတ်ချင်တယ် ဆိုလို့ တင်လိုက်ပါပြီဗျာ..၊ တစ်ပုံနဲ့ တစ်ပုံ သဟဇာတ ဖြစ်၊ မဖြစ်လည်း မစစ်နိုင် တော့ဘူး၊ ခရီးစဉ်မှာ တတ်နိုင်သလောက် ရက်စဉ်အတိုင်း ရေးဖို့ စဉ်းစားထားပေမယ့် တခါတလေလည်း ဓါတ်ပုံတွေ အဆက်အစပ်ကို ဦးစားပေးပြီး တင်ဖြစ်တာ မျိုးလည်း ရှိ ပါမယ်..၊ ဖြစ်တယ် မဟုတ်လား..၊း)

(ဆက်ပါဦးမယ်..)

ညီလင်းသစ်
၂၁ မတ်၊ ၂၀၁၂

1 comments :

  1. Anonymous said... :

    ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်အမေအိမ်ကိုယ်ပြန်တာ ဘာလို့ ဟိုတယ်မှာ တည်းရတာလဲဟင် ဧည့်စာရင်း ပြဿနာ ရှိလို့များလား

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved