နောင်နှစ်မှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာမယ်

Sunday, September 2, 2012

ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်ပိုင်းက ပြန်ကြားရေး ၀န်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း ဥက္ကဌ ဦးစိုးသိန်း ( မောင်ဝံသ) တို့ တွေ့ဆုံစဉ်၊ ဓာတ်ပုံ- ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာ


ပြန်ကြားရေး ၀န်ကြီးသစ် ဦးအောင်ကြည်ကတော့ လာမယ့် ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် နေ့စဉ် ထုတ် သတင်းစာ တွေ ပေါ်ထွက်လာဖို့ ရှိတယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။

“ ကျနော်ရဲ့ ရိုးရိုးသားသား ယုံကြည်မှုကတော့ ဒီမိုကကရေစီ တနိုင်ငံမှာ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာ ဆိုတာ မရှိမဖြစ် လိုအပ်တယ်” လို့ ၀န်ကြီး ဦးအောင်ကြည်က မြန်မာတိုင်းမ် ကို ပြောလိုက်တာပါ။

မီဒီယာဥပဒေနဲ့ သတင်းစာကျင့်ဝတ်တွေ နိုင်ငံတကာစံတွေ အမီ အရင်ရေးဆွဲရဦးမယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် က မြန်မာတိုင်းမ်ကို ပြောပေမယ့် ထုတ်ဝေခွင့် ဘယ်နေ့ ပေးမယ်ဆိုတာ တိတိကျကျတော့ မပြောခဲ့ပါဘူး။

ဦးအောင်ကြည်ဟာ မကြာသေးမီက ပဲ ပြန်ကြားရေး ၀န်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။ ကနဦး ပြန်ကြားရေး ၀န်ကြီးရဲ့ ပြောဆိုမှု ဟာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အပြောင်းအလဲ လက္ခဏာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာပဲ သတင်းစာဆရာအသင်းဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ သတင်းစာဆရာ ဦးစိုးသိန်း ( မောင်ဝံသ) နဲ့လည်း တွေ့ဆုံဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာတွေဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပျောက်ကွယ်သွားခဲ့ပြီး စာပေစိစစ်ရေး ဆိုတဲ့ ထိမ်းချုပ်မှုမှာ မြန်မာ့ သတင်းလောကဟာ နှစ်ပေါင်း ၄၈ နှစ်ကျော် အမှောင်ကျခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်းများစွာ နိုင်ငံပိုင် သတင်းစာ ၃ စောင်၊ ၄ စောင်နဲ့ ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။

မကြာတော့တဲ့ ကာလမှာ ဒီမိုကရေစီနိုင်ငံသွားနေတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအင်္ဂါရပ်တွေထဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်တဲ့ ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာတွေ ပေါ်ထွက်လာတော့မှာမို့ မြန်မာ့သတင်းလောက အာရုဏ်ဦးကို ပြန်ရောက်မယ်လို့ ပြောဆိုဝေဖန်ထောက်ပြနေကြပါတယ်။

ပုဂ္ဂလိက သတင်းစာတွေ ထွက်ပေါ်လာရင် မှန်ကန်တဲ့ သတင်းစီးဆင်းပြိုင်ဆိုင်မှုတွေကြောင့် နိုင်ငံပိုင် သတင်းစာတွေရဲ့ အဆင့်အတန်းလည်း တစုံတရာ တိုးတက်လာမယ်လို့ ခန့်မှန်း ပြောဆိုသူတွေလည်း ရှိပါတယ်။

မြန်မာ့မီဒီယာ အဆင့်အတန်းဟာ ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာများမှာ ဂုဏ်ယူဝံ့ကြွားနိုင်ဘို့တော့ သတင်းသမား များရဲ့ ကျင့်ဝတ်များနဲ့ ကျွမ်းကျင်နှံ့စပ်မှုအပေါ် မူတည်မှာဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved