ကိုမြင့်အေးရေ

Sunday, September 30, 2012





နောက်တခါ…လာပြန်ပြီဟေ့။နပန်းဆံသီချင်းထဲက အဟဲ မျိုး ဟဲရတော့မယ်။ ဒီ တခါ လွတ်ငြိမ်း ချမ်းသာ ခွင့် နဲ့ အကျဉ်းသား ၅၀၀လောက် လွှတ်ပေးလိုက်ပြန်ပြီဆိုတော့အရင်အသုတ်တွေက မလွတ်ပဲ ကျန်နေခဲ့ တဲ့ နိုင်ငံရေး အကျဉ်းသားတွေဆီ စိတ်က ချက်ချင်းပဲ ရောက်။ 


ဦးရွှေထူးလွတ်တယ်ကြားတော့ဝမ်းသာတယ်။ ကြာခဲ့ပြီကော။ သူကလွတ်သင့်နေခဲ့ပြီ။ တဆက်တည်း. သူငယ်ချင်း ကိုမြင့်အေးများပါလာလေ မလား…ဖေ့စ်ဘုတ်ကနေ ၀မ်းသာအားရတင်ပေးနေတဲ့ မိတ်ဆွေတွေရဲ့ ဆက်တိုက်တက်လာနေတဲ့ ဓါတ်ပုံတွေ သတင်းတွေ စာရင်းတွေဆီကနေ တဆင့် ခင်ဗျားဓါတ်ပုံ ခင်ဗျားနံမည်ကို ရှာကြည့်နေမိတယ်။ 

 မိသားစုတွေပြန်ဆုံဆည်းကြ။ မြတ်မြတ်နိုးနိုး အဖေကသမီးငယ်ကိုထွေးပိုက်လို့။ ဇနီး ကခင်ပွန်းသည်ကို မျက်ရည်အရွှဲသားနဲ့ကြည့်လို့။ မိခင်ကြီးက သားငယ်ကိုကလေးလို တင်းတင်းကြပ်ကြပ် ဖက်ထားလို့ ။ လုပ်ဖေါ်ကိုင်ဖက်တွေက လွတ်လာတဲ့ သူငယ်ချင်းကိုအားပါးတရကြိုဆိုကြလို့။ 

 အဲလိုပြန်ဆုံဆည်းရတဲ့ဓါတ်ပုံတွေတွေ့တော့ အဝေးကနေရင်းတောင် မျက်ရည်လည်မိတဲ့ ကျွန်တော်။ အချိန်ကုန်လို့ ..ခင်ဗျား မပါသေးဘူးဆိုတော့ စိတ်ကမကောင်းတော့ဘူး။ မလဲ့လည်း ၀မ်းနည်းနေတော့ မယ်။ 

မလဲ့..ခင်ဗျားက ခင်ဗျား ခင်ပွန်းကို ပိုမျှော်မိရှာမှာပေါ့။  ယောင်္ကျားရယ်လို့မှ ပိုင်ပိုင်ခေါ်ခွင့်မရတာ။ အားကိုးရာ မရတာ။ အကာအကွယ်မဲ့နေတာ ကြာပြီမဟုတ်လား ။တခါလည်းမဟုတ်။ နှစ်ခါလည်းမဟုတ်။ ခင်ဗျားသားလေးကော။ အဖေပျောက်ခဲ့တာ။ အားလုံး ကြာခဲ့ပြီမဟုတ်လား။

 ဖေဖေရယ်.. သား သွေးသွင်းရမယ့်ကိစ္စတွေက အဖေ့လွတ်လာမယ့်ကိစ္စလောက်အရေးမပါပါဘူးဗျာ။ စိတ်ထဲ လျှောက်တွေးနေမိရင်းက ကျွန်တော် ခင်ဗျား နဲ့ပတ်သက်လို့ သိမ်းထားခဲ့ တဲ့ သတင်းဖိုင်တွေ ပြန် 
မွှေနှောက် မိတယ်။ ခင်ဗျား အသံဖိုင်တွေကို ပြန်နားထောင်မိတယ်။ 

၈.၀၉. ၂၀၀၈ တနင်္လာနေ့စွဲ- The New Light of Myanmar အင်္ဂလိပ်သတင်းစာကို ပြန်ဖတ်မိတော့ ကျွန်တော်ပို ရင်နင့် တယ်။ အဲဒီတုန်းက အဓိက နောက်ကွယ်က ထောက်ပန့်တယ်ကြိုးကိုင်တယ် လို့ ဖေါ်ပြခြင်းခံခဲ့ရတဲ့ ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်က အခု ပူပူလောလော ပြည်တွင်းမှာ ။ 

အဝေးကနေ ငွေကြေးတွေထောက်ပန့်ခဲ့ပါတယ်ဆိုတဲ့ ဒေါက်တာ အေးမင်းလည်းအမေရိကားကနေ ပြည်တော်တခေါက်ပြန်ခွင့်ရပြီ။ ။ဒေါက်တာသက်လွင်လည်း လွတ်။ နိုင်ငံရေးတွေတောင်ပြန်လုပ်နေတယ်ကြားတယ်။ ပြီးခဲ့တဲ့ ၄-၅ လ လောက် က မဲဆောက်ကပြန် သွားတဲ့အိရွှေဇင်ညွန့် လည်း ပြန်ရောက်တာနဲ့ အလုပ်သမား သမဂ္ဂတွေ လိုက်ဖွဲ့ပေးနေတာ..ခုများ အရှိန်တောင်ရလို့။ 

 ခင်ဗျားသာ( လွိုင်ကော် )ထောင်မှာ သံတိုင်ကိုင်ရင်း ငုတ်တုတ်မေ့။ လွန်ခဲ့တဲ့ လေးနှစ် ။ မကြာသေးဘူး လို့ပြောလည်းရတယ်။ 

- ဂ.၉.၂၀၀၈ -နေ့စွဲ သတင်းစာရှင်းလင်းပွဲ ။ 

တစ်-မျဉ်းစောင်း-၂၀၀၈ ကို ကျွန်တော် သိမ်းထားတယ်။ The New Light Of Myanmar ။ သတင်းစာ မှာပြောထားတဲ့ ရွှေပြည်သာမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံး ဗုံးပေါက်ကွဲမှုဖြစ်စဉ် ချိတ်ဆက်မှုဇယားတွေပြန်ကြည့်။ 





အဲဒီ ရွှေပြည်သာပေါက်ကွဲမှုဖြစ်စဉ်ချိတ်ဆက်မှုဇယားမှာ NLD-LA, FDB, ABSDF ဆိုတဲ့ အဖွဲ့အစည်း ၃ ခုက ခင်ဗျား HRDPအထက်မှာ ရှိနေလေရဲ့။ လား..လား။ တကယ်မှ ဟုတ်ရဲ့လား။ 

အဲဒီသတင်းစာရှင်းလင်းပွဲမှာ အထင်ကရနဲ့ ခင်ဗျားအထက်မှာရှိနေတဲ့လူတွေအားလုံး အခုပြည်တွင်းပြန် ၀င်ပြီး အလုပ်လုပ်နိုင်နေကြပြီ။ FDB အဖွဲ့ ဆိုတာအကြမ်းဖက် Terrorist အဖွဲ့ကြီးတဲ့။သတင်းကျောဖုံးမှာ စာလုံးမည်းကြီးတွေနဲ့။

 ပြည်တွင်းက NLD လူငယ်တွေအပါအ၀င် လူငယ်တွေခေါ်ပြီးအကြမ်းဖက်သင်တန်းတွေပေးနေတာတဲ့။ အဲဒီ FDBအဖွဲ့ရဲ့ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်က အနှစ်၂၀ကျော်ကွဲခဲ့တဲ့အမေကို စမ်းချောင်း က သူ့အမေအိမ်မှာပြန်တွေ့ခွင့်တွေရလို့။ 

သူ့အင်တာဗျူးတွေလည်းနားထောင်ရတယ်။ ABSDF ဥက္ကဋ္ဌ မိုးသီးဇွန် ကတော့မင်္ဂလာဒုံလေဆိပ်မှာ ကားခေါင်းမိုးပေါ်တက်ပြီး သူပြန်လာပြီဆိုတာကို တိုင်းသိပြည်သိကြေငြာ။ ဒီနေ့များ ဆို လက်ပံတောင်း
တောင် လှုပ်ရှားမှု ကင်ပိန်း တီရှပ်ကို ၀တ်။ ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေတွေထောင်ချီပြီး အသိမ်းခံရတဲ့ ဒေသခံတွေဆီရောက်နေ တာတွေ့လိုက်တယ်။ ဒေသခံ လယ်သမားတွေစကား သူ နားထောင်။ သူလေ့လာ။ သူ အားပေးစတာတွေလုပ်ခွင့်ရနေတာတွေ့တယ်။

FDB မှာအဖွဲ့တဖွဲ့အနေနဲ့ ပါတဲ့ DPNS လူဘောင်သစ် ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်လည်း ပြည်တွင်း ၀င်ပြီးနေရာအနှံ့ရောက်နေတာတွေ့တယ်။ ပါတီစည်းရုံးရေးတွေလုပ်နေပြီထင်တာပဲ။ အေဘီ ဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် လည်းငြိမ်းချမ်းရေး အလံလွှင့်။ မြောက်ပိုင်းအေဘီ ကိစ္စ အတွက် တောင် တဖက် တလမ်းက အဖြေတွေရှာ။ 


သတင်းစာရှင်းလင်းပွဲမှာပါတဲ့ FTUB ပြည်သစ်ညွန့်ဝေ ဆိုတာအခု ပြည်တွင်းကိုပြန်လာတဲ့ အလုပ်သမား ကိစ္စဆောင်ရွက်မယ်ဆိုတဲ့ ဦးမောင်မောင်ပေါ့။ အဲဒီတုန်းကပြထားတဲ့ တရားခံဇယားကွက် မှာ ခင်ဗျား အထက်ကပြထားတဲ့ NLD-LA အိရွှေဇင်ညွန့် က ဗုံးကွဲတယ်ဆိုတဲ့ ရွှေပြည်သာမြို့နယ်က စက်ရုံတွေ ဘက်မှာ အလုပ်သမားအခွင့်အရေးတွေဆောက်ရွက်နေတဲ့ အပြင် နိုင်ငံ အနှံ့အလုပ်သမား သမဂ္ဂ ယာယီတွေ ပြန် ဖွဲ့စည်းတာတွေမှာပါဝင်ဆောင်ရွက်လို့ ။ 


အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ဂျော့ဆိုရိုစ် ရဲ့ အိုအက်စ်အိုင်- အန်အီးဒီ (OSI) (NED) ဆိုတဲ့အဖွဲကြီးတွေ က သင်တန်းမျိုးစုံမှာ CO ,PD, LS, UG ,Media သင်တန်းတွေ အပြင် ဖေါက်ခွဲရေး သင်တန်းတွေပါပေး သတဲ့။ 

ခုများတော့ OSI( အိုးပင်းစိုစိုင်းယားတီး အင်စတီကျု) က ဒီနေ့ပြည်တွင်းမှာလုပ်နေတဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း အတွက်လမ်းစပေါ့ ။ 

NEDဆိုတာလည်း မနေ့တနေ့က တင် ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာစင်သီယာမောင် မင်းသား ကိုကျော်သူနဲ့ USCB က ကိုအောင်ဒင်တို့ကိုတရားဝင် ဆုတွေပေးနေပြီ ကိုမြင့်အေးရေ။ 

ခင်ဗျားတို့ကို ဖမ်းတဲ့သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံခြားကနေ terrorists တွေကို ငွေကြေးထောက်ရင် terrorist Act နဲ့ ငြိတယ်တရားစွဲလို့ ရတယ်လို့ပြောခဲ့သဗျ။ တကယ်တန်းကျတော့ အဲဒီအဖွဲ့တွေအဆင့်ဆင့် ရဲ့ လမ်းညွှန်မှု။ စီစဉ်ညွှန်ကြားမှုအောက်မှာ ခင်ဗျား လုပ်ခဲ့တာလို့ ဒီနေ့အစိုးရ အဖွဲ့သစ်မှာ ၀န်ကြီးတွေဖြစ် သွားတဲ့ ဦးကျော်ဆန်း။ ရဲချုပ်ဦးခင်ရီတို့က သတင်းစာရှင်းလင်းပွဲမှာ အပီအပြင် ရှင်းပြခဲ့တာ။ အတည်ပြော ခဲ့ တာလေ ။ 

စမ်းချောင်းမြို့နယ်ထဲမှာ ခင်ဗျားလျှောက်သွားနေတုန်းခင်ဗျားကိုအမည်မသိလူတယောက်က လမ်းပေါ်မှာ တင်-ဗုံးကို လက်လွှဲပေး။ တခါ ခင်ဗျားက ကိုရန်ရွှေကို လမ်းပေါ်မှာတင် လက်လွှဲပေး။ ဆိုပဲ။ တော်တော် ကပျက်ကယက်လုပ်တဲ့ လူတွေဗျာ။ နောက်ထန်းခြောက်ပင်ကားမှတ်တိုင်နားက လက်ဘက်ရည်ဆိုင်မှာ ထိုင်ကြပြီး ဗုံးကို ဘယ်လိုခွဲမလဲဆိုတာကို ခင်ဗျားက ကိုရန်ရွှေနဲ့ ကို ရန်နောင်စိုးတို့ကို တိုင်ပင်သတဲ့။ 

ဟုတ်တော့ဟုတ်နေပြီ။ ၂၀၀၈ ဇွန်လနောက်ဆုံးရက် ၃၀ရက် ညနေ၆နာရီခွဲမှာ ကြံခိုင်ရေးရုံးထဲဝင်။ အဲဒီ ဗုံးကို ကိုရန်ရွှေနဲ့ ကိုဇော်ဇော်အောင်တို့က ထောင်သတဲ့။ ချိန်ကိုက်ဗုံးတဲ့ ဗျ။ချိန်ကိုက်ဗုံးကလည်း ၁၂ နာရီခွဲလောက်တောင်ခွါထားခဲ့ရသေး ။ နောက်တနေ့ မနက် ဇူလိုင် တရက်နေ့ မနက် ၇ နာရီမှာ ထကွဲ။ ကံကောင်းလို့ ဘယ်သူ့မှ မထိဘူးတဲ့။ တကယ့်ကို ပြဇာတ်တပုဒ်လိုပါပဲဗျာ။ 

မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ တရားခံဖြစ်ခဲ့တဲ့ ခင်ဗျားက ခုများတော့ ခင်ဗျားအထက်ကအဖွဲ့တွေနဲ့ ဘယ်တုန်းကမှ မဆက်စပ်ခဲ့တော့သလို။ မပတ်သက်ခဲ့တော့သလိုကန့်ထားလိုက်ကြပြီ။ 

-ဘာတွေဖြစ်ကုန်တာလဲဟ ..အုတ်နံရံကိုခေါင်းမှီထား။ သိတ်မတွေးနဲ့။ - -ခင်ဗျားသိတ်မတွေးနဲ့ ။ ရူးသွား မယ်။ 

ခင်ဗျားကို ဆင်ခဲ့တဲ့ အမှုတွေက များလည်းများ။ ကြီးလည်းကြီး။ ရေဇင်းဆည်။ ပေါင်းလောင်းဆည်။ ချောင်းမကြီး ဆည် တွေကို မိုင်းခွဲ ဖျက် ဆီးပြီး နေပြည်တော်ကို ရေလွှမ်းအောင်ကြံစည်မှု။ သံဃာလှုပ်ရှားမှု (သတင်းစာမှာက ရွှေဝါရောင် လို့ မသုံးဘူး ) ကိုနောက်ကွယ်က ကြိုးကိုင်စီစဉ်မှု။ အိုင်အယ်လ်အိုကို လိမ်လည်ချဲ့ကား စာပို့တိုင်ကြားမှု။ ဗုံး ဖေါက်ခွဲမှုကိုစီစဉ် ကြိုးကိုင်မှု။ ။ အကြမ်းဖက်မှုလုပ်ငန်းတွေအတွက် သန်းနဲ့ချီပြီး နိုင်ငံတကာ 
ငွေကြေးထောက်ပံ့ တာတွေကို ရယူမှု။ထောက်ပန့်ငွေတွေကို ဖြတ်စားလတ်စားလုပ်မှု။ 

ကျွန်တော်ကလည်း မှတ်မှတ်ရရ အဲဒီ သတင်းစာဖိုင်ကို သိမ်းရတယ်။ မသိမ်းလို့မဖြစ်ဘူး။သိုင်း ၀တ္တုတွေ ထဲကလိုပဲ။ မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ ကိုယ့်နံမည်ညပ်ပါနေတယ်။ ကြောက်စရာ။ အဝေး ကနေ ပြည်တွင်းက terrorists တွေကို ငွေထောက်သတဲ့။ ယောင်လိုတောင် မတွေးမိဖူးဘူး။ 

ကိုယ့်မှာ အဲဒီ ၂၀၀၈ တ၀ိုက်တုန်းက ပြည်တွင်း ငွေထောက်ဖို့နေနေသာသာ ။ အင်္ဂလန်ရောက်စ။ တနှစ်လောက် အလုပ်မရှိလို့။ ယောင်နန။ အစိုးရထောက်ပံ့တဲ့ တပတ်ပေါင် ၆၀ နဲ့ ယက်ကန်ယက်ကန် ။ လျှပ်စစ် မီတာခွန်။ ရေခွန်။ အိမ်အနွေးပေးတဲ့ ဂတ်စ် အခွန် စတာတွေပေးရလို့ ထမင်းစားဘို့ တောင် အနိုင်နိုင်ဗျာ။ 

ခင်ဗျားက ဖြတ်စား လတ်စားငွေတွေဘုန်းသတဲ့။ ခင်ဗျား အိမ်ကျွန်တော်ရောက်တုန်းက ကြည့်မြင်တိုင်မှာ ခင်ဗျား အိမ်ထက် စုတ်ပြတ်တဲ့အိမ် ရှိပါမလားတောင် ထင်မိတယ်။ ငါ့လူကြီး အိမ် စီးပွါးရေးပါပစ်ပြီး နှစ် ရှည် လများ အလုပ်လုပ်တာ တော်တော်ထိခိုက်နေပြီတွေး ။ ချိတ်ပိတ်ခံထားရတဲ့ အခန်းနဲ့ ဗီဒိုတွေ လည်းကြည့်။ စိတ်ထဲမှာ မကောင်းဖြစ်မိတယ်။ 

ခုတလော ခင်ဗျားမိန်းမကို သွားအားပေးကြတဲ့ အပေါင်းအသင်းတွေ တင်ပေးတဲ့ ဓါတ်ပုံမှာလည်း ခင်ဗျား အိမ်စုတ်လေးအခင်းအကျင်း ထပ် တွေ့ပါတယ် ။ ဘယ်လိုနေထိုင်နေရတယ် ဆိုတာ။ တချိန်က ငါ့သူငယ်ချင်း မိန်းမရ ကံကောင်းတယ်လို့ ပြောခဲ့ကြတဲ့ကိစ္စ။ 

မလဲ့။ အခု- မလှနိုင်ရှာတော့ဘူး။ ယောက်ကျားရကတည်းက ထောင်ဝင်စာနဲ့ အိမ်တာဝန်ကြား။ ရုန်းကန်။ ကံဆိုးမသွားရာမိုး လိုက်ရွာသေးတယ်။ မကြာခင်ကမှ ခင်ဗျား ကိုထောင်ဝင်စာ လွိုင်ကော်ထောင်မှာ လိုက်တွေ့တုန်း နောက်မှာကျန်နေတဲ့ စမ်းချောင်းဂွဈေးက ဆိုင်မီးထဲပါရှာတယ်။ 


ခွန်ဆိုင်း (၂၄-၀၉-၂၀၁၂) 

 (ဆက်ရေးပါဦးမယ်မလဲ့ရေ။ လူ့အခွင့်အရေး ကိစ္စလုပ်လို့ ထောင်အခါခါ ကျရုံမက အသက်ပါ အလုပ်ကြံခံရတဲ့ ကိစ္စတွေ။) 


photo@ကိုအောင်ပန် FB မှ 

photo@Free Min Ko Naing FB 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved