ကိုမြင့်အေးရေ ( ၂ )

Sunday, September 30, 2012

ရွှေဝါရောင်...အပြီးလူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတွေ စုဝေးတဲ့...ပွဲကြပ် 


သတင်းစာဆိုတာ မှန်မှန်မှားမှား သမိုင်းကိုပြောနေတတ်တယ်။ လူထုက အမှန်ကိုပဲကောက်တယ်။ နုစဉ်က ကျွန်တော့် အတိတ်ကို ပြန်စဉ်းစားတဲ့အခါ လူကဲခတ် ညံ့တယ်လို့ တွေးမိတယ်။

စဉ်က လို့သုံးတာက အတွေ့အကြုံ နုံ နဲတာ ကိုပြောချင်တာ။ ထောင်စကျဖူးတဲ့ အချိန် အသက် ၂၃။  ဆေးကျောင်းနောက်ဆုံးနှစ်အပိုင်း (က)၊ စာလည်း အထိုက်အလျောက်သင်ပြီး။ အသက်လည်း ငယ်တယ် ပြောလို့မရတော့ဘူး။ သို့ပေမယ့်တက်တဲ့ကျောင်းကပြောင်း၊ ဘ၀တက္ကသိုလ်ကျောင်း ဆိုတဲ့ကျောင်းမှာတွေ့ခဲ့တဲ့ ကျောင်းတက်ဖေါ် တွေကို အကဲခတ်တာ မှာတော့..... တော်တော်လွဲခဲ့တယ် ကိုမြင့်အေးရေ။ 

အဲတုန်းကခင်ဗျားအပါအ၀င်တော်တော် ရီစရာကောင်းတဲ့ထောင်ကျဖေါ်တွေရှိတယ်။ အရယ် ရဆုံးက ဖားနဲ့ကြွက်ကိုကြောက်တဲ့သူငယ်ချင်း။ တိုက်ခန်းထဲ ဖါးဝင်လာရင် သူ နေစရာမရှိ။ ကြွက်ဝင်လာလည်း -အသဲအသန်ထအော်။

 လေးတိုက် (Cell block 4) က သိတဲ့အတိုင်း မြေကြီးနဲ့ တပြေးတည်းဆိုတော့ ညဆိုရင် မီးရောင်အောက် က ပိုးကောင်တွေစားချင်လို့ ခတ်ထုံထုံ ဖါးပြုတ်တွေက တစွပ်စွပ်ဝင်။ အိပ်နေတဲ့ လူတွေပေါ် မလေးမစား ခုန် တက်။ 

ည ၉ နာရီ-ထိုးတာနဲ့ အိပ်ချိန်.....လို့ မိန်းဂျေးကအော်သံကြီး နဲ့ ...လူတွေငြိမ်သွားအိပ်သွားလောက်ပြီဆိုရင် .အကင်းပါးပါး မြေကြွက်တွေက တပ်စုလိုက် ကျူးကျော်ဝင်ရောက်နှောက်ယှက်။ ရှိစုမဲ့စု ကျွန်တော် တို့ ထောင်ဝင်စာ ထုတ်လေးတွေကို လုယက်စားသောက်ကြတယ်..ဟုတ်။ 

တခါတော့အိပ်ယာခင်း လုပ်တဲ့ ၀ါးဖျာကို ၀င်ပေါက်မှာ ထောင်ထားပြီး အဝေးကနေ ကြိုးနဲ့ဆွဲ.. ပိတ်လို့ ရအောင်လုပ်။ စိတ်ရှည်လက်ရှည်စောင့်။ ကြွက်ထောင်ချောက်ဆင်ကြတယ်။ အုပ်စုလိုက်ကြွက်ဖမ်းပွဲပေါ့။ ပြီးရင်ချက်စားကြမယ်ပေါ့။ အဲဒီညက တခါတည်း မြေကြွက် ၃-၄ကောင် အုပ်စုလိုက်မိတယ်။ 

ကျွန်တော်တို့က ဂျပန်ဖိနပ်ကိုယ်စီကို ကိုင်စွဲ ထုစရာလက်နက်လိုလုပ်ပြီး အခန်းထဲ အသက် လုပြေး လွှားနေတဲ့မြေကြွက်တွေကို လိုက်ရိုက်နေတုန်း ကြွက်ကြောက်တဲ့ သူငယ်ချင်းက သံတိုင်တံခါးကို ခိုတက်ပြီး ကြောက်လန့်တကြားအော်နေတာ တော်တော်ရီစရာကောင်းတယ်။

အဲဒီတုန်းက ဒီလူ တော်လှန်ရေး ဘယ်လိုလုပ်မှာလည်းဆိုပြီး ထင်ခဲ့တယ်။ ထောင်က လွတ်ကြပြီး ၁၉၈၅ လောက်မှာ တောခို သွားလိုက်တာ။ ဒီလူ ခုထိ သူ့ အိမ်သူပြန်မရောက်သေးဘူး။ 

ကိုမြင့်အေး-ခင်ဗျားကိုတော့ ကျွန်တော်တို့က တိုက်ထဲမှာ ဆယ်ပြားစိ-လို့နံမည်ပေးထားတယ်။ ခင်ဗျားရောဂါက တမျိုး။ ဆယ်ပြားစေ့တစေ့ကို ဆပ်ပြာတုံး ပေါ်တင်၊ လက်နဲ့ ဖိရင် အသားကုန်အော်တာ။ စိတ်ခံစားမှုတမျိုးထင်တယ်။ 

တချို့ကျတော့ဗလရှင်ဆေးပြားစားဘို့ သံဗူးကို ဖွင့်တဲ့အခါ -သံသံချင်းပွတ်တဲ့ အသံကြားရင် နားမခံနိုင် ဘူး။ ထ အော်တာတွေ့ဖူးတယ်။ မိန်းခလေး တချို့လည်း တီကောင်တွေ ပက်ကျိတွေတွေ့ရင် မနေတတ် မထိုင်တတ်...အော်တတ်ကြတယ်။ 

အဲလိုစိတ်ငယ်ရင်ဘယ်ဖြစ်မလဲ။ခက်ခဲတဲ့ဖြတ်သန်းမှုတွေကိုဘယ်လိုဖြတ်မလဲပေါ့။ အဲဒီတုန်းက ကျွန်တော့် စိတ်ထဲမှာတွေးတာ။ ကျွန်တော်က ကိုယ့်ကိုယ်ကို တော်တော်ကြမ်းတမ်းတယ်ထင်တယ်။ ပုဆိုးနဲ့ လှမ်း အုပ်၊ လက်နဲ့ ဖိပြီး ဖမ်းမိထားတဲ့မြေကြွက်ကို ပြန်လွတ်မှာ စိုး။ ထုနှက်စရာလည်းလက်ကမအားတော့ လက်ထဲမှာတင် ညစ်သတ်လိုက်တာမျိုး ။ နောက် ထောင်တွေက လွတ်။ ငါတွေးတာတွေ ဘာတခုမှ မဟုတ်ဘူးဆိုတာနောင်တဖြစ်မိတယ်။ 

ကျွန်တော်မထင်တဲ့သူငယ်ချင်းတချို့ တောခိုသွားကြတယ်။ တောခိုတာပျော်ပွဲစားခရီးမဟုတ်ဘူး။ မိဘ၊ ညီအကိုမောင်နှမ၊ ဇနီးမယား၊ သမီးသားအကုန်ပြတ်၊ စီးပွါး-အကုန်စွန့်ရတဲ့ ကိစ္စ။ ဥပဓိရုပ် အလွန်ကောင်းပြီး စကားအလွန်နဲတဲ့ တဦးတည်းသောသား- ကိုမြတ်ကို ။ 

မျက်မှန်လေးနောက်က အမြဲပြုံးချိုနေတဲ့မျက်နှာနဲ့ ကိုခင်ဇော်လင်း။ တခုခုဆို အလေးအနက်ထားတတ် တဲ့ ကိုထွန်းထွန်း စတဲ့ထောင်ကျဖေါ်တွေ တောထဲမှာ ကျဆုံးကုန်တဲ့ သတင်းတွေကြားတယ်။ 

ဖါးကြောက်ကြွက်ကြောက်သူငယ်ချင်းက-အစအနပျောက်တာနှစ်၂၀။ လူကောင်တော်တော်လေးသေး ဦးသန့် အရေးအခင်းမှာ တွေ့လိုက်တဲ့ ကိုစောလှငွေ- ကိုပြန်တွေ့ တော့  ကေအင်ယူ မှာ ဗိုလ်မှူးကြီး 
ဖြစ်နေဖြစ်ပြီ။ ခုတော့ အတွင်းရေးမှူး (တစ်) တဲ့။ 

 ကျောင်းတုန်းက ခေါင်းလောင်းဘောင်းဘီ ဆံပင်အရှည်ကြီးနဲ့ ဟစ်ပီလိုနေ၊ နိုင်ငံရေး စိတ်ဝင်စားမယ် မထင်ခဲ့တဲ့ အတန်းဖေါ်က သူပုန် တပ်မှူးတွေဖြစ်ခဲ့။ ခုထိအိမ်ပြန်မရောက်သေး။ သူယုံကြည်ရာကို စိုက်လိုက်မတ်တတ်လုပ်နေခဲ့တာတွေ တွေ့တော့မှ ငါ အကဲဖြတ်တာတွေ-ဘာမှ မမှန်ပါလား လို့ပြန်ဆင်ခြင်မိတယ်။ 

ဘေးလူတယောက်က ဆယ်ပြားစေ့ ဆပ်ပြာထဲ နှစ်တာနဲ့ အသားကုန်အော်တဲ့ ခင်ဗျားလည်း အသည်း ငယ်မယ့် လူ။ ခုလောက် ဇွဲ သန်မာကျောလိမ့်မယ် မထင်ဘူး။ ပြန်တွက်ကြည့်တော့ ခင်ဗျားကို အာဏာ ရှင်တွေ က တခြိမ်းခြိမ်း ဖမ်းလိုက်၊ ထောင်ချလိုက်။ နိုင်ငံရေးကနေ စိတ်ကုန် ၊ခြောက်ခန်း...ထွက်ပြေး သွားအောင်..အကြိမ်ကြိမ်လုပ်ခဲ့ကြတာ မနဲမနောပါလား။  ၈ ကြိမ် တိတိပါလား ။ 

စစ်ကြောရေးမီးပြင်းတွေအကြိမ်ကြိမ်ဖြတ်။ ဒီတော့မှ ကိုယ့်လူ တကယ် အသည်းကောင်းတဲ့ လူ။ နှလုံး ရည်ပြည့်တဲ့ လူလို့ အလေးပြုမိတယ်။ 

အစောပိုင်း ၁၉၇၅ ကျောင်းသားဘ၀နဲ့ အလုပ်သမား သပိတ်နှစ်ပတ် လည် အရေးအခင်း ပထမ အကြိမ်ထောင်  ၄နှစ်။ ၉၈-၉၉ အင်န်အလ်ဒီ ပြည်သူ့ လွှတ်တော်ခေါ်ယူမှု နဲ့-ရဲမွန်မှာ တနှစ် ။ ၂၀၀၀-၀၁ အင်န်အယ်ဒီ လူငယ် ဖွဲ့စည်းရေးကြိုးစားလို့-တနှစ်။ ၂၀၀၃ ဒီပဲယင်း အင်အယ်ဒီရုံးတွေ အကုန်ပိတ်ခိုင်း လည်း အိမ်မှာဆက်-ရုံးဖွင့်လို့ ဇွန်လ-တစ်လ။ ၂၀၀၄ဇန်န၀ါရီလူငယ်လုပ်ငန်း စာစောင်ထုတ်လို့ ရမန်-၂ ပတ်။ ၂၀၀၆ စက်တင်ဘာမှာ လူ့အခွင့်အရေးလုပ်ငန်းတွေ အာဏာပိုင်တွေ သတိပေး တားမြစ်တဲ့ကြား ကဆက်လုပ်လို့ ရမန်ကြီး-၄၅ ရက် ။ ၂၀၀၇ စက်တင်ဘာ သံ ဃာ ကိစ္စတွေ အပြီးအောက်တိုဘာမှာ- ရက်ပေါင်း၁၂၀။ ၂၀၀၈ သြဂုတ်လ ၈ ရက်နေ့ (၈ လေးလုံး အနှစ် ၂၀ ပြည့်)နေ့မှာတော့ ၈ ကြိမ်မြောက်ပြီ။ 

ဘယ်လိုမှ နှိပ်ကွပ်လို့မရတဲ့ခင်ဗျားကိုအရမ်းမုန်းနေကြပြီ။ ဒီတခါ ပြန်ထွက်မလာစေရဘူး။ ရက်ရက် စက်စက် ဗုံးခွဲမှုနဲ့ ဆွဲစေ့။ တသက်တကျွန်းချ- အသေအကြညစ်လိုက်ကြတာပေါ့။ ဘာတတ်နိုင်သေးလဲ။ 

ဒို့ကအာဏာပိုင်ပဲ။ ပုဒ်မ ၁၃(၅) နှင့် ထောင်ဒဏ် ၅ နှစ်၊ ၁၇(၁) နှင့် ထောင် ၃ နှစ် ၊ ပုဒ်မ ၃/၆ ဖောက်ခွဲရေး ပုဒ်မ နဲ့ မြင့်အေး- ထောင် တသက် တကျွန်း တဲ့။ 

American Centre က... သိန်း ၅၀--- FDBက သိန်း ၆၃၀ထောက်ပံ့သတဲ့... 

FDB..ဆိုတာ..အကြမ်းဖက်အဖွဲ့တဲ့။ လူငယ်တွေခေါ်ပြီးဖေါက်ခွဲရေးသင်တန်းတွေပေးသတဲ့။ 



ကိုမြင့်အေး အထက်က အဖွဲ့တွေအားလုံး အမျိုးသားပြန်လည်.....သင့်မြတ်ရေးခေါင်းစဉ်အောက် မှာ..အားလုံးပြည်တွင်းဝင် ငြိမ်းချမ်ရေးညီညွတ်ရေးတွေ လုပ်နိုင်ကြရင် သူတို့ အောက်က .. 

ကိုမြင့်အေးကို ဘာလို့ မလွှတ်နိုင်ရမလဲ... တကယ်တန်းခင်ဗျားကို ငြိုးတဲ့ အချက်တွေကို လူတိုင်း သိနေတာပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အတွက်လူထု ဆန္ဒခံယူပွဲ( national referemdum)မှာ-ကန့်ကွက်မဲပေးကြ ဘို့ Vote No campaign လုပ်တာ။ 

ဒါ နအဖ မဟာဗျူဟာမြောက်အောင်မြင်စွာ ထွက်လမ်းကိုပိတ်တာ။ ဒီအပေါက်ကိုဘယ်သူမှပိတ်လို့မရဘူး။ သည်းမခံဘူး။ ခင်ဗျား ..သူတို့မျက်စိထဲဆားခတ်တဲ့ တခြားကိစ္စတွေလည်း အများကြီး။ လူ့အခွင့်အရေး ချိုးဖေါက်ခံရတာတွေ။ လယ်သိမ်းယာသိမ်းကိစ္စတွေ။ ကလေးစစ်သားကိစ္စတွေ။ မတရား လုပ်အားပေး ခိုင်းစေကိစ္စတွေ။ ဒါတွေကိုဖေါ်ထုတ်တာ။ မီဒီယာတွေကနေ တကမ္ဘာလုံးသိအောင်ပြောတာ။ 

လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော်-မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နှစ်-၁၉၄၈ ဒီဇင်ဘာမှာပဲ ကိုယ့်နိုင်ငံ အပါအ၀င် အတည်ပြု လက်မှတ်ထိုးခဲ့တဲ့ လူ့ အခွင့်အရေးကြေငြာစာတမ်း။ မဆလ တခေတ် လုံး သော့ ခတ် ထားခဲ့တဲ့စာတမ်း။ ၈၈ အရေးတော်ပုံနဲ့အတူ- အသက်ပြန်ဝင်လာတဲ့ အပိုဒ် ၃၀-ပါတဲ့ စာတမ်း။ ဒါကိုခင်ဗျား က ပြန်မန်းမှုတ်တဲ့ လူ။ 

၂၀၀၂ နှစ်-ထဲမှာ HRDP ဖြစ်လာမယ့် အခြေခံလုပ်ငန်းတွေ ခင်ဗျားပျိုးနေခဲ့ပြီ။၂၀၀၄ နှစ်ကုန်-ကျွန်တော် ရွှေဘို တောရမှာ ၇ ၀ါဆိုပြီး-လူလွတ်ကြောင်ဖြစ်လာတော့- လူ့အခွင့်အရေး ပညာပေး စာစောင်တွေ ခင်ဗျားကျွန်တော်ကို လာပေးတာမှတ်မိတယ်။ ကျွန်တော်က အိတ်ကပ်ထဲထည့်ထားမိ။
 မိတ်ဆွေ ပါမောက္ခဌါနမှူးက တွေ့သွားတော့ ရှင်-ထောင်ကလွတ်လာတာ မကြာသေးဘူး။ ထပ်ဖမ်း ခံနေရဦးမယ်သတိပေး။ သူ့လို ပညာတတ်တယောက်အမြင်မှာ တောင် -ကုလသမဂ္ဂ က ကျောင်းတွေ မှာဖြန့်ပေးရမယ်ဆိုတဲ့...ဒီစာတမ်းကို- ဖမ်းခံရနိုင်တယ်လို့ ...ထင်နေရင် သာမန်လူတွေကြား ...ခင်ဗျားသွားရမယ့်ခရီး…ဘယ်လောက်ဝေးမလဲ… ဒါပေသိ ခင်ဗျား ခရီးမိုင်တွေအများကြီးသွားခဲ့တယ်။ 

၂၀၀၆ ဖေဖ၀ါရီမှာ ကျုံပျော်အမတ် ဦးတင် အသက် ၉၀ မွေးနေ့မှာ Human Right Defender and Promoter ( HRDP) ကွန်ရက် နံမည်ကိုစ ခံယူ။ မန္တလေးတိုင်း။ဧရာဝတီတိုင်း။ စစ်ကိုင်းတိုင်း။ ရှမ်း ပြည်တောင်ပိုင်း။ ရခိုင်ပြည်နယ်။ ပဲခူးတိုင်း။ ရန်ကုန်တိုင်း။ ခင်ဗျားတို့ အဖွဲ့သွားခဲ့တဲ့ ခရီးတွေ။ ဖြန့် ကျက် ခဲ့တဲ့ စာတွေ။ ပြောခဲ့ဟောခဲ့တဲ့နေရာတွေ။ 

၂၀၀၇ မေ နာဂစ်ဖြစ်လာတဲ့အခါအဖွဲ့ဝင် ၈၀ ကျော်နဲ့ သွားကူနိုင်ခဲ့တာတွေ။ အဲဒီကာလတွေမှာပဲအကြွင်းမဲ့ အာဏာကို အမြဲတမ်းအသေဆုတ်ထားချင်သူတွေက လူမိုက်မွေးပြီး တက်ကြွ လှုပ်ရှားသူတွေ ကိုအောက်လမ်း နည်းနဲ့နှိပ်ကွပ်နေပြီ။ ချောင်းမြောင်းရိုက်နှက်တဲ့ပွဲတွေ စနေခဲ့ပြီ။ 

မှတ်မိသလောက်-၂၀၀၆-ဧပြီ၁၆-သင်္ကြန်အတက်နေ့ည ဒဂုံမြို့သစ်မြို့နယ် လူငယ် လုပ်ငန်းအဖွဲ့ တာဝန်ခံ (၁) ကိုသီဟန် ရိုက်ခံရတယ်။ လှိုင်သာယာမြို့နယ်၊ အမှတ် (၈)ရပ်ကွက်ကလူမှုအကျိုးဆောင် ဦးတင်ယု၊ မနက် (၃)နာရီခွဲမှာ လှိုင် သာယာထဲက (၇)ရပ်ကွက် တံတားဖြူမှတ်တိုင် မှာပဲအရိုက်ခံရတယ်။ မတ္တရာ အမတ် ဦးသန်းလွင်ကတော့ မျက်လုံးတဖက်ပျက်တဲ့အထိ အရိုက်ခံရပြီးမှထောင်လည်းကျရှာတယ်။ 

ရခိုင်တောင်ကုတ် က HRDPအဖွဲ့ဝင်တဦး လည်းအရိုက်ခံရပြီးထောင်ကျတယ်။ လူ့အခွင့်အရေး ပညာပေးဟောပြော။ ဟင်္သတမြို့နယ် အုတ်ပုံကျေးရွာကအပြန်မှာခင်ဗျားက ကံသီလို့လွတ်။ ကိုမောင်မောင်လေး ကိုမြင့်လှိုင်တို့ ကတော့ အပြင်းအထန် ရိုက်ခံရပြီးဆေးရုံတွေ တက်။ တော်တော်ကြာ ကုသခံရတယ်။ နောက်အမှုဖွင့် တရားရင်ဆိုင်တော့လည်းစစ်အစိုးရက-ရိုက်တဲ့ဒေသခံ အာဏာပိုင်တွေ ကိုအပြစ်မပေးပဲ အရိုက်ခံရတဲ့ ကိုမြင့်လှိုင်အပါအ၀င် ခြောက်ဦးကို ထောင်ဒဏ် (၈) နှစ် ကနေ (၄)နှစ် အသီးသီးချလိုက်ကြတယ်။ လုပ်ပုံများ။ 

အဲဒီတုန်းက HRDP အဖွဲ့ဝင်ချည်း ၃၅ယောက်လောက် အစိုးရ ဖမ်းဆီးထောင်ချခံရတာ။ မဲဆောက် ကပြန် လာတာ သိတာနဲ့ဖေါက်ခွဲရေးသင်တန်းတက်ဆိုတဲ့ ပုဒ်မတွေကပ်ခံကြရ။ ခင်ဗျားအလုပ် လုပ်လွန်းလို့ ကြည့်မြင်တိုင်က ခင်ဗျား အိမ် မှာလုပ်ထားတဲ့ အင်န်အယ်လ်ဒီရုံးခန်းနဲ့ ဗီဒိုတွေ အားလုံးသက်ဆိုင်ရာ ကချိတ်လာပိတ်။ ဒါလည်း ခင်ဗျားမရပ်ဘူး ။ 

အင်န်အယ်လ်ဒီက ၂၀၀၄ နိုဝင်ဘာမှာခင်ဗျားကို ထုတ်ပစ်တယ်။ ဒါလည်း ခင်ဗျား စိတ်မပျက်။ ခေါင်း မာမာပဲ။ 

ခင်ဗျားလို အင်န်အယ်လ်ဒီက ထုတ်ခံရတဲ့ ဘ၀တူလူငယ်တွေနဲ့ ဆက်ပြီးချီတက်။ ယုံတာကို စိုက်လိုက် မတ်တတ်လုပ်တယ်။ ၂၀၀၆ ဧပြီမှာ..ကျွန်တော်-ထိုင်းကိုထွက်ခါနီး-ခင်ဗျား ကိုနောက်ဆုံးတွေ့ဖြစ်တယ်-ခင်ဗျားအမေကိုကင်ဆာရောဂါနဲ့ …မော်တင်အထူးကုဆေးခန်းမှာတက်နေတာကိုလာ ကြည့်တုန်းတွေ့တာ ။ဒီဆေးခန်းက ခင်ဗျားမှာ ပိုက်ဆံရှိလို့တက်ကုတာမဟုတ်ဘူး။ မနေနိုင်တဲ့ မိတ်ဆွေ...စိတ်တိုင်းကျ ကိုအောင်ထိုက်က အကုန်ခံတင်ပေးထားတာ။ ခင်ဗျားအမေမနေရတော့ဘူး။ အားလုံးသိတယ်။

 ဒါလည်းခင်ဗျား အလုပ်တွေကိုရပ်မသွားစေခဲ့ဘူး။ ကိုမြင့်အေး ကကြည့်မြင်တိုင်မှာမွေးတာ။ ကြည့်မြင်တိုင်သား အစစ်။ ကြည့်မြင်တိုင်သားတွေ ဂုဏ်ယူကြပါ။ ၁၉၅၁ မှာမွေး။ ၁၉၈၄ မှာဒေါ်လဲ့လဲ့နဲ့ အိမ်ထောင်ကျ။ ၁၉၉၁ မှာ သား မောင်ချမ်းမြေ့မွေး။ တကယ်က သူ့သားလေး မချမ်းမြေ့ရှာဘူး။ 
သွေးအားနည်းရောဂါနဲ့သွေးမကြာခဏ သွင်းရတဲ့အပြင် သူ..လူလားမမြောက်ခင်ကတည်းက အဖေဆိုတဲ့အဓိပ္ပါယ်က ထောင်နဲ့အချုပ် -အိမ်ဦးကြမ်းပြင်။ ၂


၀၀၈ မတ်လ ၂၆နေ့ည (၉)နာရီအချိန် စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်ကနေ အိမ်အပြန် မှာ ခင်ဗျား အရိုက်ခံရတဲ့သတင်းကျွန်တော့်ဆီဝင်လာတယ်။ 

 “စမ်းချောင်းပဒုမ္မာလမ်းနဲ့ ဗားဂရာလမ်းဒေါင့်မှာ ကားငှားနေတုံး လူတယောက်က ရိုက်ပြီးတော့ ထွက်ပြေးသွားတာ။ မိတ်ဆွေတွေနဲ့ အတူသွားပြီး လမ်းခွဲအပြန်မှာ ခေါင်းရဲ့ညာဘက်ခြမ်းကို အရိုက် ခံရတာ” 

ခင်ဗျားနဲ့လုပ်ဖေါ်ခံဖက် (သူလည်းအရိုက်ခံရလို့ လုပ်ဖေါ်ခံဖက်လို့ပြောတာ) ကိုမောင်မောင်လေးက မီဒီယာ ကိုပြောတယ်။ ခင်ဗျားမေ့သွားရာ ကသတိပြန်ရ။ ကားငှါး။ အိမ်ပြန်။ မိန်းမခေါ်။ အနီးဆုံး အနောက်ပိုင်း 
ဆေးရုံပြေးတော့ အဲဒီကလက်မခံဘူး။ နားကသွေးယိုနေတာကိုး။ ဆေးပညာနဲနဲ နားလည်ခဲ့ရင် ဒါ ဘာ လည်း ဆိုတာသဘောပေါက်တယ်။ ဒါဦးနှောက်ကလာတဲ့သွေးဖြစ်နိုင်တယ်။ 

ကျွန်တော် ...ဘုရင့်နောင်တံတားထိပ်က ဆေးခန်းမှာ..အလုပ်လုပ်နေခဲ့တုန်း ၂၀၀၅ ခရစ်စမတ် ညက အဖြစ်တခု...ချက်ချင်းခေါင်းထဲဝင်လာတယ်။ 

 မူးမူးနဲ့ သီချင်းဆိုရင်း အရှိန်လွန်ပြီး ၂ ပေလောက်သာ-မြင့်တဲ့ စတိတ်စင်လေးကပြုတ်ကျတဲ့ လူ တယောက်-ဆေးခန်းရောက်လာတယ်။ နား ကသွေးယိုနေလို့ ဦးနှောက်နဲ့ အာရုံကြောကို လွှဲလိုက်တာ။ နာက်တနေ့မှာ သူ ဆုံးသွားတဲ့သတင်းရတယ်။ 

“အနောက်ပိုင်းဆေးရုံရဲ့ ခင်ဗျားကိုပေးလိုက်တဲ့မှတ်ချက်က- ဦးခေါင်းဒဏ်ရာရ၊ နားထဲမှသွေးယိုထွက်-လို့ပြော။ ဒါအရေးကြီးတဲ့ Vital Sign ခေါ်တယ်။ ဒါ သေဖို့တော်တော်များတဲ့ လက္ခဏာလို့ပြောလိုက်တာ။ မိုင်ပေါင်းထောင်ချီဝေးတဲ့အရပ်ကနေ.. ကျွန်တော် ရင်တွေပူလာတယ်။ သူငယ်ချင်း…ဒီတခါ-ဒီတောင်ကိုကျော်ပါ့မလား။ 

OSI, NED , FDB ....ဆိုတာတွေဟာ တကယ်တမ်းက အကြမ်းဖက်အဖွဲ့တွေမဟုတ်ခဲ့။ 



ဆက်ရေးပါဦးမယ် မလဲ့ရေ.... ခင်ဗျားရဲ့ ချစ်စွာသောခင်ပွန်းသည်အကြောင်း... 

ခွန်ဆိုင်း ( ၂၉.၀၉.၂၀၁၂) 


ဆက်စပ်ဖတ်ရန် 

ကိုမြင့်အေးရေ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved