ဦးသိန်းစိန် နဲ့ ဗေဒင်

Wednesday, September 12, 2012

~


ဦးသိန်းစိန်ကြီးက သူလုပ်ကိုင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကို နက္ခတ်၊ ဗေဒင် စတဲ့ ပညာရပ်တွေအတိုင်း အကောင်အထည်ဖော်နေသလား။

ပြီးခဲ့တဲ့လ ၃၀ ရက်နေ့ထုတ် 7Day ဂျာနယ် မျက်နှာဖုံးမှာ ဖော်ပြထားချက်အရ ဆိုရင် အဲဒီလို ပညာရပ်တွေ အားကိုးအားထားပြုနေသလား ဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာပါတယ်။

အဲဒါကတော့ ၀န်ကြီးအပြောင်းအလဲ၊ ဒုဝန်ကြီးအများအပြား ခန့်အပ်မှုတွေအကြောင်း ကြေညာရာမှာ ၉ ဂဏန်းကို ဖောဖောသီသီ အားပြုထားတာပါပဲ။

"သမ္မတရုံးဝက်ဘ်ဆိုက်က ထုတ်ပြန်ကြေညာရာတွင် နေ့ရက်နှင့် အချိန်တို့မှာ တိုက်ဆိုင်စွာ ကိုးဂဏန်းသုံးခု (သြဂုတ် ၂၇ရက်၊ ၁၈ နာရီ၊ ၄၅မိနစ်) ဖြစ်နေသည်" လို့ ဆိုပါတယ်။

တိုက်ဆိုင်တာလား၊ အစီအရင်တခုခုကြောင့်လား ဆိုတာတော့ မသိရပါဘူး။

တိုက်ဆိုင်တာ မဟုတ်ဘူး၊ အဲဒီအချိန်မှာ အချိန်ကိုက် ဆောင်ရွက်ခဲ့တာလဲ ဖြစ်နိုင်ပါတယ်။
စစ်ဗိုလ်ချုပ်တွေအဖြစ်တန်ခိုးထွားခဲ့သူများကို အပြောင်းအလဲလုပ်ရတာ အန္တရာယ်ကြီးတဲ့အတွက် ဒီလိုပညာရပ်ကို သုံးတာဟာ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရစေပါတယ်။
ဆရာကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေလည်း ဒီလိုအစီအရင်တွေကို အားကိုးခဲ့တာပါ။ အစီအရင်တွေကပဲ ကောင်းလို့လား၊ တပည့်တပန်းတွေကပဲ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့လို့လား မသိပါ - ဗိုလ်သန်းရွှေက နှစ်ပေါင်းများစွာ ထင်ရာစိုင်းသွားနိုင်ခဲ့ပါတယ်။

ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာ ဆောင်းပါးတပုဒ်မှာတော့ အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ဦးသိန်းစိန် နဲ့ ဗေဒင်ဟောကိန်းအကြောင်း မတ်လကုန်ပိုင်းက ရေးခဲ့ပါတယ်။

ဦးသိန်းစိန် နွေရာသီမှာ ကျန်းမာရေးထိခိုက်လိမ့်မယ် ဆိုပြီး ဗေဒင်ဆရာကဟောတယ် တဲ့။ (မြန်မာနွေလား အင်္ဂလိပ်နွေလား ရှင်းရှင်းလင်းလင်း ရေးမထားပါ)

တိုက်ဆိုင်တာလား၊ ဗေဒင်ဆရာဟောချက် ဆိုတာက မှန်နေတာလား မသိပါ၊ အဲဒီလိုရေးပြီး ၂ လ အကြာမှာ ဦးသိန်းစိန် နေအိမ်မှာ မူးလဲပြီး ရက်အတန်ကြာ အနားယူလိုက်ရပါတယ်။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved