Facebook ကနေ ကမ္ဘာကြီးကို ကြည့်မယ်

Tuesday, September 18, 2012


~



ရွက်စိမ်း ~

အင်တာနက်ဆိုင်ရောက်ရင် အွန်လိုင်းတက်သူတွေ ဘယ်ဝက်ဆိုက် သုံးကြတာများသလဲ။

"Facebook ကတော့ အင်တာနက်ဆိုင် လာထိုင်တဲ့လူ တော်တော်များများ အသုံးပြုကြတယ်။ အရင်က အသက် ၂ဝ ကျော် လူငယ်တွေ အသုံးများပြီး အခုနောက်ပိုင်းမှာတော့ အသက်အရွယ် ၃ဝ ကျော်လောက်ကနေ ၄ဝ ကျော် တွေပါ သုံးလာတာကို တွေ့ရတယ်'' လို့ ကမာရွတ်မြို့နယ်က အင်တာနက်ဆိုင် တဆိုင်က ပြောပါတယ်။

ဒီဆိုင်တဆိုင်တည်း မဟုတ်ပါဘူး၊ တခြား အင်တာနက်ဆိုင်များမှာလည်း ဒီအနေအထားကို တွေ့ကြရမှာပါ။

Facebook ကိုမှ မရောက်လိုက်ရရင် အင်တာနက်သုံးတယ်လို့ မခေါ်ဘူးလို့ ပြောရမလို ဖြစ်နေပါပြီ။

Facebook ကို သူငယ်ချင်းများနဲ့ ဆက်သွယ်ရေးအတွက် သုံးသူတွေ ရှိသလို သတင်းဌာနတွေ၊ အသင်းအဖွဲ့တွေကလည်း သူတို့ ထုတ်ပြန်သမျှ ကမ္ဘာပြန့်ဖို့အတွက် သုံးပါတယ်။

အဖွဲ့တခုရဲ့ Facebook

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့ တဖွဲ့က ဒီလို ဆိုပါတယ် -
''ကျွန်တော်တို့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့ သစ်ပင်စိုက်ပွဲတို့၊ စက်ဘီးစီးပွဲတို့၊ သွေးလှူပွဲတို့ လုပ်မယ်ဆိုရင် Facebook စာမျက်နှာကို တင်လိုက်တယ်။ အဲဒီကနေ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေထည့်ပေးလိုက်တော့ လူတိုင်းကို ဖိတ်စရာမလိုတော့ဘဲ စိတ်ဝင်စားတဲ့ လူတွေက ဆက်သွယ်လာကြပါတယ်''

ရန်ကုန်အခြေစိုက် ဂျာနယ် သတင်းထောက်တဦးကတော့ Facebook ဟာ သတင်းတွေကို အမြန်ဆုံးတွေ့ရတဲ့ နေရာဒေသဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူက နေ့တိုင်း Facebook သုံးပါတယ် တဲ့။

'Facebook စာမျက်နှာက လူတော်တော်များများ သုံးကြပြီး သူတို့နားမှာ မီးလောင်တာပဲဖြစ်ဖြစ်၊ ထူးဆန်းတာတခုခုကို ဓါတ်ပုံရိုက်ပြီး တင်တာတို့ စာရိုက်ပြီး တင်တာတို့ကို လုပ်လာကြတဲ့အတွက် ဘယ်နေရာမှာ ဘာဖြစ်နေလဲ ဆိုတာကို ချက်ချင်းတောင် သိရပါတယ်။ သတင်းအစအန တော်တော် များများကို Facebook ကနေရပါတယ် လို့ သူက ပြောပါတယ်။

အခု နောက်ပိုင်းမှာဆို နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ အနုပညာအသိုင်းအဝိုင်း စတဲ့ နယ်ပယ်က ကျော်ကြားသူတွေလည်း Facebook ကို အသုံးပြုလာကြပြီး အများပြည်သူတွေနဲ့ ထိတွေ့ ဆက်ဆံတာတွေ ပြုလုပ်လာကြပါတယ်။


===========================
~ ပြည်ပရောက် မြန်မာသတင်းထောက်တယောက်နဲ့ Facebook ~
Facebook သုံးရတာက မြန်မာပြည်တွင်းက လူတွေ၊ အကြောင်းအရာတွေနဲ့ အဆက်မပြတ်ချင်လို့..
Facebook မှာက ဓါတ်ပုံရှယ်သူ စတေးတပ်မှာ သူတို့ပတ်ဝန်းကျင်က အဖြစ်အပျက်တွေကို ရေးပြနေသူတွေ အများအပြားရှိတယ်။
ကျမက လူတွေအကြောင်း စိတ်ဝင်စားတယ်။ အဲဒါကြောင့် သုံးဖြစ်တာပါ။
နောက်ပီးတော့ ကိုယ့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း ကိုယ်သိထားတာတွေကို ကိုယ့် Facebook wall ပေါ်ကနေ ဝေမျှချင်တာလည်း ပါတယ်။
သူတို့နဲ့က အမြဲတမ်း မဆုံဖြစ်ဘူး။ ဖုန်းမဆက်ဖြစ်ဘူး။ အချိန်မပေးနိုင်ကြဘူး။ ဖုန်းဆက်ရင်လည်း ကုန်ကျစရိတ်ရယ် အလုပ်ချိန်ရယ် အဲလိုတွေ ကြည့်ရတယ်။
နောက်ပြီး ငယ်ငယ်က ကွဲကွာသွားခဲ့တဲ့ သူငယ်ချင်းတွေကို ပြန်ရှာပီး အဆက်သွယ် လုပ်ရတဲ့အတွက်လည်း Facebook ကို စပြီး သုံးဖြစ်ခဲ့တာ
အရင်က အကောင့်ဖွင့်ထားပြီး ပထမ ၂ နှစ် ၃ နှစ်လောက်က သုံးရကောင်းမှန်း မသိခဲ့ဘူး။
===========================

Facebook သုံးစွဲတာဟာ အားသာချက်တွေ အများကြီးရှိသလို အားနည်းချက်တွေလည်း ဒုနဲ့ဒေးပါပဲ။
ပုဂ္ဂိုလ်ရေးရာ ဝေဖန်တိုက်ခိုက်မှုတွေလည်း၊ မဟုတ်မမှန် သတင်းဖြန့်မှုတွေလည်း ရှိနေသေးတာကို တွေ့ရပါတယ်။

Facebook သုံးစွဲသူ အသက်၂၅နှစ်ခန့် အမျိုးသမီးတဦးက -
''မိန်းကလေးတွေ တော်တော်များများ သူတို့ရဲ့ ဓါတ်ပုံတွေကို Facebook မှာ update အမြဲ တင်တတ်တာ တွေ့ရပါတယ်။ Facebook ပေါ်မှာ လူပေါင်းစုံ ရှိနေတော့ တချို့ လူတွေက ဓါတ်ပုံတွေကို ဖြတ်ညှပ်ကပ် လုပ်တာတို့၊ မဟုတ်မမှန် လုပ်ကြံတာတို့ကို လုပ်လာကြတာတွေ့ရတော့ ကိုယ့်ဓာတ်ပုံတွေကို ကိုယ့်သူငယ်ချင်းတွေလောက်ပဲ ဖြစ်ဖြစ် ပြတာမျိုး လုပ်ထားသင့်တယ်လို့ မြင်ပါတယ်'' လို့ ပြောပါတယ်။

အခုချိန်မှာဆို ကမ္ဘာပေါ်မှာ Facebook ကို ပုံမှန်သုံးစွဲသူ ၉၅၅ သန်း ရှိနေပါပြီ။

ကိုယ့်အသိုင်းအ၀ိုင်း၊ ကျောင်း၊ ကျူရှင်၊ လုပ်ငန်းခွင်တွေထဲက သူငယ်ချင်းတွေနဲ့ တွေ့ဖို့၊ ကမ္ဘာအရပ်ရပ်က မိတ်ဆွေတွေနဲ့ တွေ့ဖို့၊ ကမ္ဘာအရပ်ရပ်ကို ဆက်သွယ်ဖို့
သုံးရမှာကတော့ လောလောဆယ် Facebook.com ပဲ ဖြစ်ပါတယ်။ တခြား ကွန်ရက်စာမျက်နှာတွေ သူ့ကို ကျော်တက်မယ့် အရိပ်အယောင် မတွေ့ရသေးဘူးလို့ ဆိုနိုင်ပါတယ်။


twitter
facebook

~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved