လက်ပံတောင်းမှာ လုံထိန်းနဲ့ ဒေသခံ ထိပ်တိုက်တွေ့

Monday, October 29, 2012

~

 

မန်းသားလေး ~

(ဓာတ်ပုံ - ဂျေပိုင်)

မုံရွာခရိုင် လက်ပံတောင်းတောင်စီမံကိန်းဒေသ ဆည်တည်းရွာတွင် စနေနေ့ နံနက်ပိုင်းက ဒေသခံတချို့နှင့်   လုံထိန်းရဲတို့ ထိပ်တိုက်တွေ့ခဲ့ကြောင်း သိရသည်။

တရုတ်ကုမဏီဝန်ထမ်း နှစ်ဦးက ဒေသခံတို့၏ စိုက်ခင်းပေါ်သို့ စွန့်ပစ်မြေ သွားရောက်ပုံသည့်အတွက် ဒေသခံ ၄၀ ကျော်က  ၀ိုင်းဝန်း ကန့်ကွက်ကြရာမှ လုံထိန်းတို့ ရောက်လာပြီး ထိပ်တိုက်တွေ့ကြခြင်းဖြစ်သည်ဟု သိရသည်။

“ယာမြေအတွင်းမှာ စိုက်ပျိုးထားတဲ့  သီးနှံတွေက အပွင့်တွေ ပွင့်နေပါပြီ။ ခုတော့ ကျွန်မတို့ စိုက်ထားတဲ့ သီးနှံတွေ ဆုံးရှုံးနေရပြီ” ဟု ဆည်တည်ကျေးရွာမှ ဒေသခံတဦးက ပြောသည်။

အလျော်စားပြန်ပေးရန်၊ မြေစွန့်ပစ်သူ ၂ ဦးကို ခေါ်ပေးရန် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက် တာဝန်ရှိသူများကို ၀ိုင်းဝန်းတောင်းဆိုကြကြောင်း၊ ထိုသို့ တောင်းဆိုသည့် ဒေသခံ လူ ၄၀ကျော် အကြား တရုတ်ဝန်ထမ်း ၂ ဦး အချိန်အတော်ကြာ ပိတ်မိသွားကြောင်း သိရသည်။

“ပိတ်ထားတာမျိုး မဟုတ်ပါဘူး။ သူတို့ကို အကျိုးကြောင်းပြောပြီး တောင်းဆိုတဲ့ သဘောပါ။ လူအင်အားများတော့ တစ်ယောက်တစ်ပေါက်နဲ့ဆိုတော့ နဲနဲ ဂယက်ရိုက်သလို ဖြစ်သွားတာပါ။ အဲဒါကို လုံထိန်းရဲတွေ ကားတွေနဲ့ ရောက်လာပြီး ဒေသခံတွေကို ၀င်ရိုက်သွားတာပါ။ အမျိုးသမီးတွေကိုလည်း မညှာပါဘူး။ လက်သီးတွေနဲ့ ထိုးပါတယ်။ လက်တွေလည်း လိမ်ချိုးပါတယ်” ဟု  ယင်းအဖြစ်ပျက်တွင် ကိုယ်တိုင် မြင်တွေ့ခဲ့သည်ဟု ဆိုသော  ကိုဇော်ဦးက ပြောသည်။

“ရဲတဦးက ကျွန်မကို လက်သီးနဲ့ထိုးတယ်။ ကျွန်မနှုတ်ခမ်းမှာ ဒဏ်ရာရသွားတယ်။ ခုထိ ခေါင်းလည်းမူးနေတုန်းပါဘဲ။ ယောကျာင်္းလေးတဦးဆို ဆေးကုယူရတယ်” ဟု  ဆည်တည်းကျေးရွာသူတစ်ဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။

ဝင်ရောက်စီးနင်းသည့် ရဲအင်အားမှာ ၂၀၀ ကျော်ခန့်ရှိပြီး အမျိုးသားများကို လက်ကိုင်တုတ်များနှင့် ရိုက်နှက်ခြင်း၊ လက်များကို ချိုးလိမ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ရဲများ၏ အကြမ်းပတမ်းဝင်ရောက် စီးနင်းမှုကြောင့် အသက်ကြီးသူများ နေရာတွင် သတိလစ်မေ့မျောခဲ့ကြောင်း  ဒေသခံများက ပြောကြသည်။ 

အမျိုးသမီးတို့ကို  ၀င်ရောက်ထိုးသည့် ရဲများတွင် အဆိုးဆုံးမှာ အရာရှိတဦးဖြစ်ကြောင်း၊ ယင်းနေ့ညနေပိုင်းတွင် ဒေသခံ ၂၀၀ ကျော်က ဆားလင်းကြီးမြို့နယ် ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားထားကြောင်း ဒေသခံတို့က ပြောသည်။

ဆက်စပ် - မုံရွာမြို့နယ်မှူးကို အမျိုးသမီးများ တရားစွဲမယ်










-

3 comments :

  1. Anonymous said... :

    စစ်သားပြီးတော့ ဗမာပြည်မှာ ရဲသောင်းကျန်းနေတယ်ပေါ့။ ဗမာပြည် (မြန်မာပြည်) ကို မပြန်ချင်တာ အဲဒီအကြောင်းတွေက ထိပ်ဆုံးကပေါ့။ ကသိန်းစိန်က စစ်သားမပါစေဘဲ ရဲတွေခိုင်းနေတယ်ထင်တယ်။

  1. Anonymous said... :

    မြန်မာပြည် အခြေအနေကောင်းမှပဲ ပြန်မတဲ့လား ကိုမျိုးချစ်ရေ။ အခြေအနေကောင်းအောင်တော့ ၀ိုင်းလုပ်ဖို့  လိုတယ်မထင် ဘူးလား။

  1. Anonymous said... :

    အပေါ်ကလူရဲ့ ကွန်မန့်ကိုလည်း ကြိုက်သဗျာ။ အောက်ကရေးထားတဲ့သူရဲ့ကွန်မန့်ကိုလည်း ကြိုက်သဗျာ။ ဒါပေမယ့် အောက်ကလူရေ ဘယ်လိုဝိုင်းလုပ်ရမလဲဟင် ဗမာပြည်ပြန်ပြီးတော့ ဓားရှည် တစ်ချောင်းယူပြီး ရဲတွေကို လိုက်ခုတ်ရမှာလား:)) အခြေအနေကောင်းအောင်ဘယ်လို လုပ်ရမလဲ၊ အကြံလေးပေးပါအုံး။ အခုတောင် ရဲရိုက်လို့သေတဲ့မသာတွေ ဗမာပြည်မှာဒုနဲ့ဒေး။ နဲနဲရှင်းရှင်းပြောပါ အခြေအနေကောင်းအောင် ဘာလုပ်ရမလဲဆိုတာ???

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved