မုန်တိုင်းကို ဆန်၍ ပင်လယ်ကိုဖြတ်သူ ပဒို မန်းငြိမ်းမောင် မှတ်ပုံတင်ရပြီ

Tuesday, October 9, 2012


တချိန်က မီးရထား ၀န်ကြီး ဦးအောင်မင်း (ယာ)၊ မန်းငြိမ်းမောင် ( အလယ်)နှင့် လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီ တို့ကို မတ်လ ၂၄ ရက်နေ့က တွေ့ရပုံ၊ ဓာတ်ပုံ- KIC


ကျော်ခ ~

ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ခေါင်းဆောင်ဟောင်း ပဒိုမန်းငြိမ်းမောင်ဟာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီတို့ရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ လဆန်းပိုင်း က နိုင်ငံသားစီစစ်ရေးကဒ် (မှတ်ပုံတင်) ရရှိသွားပြီဖြစ်ပါတယ်။ 

ပဒို မန်းငြိမ်းမောင်ဟာ မှတ်ပုံတင်ရရှိရေးအတွက် နေပြည်တော်ကိုသွားရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်းရဲ့ အိမ်မှာ တည်းခိုကာ မှတ်ပုံတင်ရရှိရေးအတွက် ဝန်ကြီး ဦးခင်ရီ က စီမံပေးခဲ့တာပါ။

မှတ်ပုံတင်လာရောက်လုပ်ကိုင်တဲ့အချိန်မှာ အစား၊ အသောက်နဲ့ နေထိုင်ရေးတွေကို ဝန်ကြီး ဦးအောင်မင်း က ကူညီပေးခဲ့သလို ခရီးစရိတ်တွေကိုလည်း ထုတ်ပြီးကူညီ ပေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကရင်ပြည်နယ် ထဲက အချို့နေရာတွေမှာ ဝန်ကြီး ဦးခင်ရီရဲ့ လဝက ဝန်ထမ်းတွေကလည်း မှတ်ပုံတင် မရှိသေးသူတွေကို စီမံချက်နဲ့ မှတ်ပုံတင်တွေ လုပ်ပေးနေတာတွေလည်းတွေ့ရပါတယ်။ 

ပဒို မန်းငြိမ်းမောင်ဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လပိုင်းထဲမှာ နိုင်ငံကူးလက်မှတ် အထောက်အထား မပြည့်စုံမှုနဲ့ တရုတ်ပြည် ကူမင်းလေဆိပ်ကနေ မြန်မာနိုင်ငံကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး အင်းစိန်ထောင်မှာ ချုပ်နောင်ခဲ့ပြီး လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ရုံးတင်တရားစွဲဆိုခဲ့ပါတယ်။ 

အဲဒီနောက် အစိုးရက သူ့ကို နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်မှု နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်မှု ပုဒ်မ ၁၂၂/၁ နဲ့ တသက်တကျွန်း၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ၃ နှစ် ချမှတ်ခံခဲ့ရသူပါ။ 

သူအဖမ်းအဆီးခံနေရတဲ့ အချိန်မှာ မိခင်အဖွဲ့အစည်း KNU နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကိစ္စအတွက် ဆွေးနွေးနေကြတဲ့ အချိန်လည်းဖြစ်ပါ တယ်။ 

အဲဒီကာလမှာ ပဒိုမန်းငြိမ်းမောင်နဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေ မိတ်ဆွေဖြစ်ခဲ့ကြပြီး ပဒို မန်းငြိမ်းမောင်က KNU နဲ့ အပစ်ခတ်ရပ်စဲရေးအတွက် အကူညီအချို့ပေးခဲ့တယ်လို့လည်း သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။ 

ထောင်ဒဏ် တသက် တကျွန်းနဲ့ ၃ နှစ်ချခံထားရတဲ့ ပဒို မန်းငြိမ်းမောင်ဟာ ဒီနှစ် မက်လ ၁၉ ရက်နေ့က သမ္မတ ဦးသိန်းစိန်ရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ပြန်လည်လွှတ်မြောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ တို့ကိုတိုင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ထိ လိုက်ပို့ခဲ့ကြပါတယ်။ 

မဲဆောက်ကိုပြန်ရောက်ပြီး ၅ လအကြာမှာ အစိုးရ ဝန်ကြီးဌာနတွေ ရုံးစိုက်ရာဖြစ်တဲ့ နေပြည်တော် ကို နိုင်ငံသား စီစစ်ရေးကဒ် လုပ်ဆောင်ဖို့ရောက်သွားပြီး ဝန်ကြီး ဦးအောင်မင်း၊ ဦးခင်ရီတို့ကိုတိုင် ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။ 

ဒီအချိန်မှာ KNU အဖွဲ့ကြီးမှာတော့ သဘောထားကွဲမှုတွေဖြစ်နေပြီး ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနမှ နဲ့ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို KNU က ရာထူးကနေ ရပ်စဲလိုက်တာတွေဖြစ်နေ ပါတယ်။ 

ပဒိုမန်းငြိမ်းမောင် တစ်သက်တကျွန်းပေးခံရပြီး လွှတ်မြှောက်လာတာဟာ အခုတကြိမ်တည်းမဟုတ်ပါဘူး။ ဟိုးအရင်ကလည်း သူ့ကို တစ်သက်တကျွန်းပြစ်ဒဏ်ပေးခံခဲ့ရဖူးပြီး ကိုကိုးကျွန်းကိုပို့ခံခဲ့ရဖူးပါတယ်။ 

အဲဒီတုန်းက ကိုကိုးကျွန်းကနေပြီး မိုင် ၂၀၀ ရှိတဲ့ ခရီးပင်လယ်ကို လှေနဲ့ဖြတ်ကျော်လာခဲ့သူပါ။ အဲဒီ စွန့်စား ခဲ့တဲ့ အကြောင်းတွေကို သူကိုတိုင်ရေးသားပြီး “မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ” ဆိုတဲ့ နာမည် နဲ့ စာအုပ်ကို ထုတ်ဝေခဲ့ဖူးပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved