တောင်ကြီးမီးပုံပျံပြိုင်ပွဲအတွက် ပြင်ဆင်သူ ၅ ဦး မီးလောင် ဒဏ်ရာရ

Saturday, November 10, 2012







ဂျွန်ချစ်ငြိမ်း(တောင်ကြီး) ~


ကြာသပတေးနေ့ ည ၁၁း၀၀ နာရီခန့်က တောင်ကြီးမြို့၊  သစ်တောရပ်၊ ကမ္ဘောဇလမ်း၊ အိမ်အမှတ် (၁၂၀) တွင် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့သည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲဝင်မည့် စေတန် မီးအဖွဲ့က စမ်းသပ် လွှတ်တင်လိုက်သည့် မီးရှုးတစ်ခုမှာ ဓာတ်ကြိုးနှင့်ထိပြီး ယမ်းစပ်နေသည့် နေရာတွင် ကျသဖြင့် ပေါက်ကွဲလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း၊ မီးသတ်အဖွဲ့က သွားရောက် ငြှိမ်းသတ်ရာည၁၁း၂၅ တွင် မီးငြိမ်းခဲ့ကြောင်း သစ်တောရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ထိုမတော်တဆအမှုကြောင့် ယမ်းစပ်နေကြသည့် စေတန်မီးအဖွဲ့မှ ကိုရေခဲ၊ လွင်မောင်မောင်၊ ကျော်ဇင်(အိမ်ရှင်)၊ အီးတီ၊ စိုင်းမွန်းကျော်တို့(၅) ဦးစလုံး တစ်ကိုယ်လုံး လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့ပြီး၊ တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးတွင်အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရကြောင်း၊  ကိုရေခဲနှင့် စိုင်းမွန်းကျော်တို့ နှစ်ဦး ဒဏ်ရာ ပိုမို ပြင်းထန်ကြောင်း စေတန်မီးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

         ယမ်းမီးလောင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခုနှစ်သောင်းခန့် ရှိနိုင်ကြောင်း မီးသတ်ဦးစီးဌာနက ပြောသည်။

အမှတ်(၁) ရဲစခန်းက အိမ်ရှင်ဖြစ်သူအား ပြစ်မှုပုဒ်မ၂၈၅/၃၃၅ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

        တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲအတွက် ယမ်းစပ်ရာတွင် မတော်တဆ လောင်ကျွမ်းမှုများရှိပြီး၊  ယခင်လကလည်း နတ်စောင်းမီးအဖွဲ့ လောင်ကျွမ်းမှုဖြစ်ပွားခဲ့သေးကြောင်း၊  နှစ်စဉ်ထိခိုက် ဒဏ်ရာရမှုများရှိကြောင်း မြို့ခံများက ပြောကြားသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved