လုပ်ငန်းလိုင်စင်ပြန်ရတဲ့ ရိုးမဘဏ်

Friday, December 7, 2012


~



ရွက်စိမ်း ~

၉ နှစ်ကြာ အကန့်အသတ်ခံခဲ့ရတဲ့ ရိုးမဘဏ်က မကြာခင် လုပ်ငန်း အပြည့်အ၀ ပြန်ပြီး လည်ပတ်နိုင်တော့မယ် တဲ့။

ရိုးမဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေက နိုဝင်ဘာ၂၆ ရက်နေ့ မှာ  ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

(ဓာတ်ပုံ - ရိုးမဘဏ်)
အဲဒီ ၉ နှစ် ကာလအတွင်း ရိုးမဘဏ်ဟာ  ငွေလွဲတဲ့လုပ်ငန်းတစ်ခုပဲ လုပ်ခွင့်ရခဲ့တာပါ။

“အခု လိုင်စင်ပြန်လည်ရရှိတဲ့အတွက်ကြောင့် ဘဏ်ဆိုင်ရာ  လုပ်ငန်းတွေကို ပြန်လည် လုပ်ဆောင်ဖို့အတွက် ပြင်ဆင်နေပါတယ်” လို့ ဘဏ် ဥက္ကဋ္ဌ ဦးသိမ်းဝေက ပြောပါတယ်။

၂၀၀၃ ခုနှစ်မှာ  ရိုးမဟာ အာရှဓန၊ မြန်မာမေဖလားဝါး၊ မြန်မာယူနီဗာဆယ် အစရှိတဲ့ ဘဏ်များနဲ့အတူ လုပ်ငန်းလိုင်စင် အပိတ်ခံရပါတယ်။
ငွေကြေး ခ၀ါချမှုမှာ ပါဝင် ပတ်သက်ခြင်း၊ လုပ်ငန်းစည်းကမ်းဖောက်ဖျက်ခြင်း စတဲ့ အမှုတွေနဲ့ ဆက်နွယ်တယ် လို့ စွပ်စွဲ ခံရပြီး အရေးယူခံရတဲ့ ဘဏ်တွေပါ။

ဘဏ်ဥက္ကဌ ဦးသိမ်းဝေက “ရိုးမဘဏ် လုပ်ကိုင်ခွင့်လိုင်စင် ဘာကြောင့် ပိတ်သွားတာလဲ ဆိုတာတော့ သက်ဆိုင်တဲ့သူကို မေးမှ သိမှာပါ။ ကျွန်တော့်ကို မေးလို့ မရပါဘူး” လို့ ပြောပါတယ်။

  လိုင်စင်ပြန်လည် ရရှိပြီ ဖြစ်တဲ့အတွက် တခြားဘဏ်တွေလိုပဲ ငွေစု၊ ငွေလွှဲ၊ ချေးငွေ ဆိုင်ရာ လုပ်ငန်းတွေကို ပြန်လည်  လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေးဆိုင်ရာတွေ ပြုပြင်ပြောင်းလဲနေချိန်မှာ လုပ်ငန်းရှင်တွေအတွက် အလိုအပ်ဆုံးက ချေးငွေပါပဲ၊  ထုတ်ချေးပေးနိုင်စေဖို့အတွက် ပြင်ဆင်ရမယ့် အချိန်က နှစ်လလောက် ကြာမြင့်မှာ ဖြစ်တယ်၊ ဒါကြောင့်  ချေးငွေအပိုင်းကို  မကြာခင်   စတင်နိုင်ချေ ရှိတယ်လို့    ဆိုပါတယ်။   
                                       
၁၉၉၃ မှာ တည်ထောင်ခဲ့တဲ့ ရိုးမက တနိုင်ငံလုံးမှာ ဘဏ်ခွဲပေါင်း ၄၀ ကျော် ရှိပါတယ်။





















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved