လှည်းတန်းလမ်းဆုံပြဿနာရှင်းပေးမယ့် တံတားကြီးအခြေအနေ

Sunday, December 23, 2012

  -
 
ရန်ကုန်က နာမည်ကျော်လှည်းတန်းလမ်းဆုံမှာ  ခုံးကျော်တံတားကြီး  ဆောက်နေတာ အဆုံးမသတ်နိုင်သေးပါဘူး။

ဒီနေရာဟာ  လမ်း ၅ ခု ဆုံတဲ့ အတွက် ဒီမှာ မီးပွိုင့်မိပြီဆိုရင် တခြားနေရာထက် ပိုပြီး ကြာကြာ စောင့်ရတာပါ။

ဒီနေရာမှာ ပေါ်ပေါက်လာမယ့် တံတားကြီးပေါ် ကားတွေ ဖြတ်သွားနိုင်ပြီ ဆိုရင်တော့ ဒီလမ်းဆုံ အသုံးပြုသူတွေ စိတ်ချမ်းသာနိုင်ပါပြီ။

အခုတော့ တံတားက ဆောက်လက်စ၊ တိုင်တွေထူပြီးစ ဖြစ်တာကြောင့် စိတ်မချမ်းသာနိုင်သေးပါ။

ရန်ကုန်ပြည်လမ်း နေရာအများအပြားမှာ ဆောက်လုပ်ရေးစီမံကိန်းအတွက် မဖြစ်မနေ လမ်းပိတ်ထားပါတယ်။ အဲဒါကြောင့် ယာဉ်ကျောပိတ်မှုပိုဖြစ်၊ ပိုပြီး စိတ်ညစ်ဖို့ကောင်းနေပါတော့တယ်။

ခေတ်ဟောင်းနည်းနဲ့ ပျဉ်ဖြတ်နေတဲ့ လုပ်ငန်းခွင်ကို မနေ့က ညနေပိုင်းမှာ အထက်ကပုံအတိုင်း တွေ့ခဲ့ရပါတယ်။
လုပ်ငန်းခွင် တနေရာမှာတော့ အလုပ်သမားတချို့ ပျဉ်ချောင်းတွေ ဖြတ်နေပါတယ်။ စက်နဲ့ဖြတ်တာ မဟုတ်ပါ။ လွှရှည်ကို တယောက်တဘက်ကိုင်ပြီး ဖြတ်နေကြတာပါ။ ဘာကြောင့် အလုပ်တွင်မယ့် ဖြတ်စက် အသုံးမပြုသလဲ မသိရပါ။

တံတားကြီး မြန်မြန်ပြီးဖို့ လိုအပ်သလို စံချိန်မီဖို့၊ ကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ်။

တံတားကောင်းကောင်းတခု ပေါ်ပေါက်ရေးအတွက် စီစဉ်ဆောင်ရွက်နေရလို့ အချိန်တွေ ကြာနေတာ ဆိုရင်တော့ လက်ခံစရာပါ။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ကိုယ့်အတွက် ပိုကျန်အောင်  လုပ်နေလို့ သို့မဟုတ် စီမံခန့်ခွဲမှု အားနည်းနေတာလို့ အချိန်တွေ ကြာနေတာလား ဆိုပြီးတော့လည်း မေးခွန်းထုတ်သင့်ပါတယ်။

ဒီလိုလုပ်ငန်းတွေကို လေ့လာဖို့၊ စုံစမ်းထောက်လှမ်းဖို့ကလည်း မီဒီယာတွေ၊ စောင့်ကြည့်တဲ့အဖွဲ့တွေအတွက် အခြေအနေ မပေးသေးပါဘူး။

တခါတလေတော့လည်း ဖြည်းဖြည်းမောင်းပါ ဆိုတဲ့ ဆိုင်းဘုတ်က မိနစ်အတန်ကြာ စောင့်ဆိုင်းနေတဲ့ ကားများကို ပြောင်လှောင်နေဟန် ရှိပါတယ်။
ဒီတံတားကြီးကို လာမယ့် ဧပြီလမှာ  အပြီးသတ်ဆောက်လုပ်မယ် ဆိုတဲ့ တည်ဆောက်ရေးကုမ္ပဏီက တာဝန်ရှိသူ တယောက်ရဲ့ ပြောဆိုချက်ကို အောက်တိုဘာ ၁၄ ရက်စွဲတပ် The Myanmar Independent သတင်းဂျာနယ်မှာ ဖော်ပြထားပါတယ်။

သူခန့်မှန်းတာ မှန်မယ် ဆိုရင်တော့ လပိုင်းအတွင်း တံတားကြီး ပေါ်ပေါက်လာတော့မှာပါ။ တံတားတည်ဆောက်မှု ၁၃ လပဲ ကြာမယ် ဆိုတဲ့ သဘောပါ။

မီးပွိုင့်မိချိန် ကားအပြင်ထွက် မတ်တပ်ရပ် အညောင်းဖြေနေဟန်ရှိတဲ့ အငှားယာဉ်မောင်းသူ
တံတားကြီး ပြီးသွားရင်တော့ ရန်ကုန်ပြည်လမ်းပေါ်က ကားတွေဟာ ဒီလမ်းဆုံကို မီးပွိုင့်စောင့်စရာမလိုဘဲ တံတားပေါ်က သွားနိုင်မှာ ဖြစ်ပါတယ်။

အခုတော့ မစိမ်းနိုင်တဲ့ မီးပွိုင့်ကို စိမ်းတဲ့အထိ စောင့်နေကြရတာပါ။ စောင့်နေတော့ မီးပွိုင့်က စိမ်းဖို့ ပိုကြာနေသလို ဖြစ်နေပါတော့တယ်။--


























-

1 comments :

  1. Unknown said... :

    ဒီစီမံကိန်းသည် အစိုးရသစ်၏ မြောက်များ လှစွာသော အမှားများ၊ ပြောစရာများထဲက တစ်ခုဖြစ်ပါတယ်။ နံပါတ်စဉ်အလိုက် ပြောရယင်ဖြင့်
    (၁) ဒီတံတားတည်ဆောက်ခွင့်ကိုရရှိသည့် ကံထရိုက်တာ ကုပ္မဏီကို မည်သို့
    ရွေးချယ်လိုက်ပါသနည်း၊
    (၂) စီမ်ံကိန်းကုန်ကျစရိတ်မည်မျှနှင့် သဘောတူခဲ့ကြပါသနည်း
    (၃) သဘောတူခဲ့ကြသည့် စာချုပ်အသေးစိတ်ကို ပြည်သူလူထုသိရှိအောင် မည်သည့်အတွက်ကြောင့် မပြနိုင်ပါသနည်း
    (၄) Artist concept ဟုခေါ်သော ပြီးသွားလျှင် ဖြစ်ပေါ်လာမည့် တံတားပုံစံလေးကိုတောင် ယခုအထိ ပြည်သူအား မပြနိုင်သေးတာ ဘာကြောင့်ပါလဲ
    (၅) လှည်းတန်းလမ်းဆုံသည် လမ်းမကြီး၅ခုဆုံသော နေရာဖြစ်သောကြောင့် ယခုပြုလုပ်နေသော လမ်း၂ခုအတွက်သာ ရိုးရိုးလေး ကျော်ထားသော တံတားသည် မည်သည့်နည်းနှင့်မျှမလောက်ပါ၊ အာဆီယံနိုင်ငံများရှိ ဂုံးကျော်တံတားများကို ကျွန်တော်တို့ အစိုးရ မမြင်ဖူးလို့တော့ မဖြစ်နိုင်ပါ၊ ခရုပတ်သလို တည်ဆောက်ထားသော တံတားများမှသာ ရေရှည်အတွက် အဆင်ပြေမည်ဖြစ်ပါသည်။ ယခုလောလောဆယ် တည်ဆောက်မှုစရိတ်မတတ်နိုင်လို့ ရိုးရိုးလေးပဲ လုပ်ထားသည်ဆိုလျှင်လဲ နောင်တစ်ချိန်အတွက် Extension လုပ်လို့ရအောင် တည်ဆောက်ဆဲ တံတား၏ Design တွင် Plan လုပ်ထား ပါသလား၊

    သူများတိုင်းပြည်တွေမှာ အများအပြား တည်ဆောက်နေတာ ရိုးလို့နေပါပြီ၊ ကျွန်တော်တို့မှာ ဒါလေးတစ်ခု နှစ်ခုဆောက်ပါတယ်၊ မေးလိုက်ရတဲ့ လားပေါင်းများစွာ၊ လေးလေးစားစား ပြန်လဲမဖြေကြဘူး၊ ကျွန်တော်တို့ စီးဖို့သွင်းလာသည့် ကားသစ်တွေ အတွက်ကတော့ တစ်စီး သိန်း၆၀ အခွန်ပေးပြီးပါပြီ၊ ကျွန်တော်တို့ဖက်ကတော့ တာဝန်ကျေ အခွန်ပေးပြီး အစိုးရကတော့ အထက်ပါလားပေါင်းများစွာ အဖြေတွေကို မဖြေသေးပါ။ ပြည်သူကို (ကန်တော့ပါရဲ့) သောက်ဂရုစိုက်စရာမလိုဘူး ပေါ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved