ရုပ်ပြောင် ဆရာဝန်လေးများ

Friday, December 14, 2012

~ ရွက်စိမ်း ~

ဓာတ်ပုံ- ရွက်စိမ်း/ဧရာဝတီ 

အထက်ပါ ဓာတ်ပုံထဲက ဆရာဝန်တွေက ဆေးကုတဲ့ ဆရာဝန်တွေတော့ မဟုတ်ပါဘူး။

နှာခေါင်း အတုတွေတပ်၊ မျက်မှန် အကြီးကြီးတွေကိုတပ်ပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အကူအညီ 
ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Clown Doctor (ရုပ်ပြောင် ဆရာဝန်လေးများ) အဖွဲ့ကို ၂၀၁၂ ခုနှစ်  
ဖေဖော်ဝါရီမှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 



ဒီအဖွဲ့က ရန်ကုန် ကလေးဆေးရုံကြီး မှာရှိတဲ့ နာမကျမ်း ဖြစ်နေတဲ့ ကလေးတွေ ဆေးကုသမှုခံယူနေ ချိန်မှာ ပျော်ရွှင်စရာလေးတွေကို ဖန်တီးပေးနေတဲ့ အဖွဲ့လေးဖြစ်ပါတယ်။ ဒီအဖွဲ့က ကလေးတွေ ရဲ့စိတ် ပျော်ရွှင်မှုရအောင် ဂျူတီကုတ် ၀တ်ပြီး ဟသလေးတွေ လုပ်ပြတာပါ။ 



အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မကြည်ငြိမ်းချမ်းကျော်က “ကျွန်မတို့တွေအရင်က လက်ထိုး ရုပ်လေးတွေနဲ့ သူတို့ ကို ပျော်အောင်လုပ်ခဲ့တယ်။ အခုနောက်ပိုင်း မျက်လှည့်ပြတာ၊ သီချင်းဆိုပြီး ကပြတာမျိုးတွေကိုပါ လုပ်နေပါတယ်”လို့ ပြောပါတယ်။ 



အပတ်စဉ် စနေနေ့တိုင်း မနက် ၁၀ နာရီမှ စကာ ရန်ကုန်ကလေး ဆေးရုံကြီး ကိုသွားရောက်ပြီး ကလေးတွေကို စိတ်ခွန်အားပေးတဲ့ ဒီအဖွဲ့လေးကို Bridge Of Life ဆိုတဲ့ အဖွဲ့အစည်း ကနေပြီး ပံပိုးပေးထားတာ ဖြစ်ပါတယ်။ 
  
အခုနောက်ပိုင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း ရန်ကင်း ကလေး ဆေးရုံကိုပါ လူရွှင်တော် ဆရာဝန် 
လေးတွေ သွားရောက်ပြီး ကလေးတွေအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပေး နေပါပြီ။ 

“ကလေးတွေက အစပိုင်းမှာတော့ ကြောက်ကြတယ်။ နောက်ပိုင်း သူတို့နဲ့ ရင်နှီးလာတဲ့ အချိန်မှာ အရမ်းကို ပျော်ရွှင်ကြတယ်။ မိဘတွေ လည်း ပျော်ရွှင်ကြတယ်။ ကလေးတွေက ဆရာဝန် ကို ကြောက် ကြတယ်။ ဂျူတီကုတ် မြင်တာနဲ့ကို ကြောက်နေ တတ်တယ်လေ။ အဲဒါကို သူတို့ စိတ်ထဲကနေ ဖျောက် ချင်တယ်။ ကလေးတယောက် လက်နာနေရင် ဆရာဝန်ကလည်း လက်ကိုပဲ ကြည့်ပြီး ဆေးကုတယ်။ မိဘ တွေကလည်း သူ့လက်ကလေးကိုပဲပိုပြီး အာရုံထားတယ်။ သူ့မှာ ကောင်းနေတဲ့ တခြား လက်တစ်ဖက် နဲ့ လုပ်နိုင်တာတွေ ရှိတယ်။ ဒါကြောင့် သူလုပ်နိုင်တဲ့ ဟာတွေဆီကို ပျော်ရွှင်စရာတွေနဲ့ အာရုံပြောင်းပြီး လုပ်လာနိုင်အောင်ဆောင်ရွက်ပေးတာပါ။ အဲဒီအတွက် ကလေးက သူ့ကိုယ်သူ ပိုပြီး ယုံကြည်မှု ရှိလာစေ ပါတယ်”လို့ မကြည်ငြိမ်းချမ်းကျော်က ပြောပါတယ်။ 



သူတို့အဖွဲ့ ရောက်ရှိသွားတဲ့ ကလေး ဆေးရုံတွေကလည်း ရုပ်ပြောင် ဆရာဝန်လေးတွေကို လိုလိုလားလား လက်ခံ ကြိုဆိုကြပါတယ်။ ကလေး အယောက်စီတိုင်းကို ဖျော်ဖြေပေးကြတာ ဖြစ်ပြီး၊ တခါတလေ ဆေး ကုသမှု ခံယူဖို့ ကြောက်နေကြတဲ့ ကလေးတွေကိုလည်း သူတို့ အာရုံ ပြောင်းသွားအောင် လုပ်ပေးရတာ မျိုးတွေလည်းရှိကြောင်း ၎င်းက ဆက်ပြောပါတယ်။ 

ဒီလိုမျိုး ဆောက်ရွက်နေတဲ့ အဖွဲ့က မြန်မာပြည်မှာ သိပ်မရှိပါဘူး။ နိုင်ငံတစ်ကာမှာတော့ အဖွဲ့အစည်း ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်နေ ကြတာ ရှိပါတယ်။ 

မြန်မာပြည်က Clown Doctors အဖွဲ့ကလည်း သူတို့အဖွဲ့လေးကို ရေရှည်မှာ ခိုင်မာတဲ့ အဖွဲ့အစည်း ဖြစ် ဖို့ကြိုစားနေ ကြပါတယ်။ မန္တလေးမှာရှိတဲ့ ကလေးဆေးရုံကြီးကို သွားဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။





1 comments :

  1. Anonymous said... :

    သာဓုပါ။ ကောင်းသောအလုပ်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်ပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved