ဦးပိုင်နဲ့ ၀မ်ပေါင်ကို တရားစွဲမယ်

Saturday, December 22, 2012


ခင်ဦးသာ ~
မြန်မာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နဲ့ တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ပဏီတို့ကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံလယ်သမားတွေက တရားလိုလုပ်ကာ တရားစွဲဆိုတော့ပါတော့မယ်။ 

ကြေးနီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံ လယ်သမားများ၏ နစ်နာဆုံးရှုံးမှု၊ မကြာသေးခင် က အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရသွားတဲ့ သံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေ အတွက် တရားစွဲဆိုမှာဖြစ်တယ်လို့ အဆိုပါ အမှုကို လိုက်ပေးနေတဲ့ အကျိုးဆောင် ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီသို့ ပြောပါတယ်။ 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ပုဒ်မ ၁၁ အရ သင်္ကြန်မတိုင်ခင် တရားစွဲဆိုမှာဖြစ်ပြီး တရားစွဲဆိုမှု ကို ဒေသခံတွေနဲ့ အတူ ၎င်းတို့ရှေ့နေအဖွဲ့က အခမဲ့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ဦးရောဘတ်စန်းအောင်က ဆိုပါတယ်။ 

“ကျနော်တို့ တရားစွဲမှာက ထာဝရ တားဝရမ်းနဲ့ နစ်နာမှုတွေအတွက် ဖြစ်ပါတယ်။ ပြည်ထောင်စု တရား လွှတ်တော်ချုပ်က လက်မခံရင် စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးမှာ စွဲမှာပါ” ဟု သူက ပြောပါတယ်။ 

ကြေးနီစီမံကိန်းရဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံ ရွာသူ၊ ရွာသားတွေမှာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ တလောကပဲ အက်စစ်ကြောင့် ရောဂါခံစားနေရတယ်လို့ သံသယဖြစ်ခံရတဲ့ ကလေးငယ် ၄ ဦးကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ဆေးစစ်ပေးခဲ့ပြီး အက်စစ်ကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ 

လတ်တလောမှာတော့ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်း ကော်မရှင် ဥက္ကဌ အဖြစ်နဲ့ တာဝန်ပေးပြီး လက်ပံတောင်း ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါ တယ်။
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved