KIA တပ်များ လေကြောင်းဖြင့် အတိုက်ခံရဟုဆို

Thursday, December 6, 2012


~


 သန်းထိုက်ဦး ~

အစိုးရတပ်က လေကြောင်းဖြင့် ကချင်ဒေသကို ထိုးစစ်ဆင်နေကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် KIA/
KIO  အဖွဲ့က ယနေ့ ပြောလိုက်သည်။
KIA ထိန်းချုပ်သည့် လိုင်ဇာမြို့ တရုတ်နယ်စပ်ဂိတ်တွင် ဆိုင်ကယ်မောင်းသူတဦးကို စစ်ဆေးနေသော KIA စစ်သည်တဦး (ဓာတ်ပုံ - ဧရာဝတီ) 
 အင်္ဂါ ညနေ ၃ နာရီခန့်က  စစ်ရဟတ်ယာဉ် ၂ စင်း   ကချင်ပြည်နယ် ပန်းဝါဒေသ အတွင်းရှိ KIA တပ်မဟာ ၁ ဒေသမှ တပ်စခန်းများ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း  KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။
စစ်သည်၊ လက်နက်၊ ရိက္ခာတို့ကို ရဟတ်ယာဉ်ဖြင့် ပို့ဆောင်နေစဉ် KIA တပ် စခန်းများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သူက  ဆိုသည်။

“KIA တပ်စခန်းတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်၊ အဲဒီလို လုပ်ရင်းနဲ့ပဲ တိုက်ပွဲဟာ ပြင်းထန်လာတယ်၊ သူတို့ဖက်မှာ ထိခိုက် များလာတယ်၊ ထိခိုက်များလာတဲ့ အခါမှာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ စပြီးတော့ ဒီရဟတ်ယာဉ်ကို အသုံးပြုပြီး လေကြောင်းကနေ ပစ်ကူပေးတာမျိုး လုပ်လာတာ ဖြစ်တယ်” ဟု ဦးလနန်က ရှင်းပြသည်။

ယခုလ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်၍ KIA တပ်ဖွဲ့နှင့် အစိုးရ ခြေလျင်တပ်ရင်း (ခလရ) ၇၇၊ ၇၄ တပ်ရင်းတို့ ၂ ရက်ခန့် အကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားသည်ဟု ၎င်းက ဆိုသည်။

ယမန်နေ့ကလည်း  တပ်မ ၈၈ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၁၃ တပ်ရင်း တရင်းနှင့် ၁၂၀ မမ လက်နက်ကြီးများ တိုးချဲ့ထားကြောင်း၊ ထိုသို့ စစ်အင်အား တိုးချဲ့ရာတွင် ရဟတ်ယာဉ် အသုံးပြုကြောင်း၊  လက်နက်ကြီးများ အသုံးပြု၍ KIA တပ်စခန်း များကို ဆက်လက် တိုက်ခိုက်လာနိုင်ဖွယ်ရှိကြောင်း ဦးလနန်က ဆိုသည်။

မြန်မာအစိုးရက KIA ပြောဆိုသည့် ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်ခြင်း အပါအ၀င် ကချင်ဒေသ စစ်ရေး၊ ဒုက္ခသည်အရေး အခြေအနေများကို လတ်တလော သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

မြစ်ကြီးနားမြို့မှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးစန်းအောင်ကလည်း  အစိုးရတပ်က  KIA ကို ရဟတ်ယာဉ် များဖြင့် တိုက်ခိုက်နေသည်ဟု ကြားသိရကြောင်း ပြောသည်။

“ဒီအတိုင်းဆိုရင် ကျနော်တို့ ဆွေးနွေးဖို့ မဖြစ်သေးဘူး၊ ဒီနေ့လည်း လေယာဉ်တွေ သွားနေတာ တွေ့တယ်” ဟု ၎င်းက ဆိုသည်။

KIO ၏ အဆိုအရ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA ထိန်းချုပ်ရာ ဒေသများသို့ အစိုးရ စစ်တပ်များ တပ်အင် အား၊ လက်နက်ခဲယမ်း နှင့် ရိက္ခာများ တိုးချဲ့မှုများ ရှိနေသဖြင့် ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ တိုက်ပွဲများ အရှိန်မြှင့် လာဖွယ်ရှိကြောင်း သိရသည်။

တိုက်ပွဲများကြောင့်   ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁   နိုဝင်ဘာမှ စတင်၍ အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံ များမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။





















--

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved