၂ လီတာ ရေပုလင်းကို မီးသီးအဖြစ်သုံးပုံ

Sunday, May 6, 2012 9 comments


မြန်မာနိုင်ငံလို လျှပ်စစ်မီး မလုံလောက်ပဲ အလင်းငတ်လင့်နေတဲ့ နိုင်ငံတွေအတွက် အလွန်သင့်တော်တဲ့ နည်းပညာတခုပါ။ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းမှုဆိုင်ရာ နည်းပညာ တခုဖြစ်တဲ့ ၂ လီတာ ရေပုလင်းတွေ ထဲ ရေထည့်၊ မျက်နှာကျက်မှာ လျှပ်စစ် အလင်းအစားသုံးတဲ့ နည်းစနစ်တခု Green Cupboards အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် နိုင်ငံက အိမ်တွင်းလုပ် နည်းပညာ တခုလည်းဖြစ်ပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အပြည့်အ၀ သုံးပြီး ပုလင်း တလုံးကို ၆၀ Watt လျှပ်စစ်မီးသီးတွေလို အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။ အလင်းယိုင်ခြင်း သဘောကို ထူးခြားစွာ အလင်းအတွက် အသုံးပြုနိုင်တာလည်းဖြစ်ပါတယ်။

၂ လီတာ ရေပုလင်းထဲကို ရေအပြည့်ထည့် အဖုံးပိတ်ပြီး အိမ်ခေါင်မိုးမှာ ရေပုလင်းရဲ့ ၃ ပုံ ၁ ပုံကို ဖော်ထားပြီး ကျန် အပိုင်း ကို အိမ်ရဲ့ အတွင်းပိုင်းမှာ မီးသီးအဖြစ် ထားလိုက်တာပါ။ အိမ်တလုံးမှာ အခန်းအကျယ် အ၀န်းအပေါ် မူတည်ပြီး ပုလင်း အရေအတွက်ကို သုံးလို့ ရပါတယ်။ ဒီနည်းစနစ်ကိုပဲ “A litre of Light” လို့ ခေါ်ဆိုပါတယ်။

ဒါကြောင့် ဒီနည်းစနစ်ဟာ မြန်မာနိုင်ငံအတွက် အလွန်အသုံးတည့်ပါတယ်။ အမေရိကန် GE ကုမ္ပဏီကြီးဆီက မီးစက်ကြီး တွေ ၀ယ်စရာလည်း မလိုဘူး။ နောက်မီတာခလည်း ပေးဆောင်စရာမလိုဘူး။ မီးဖြတ်မှာ၊ အလှည့် ကျပေးတာကို စောင့်ရ မှာလည်း မလိုဘူး။

ဒါပေမယ့် ဒီနည်းစနစ်က အဲယားကွန်းတွေ၊ ကွန်ပျူတာ၊ အင်တာနက်သုံးဖို့ လျှပ်စစ်ဓာတ်အားကိုတော့ မထုတ်ပေးနိုင်တာ ကြောင့် ဒါမျိုးတွေပါ သုံးလို့ရမယ့် နည်းစနစ်တခုကို မြန်မာများ တီထွင်နိုင်လိမ့် မယ်လို့မျှော်လင့်တယ်။

ဂျပန်တွေဟာ လောကဓံကို ခံစားရရင် အံတုဘို့ နည်းပညာတွေ တီထွင်နိုင်ကြတယ်။ မြန်မာတွေလည်း အားကျမခံ အမှောင်ထဲက အလင်းရဖို့ အခု ဖိလစ်ပိုင်ထက်သာတဲ့ နည်းပညာသစ်တခုကို နှစ်ပေါင်းများစွာကြာ လာပေမယ့် အခုထိ မတီထွင်နိုင်သေးတာ စဉ်းစားစရာပါ။





ဂေါက်ရိုက်နေတဲ့ ဦးသန်းရွှေနဲ့ အစိုးရဂိုဏ်းသားများ အပြောင်းအလဲ

2 comments



The Lady ဇာတ်ကား ဇာတ်ဝင်ခန်းထဲက ဂေါက်ရိုက်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

နေပြည်တော် ဂေါက်ကွင်းမှာ ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ တယောက် နေ့စဉ်နီးပါး ဂေါက်ရိုက်နေတယ်လို့ သိရပါတယ်။ ကျန်းမာရေးမကောင်းဘူး၊ ကွယ်လွန်ပြီဆိုတဲ့ ကောလာဟလ သတင်းတွေက ဦးသန်းရွှေအတွက်တော့ ယတြာချေပေးလိုက်သလိုပါပဲ။

မြင်တွေ့နေရသူ တချို့အပြောအရ အဖိုးကြီး (ဦးသန်းရွှေ) ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပါပဲ၊ ဦးအေး (ဒု ဗိုလ်ချုပ်ကြီး [ဟောင်း] မောင်အေး) နဲ့ နေ့တိုင်း ဂေါက်ရိုက်နေတာပဲလို့ ပြောကြတယ်။ 


ဒါပေမယ့် လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တယောက်ကတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ အခု မေလ ၃ ရက်နေ့က ရာထူးကနေ နှုတ်ထွက်ခွင့် တောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ စင်ကာပူမှာ သွားရောက်ဆေးစစ်ကြည့်တော့ ကင်ဆာရောဂါခံစားနေရပြီး မျက်စိလည်းမကောင်းဘူးလို့ ဆိုတယ်။ 

ဦးတင်အောင်မြင့်ဦး ခေါင်းဆောင်တဲ့ ခေါင်းမာဂိုဏ်းသားတွေကို အစိုးရအဖွဲ့အတွင်းက ထုတ်ပယ်ပစ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေချိန်မှာ တိုက်ဆိုင်စွာပဲ အခုလို နုတ်ထွက်တဲ့သတင်း ပေါ်လာတာပါ။ 

အာဏာရ ကြံဖွံပါတီထဲမှာလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ ပိုးစိုးပက်စက် အရေးနိမ့်ခဲ့တာနဲ့ ပတ်သက်ပြီး တဦးနဲ့တဦး အပြစ်ဖို့တဲ့ စကားတွေ ကျယ်လောင်လာနေပြီး မကြာမီကာလမှာ ထိပ်ပိုင်း အပြောင်းအလဲလုပ်တော့မယ်လည်း ဆိုနေကြတယ်။ 

ဒီလိုအပြောင်းအလဲ လုပ်မယ်ဆိုရင်တော့ ခေါင်းဆောင်ပိုင်းအကြား မညီညွတ်မှုတွေ ပေါ်လာမှာမလွဲပါဘူး။ ဒီလို အဖြစ်အပျက်တွေ ဖြစ်လာခဲ့ရင် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ တယောက် ကြားကနေ ဒိုင်လူကြီး လုပ်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

ရန်ပိုင်

မြန်မာလို ဟဲတဲ့ မြောက်ကိုရီးယားလုံမေများ

13 comments

♫ ♪♫ အို ၀ို့ ၀ို ၀ိုး ..... ငယ်ရွယ်စဉ်မှာ အချစ်က အိမ်မက်လို ဟို ဟိုး ... ♫ ♪♫

အမေရိကန် နဲ့ ဗြိတိန်တို့က ရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းဖွင့်ပြီး ငွေရှာနေချိန်မှာ မြောက်ကိုရီးယားက စားသောက်ဆိုင်ဖွင့်ပြီး ငွေရှာပါတယ်။

ရန်ကုန်က ဒီဆိုင်မှာ မြောက်ကိုရီးယားဝန်ထမ်းတွေရဲ့ စင်တင်ဖျော်ဖြေမှုရှိပါတယ်။ သူတို့တွေရဲ့ မြန်မာလို သီဆိုမှုက နှစ်သက်စရာပါပဲ။

အလွမ်းသီချင်းတွေကို နောက်ခံအဆိုတွေနဲ့ အတိုင်အဖောက်ညီညီ မြူးမြူးကြွကြွ သီဆိုကြတာတွေကို ဗီဒီယိုဖိုင်မှာ တွေ့ရ ကြားရမှာပါ။

တင်ဆက်မှုတွေထဲမှာ -

ဉာဏ်လင်းအောင် ရဲ့ သူငယ်ချင်း
ဝိုင်ဝိုင်းရဲ့ မေ့မှာပါ
ဝိုင်ဝိုင်းရဲ့ ဝဋ်ကြွေး
ချမ်းချမ်းရဲ့ မေ့တော့မမေ့သေးဘူး
ဝိုင်ဝိုင်းရဲ့ "ဖြေသိမ့်လိုက်"

စတဲ့ စတဲ့ သီချင်းတွေ ပါဝင်ပါတယ်။



အာရှဒေသတွင်း ထင်ရှားပြီးသား တရုတ်သီချင်းများကို မြန်မာမှုပြုထားတာ ဖြစ်လို့ သူတို့အတွက် ဒီသီချင်းတွေက စိမ်းဟန် မတူပါဘူး။

သီချင်း အလိုက်ရပြီးသား ဆိုတော့ မြန်မာအသံထွက်နဲ့ လေ့ကျင့်ရတဲ့အခါ အထောက်အကူ ဖြစ်မှာပါ။

စားသောက်ဆိုင်လာတဲ့ ဧည့်သည်များလည်း စင်ပေါ်တက် ပန်းစည်းပေးတာ တွေ့ရပါတယ်။


ဆက်စပ် ဖတ်ရှုရန်
မြောက်ကိုရီးယား စားသောက်ဆိုင် ရန်ကုန်တွင် ဖွင့်ပြီ
www.bur.irrawaddy.org/index.php/news/7218-2011-09-03-08-01-25


အာရှမှ မြောက်ကိုရီးယား စားသောက်ဆိုင်များ
http://www.irrawaddyblog.com/2011/07/blog-post_13.html

ရှစ်လုံးရဲ့ သမိုင်းကြောင်း

5 comments


သီဟ သူရ တင်အောင်မြင့်ဦး (ဗိုလ်ချုပ်ကြီးဟောင်း) 

(ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ မင်းတြားကြီး သန်းရွှေနှင့် နေပြည်တော်ခိုးသားများ ထဲက တပိုင်းကို ပြန်လည်ဖော်ပြပါတယ်)

၁၉၈၈ ဖြစ်ပွားခဲ့တဲ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုကြီးကို ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)ရဲ့ သွေးထိုးလှုံ့ဆော်မှု ကြောင့်လို့ စွပ်စွဲပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းနေချိန် မြန်မာပြည်အရှေ့ဘက်ခြမ်း တရုတ်မြန်မာ နယ်စပ်တလွှားမှာ ဗကပ ထိုးစစ်ကိုလည်း မြန်မာ စစ်တပ်က အသည်းအသန် ခုခံရင်ဆိုင်ခဲ့ရတယ်။ ဒီတိုက်ပွဲတွေမှာ DSA အပတ်စဉ် ၁၂ ဆင်း ဗိုလ်မှူး တင်အောင်မြင့်ဦးက ခလရ ၁၁ ဒု တပ်ရင်းမှူး အဖြစ် တာဝန်ထမ်းခဲ့တယ်။ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူးစိုးလွင် တိုက်ပွဲကျသွားတော့ ဒု ရင်းမှူးဖြစ်တဲ့ တင်အောင်မြင့်ဦး က ကွပ်ကဲရတယ်။ သူ့ရဲဘော်တွေကတော့ သစ်ပင်နောက်မှာ အမြဲ ပုန်းဝပ်နေတတ်တဲ့ ဗိုလ်မှူးလည်း နောက် ပိုင်းမှာ ဒဏ်ရာရပြီး သီဟ သူရ ဘွဲ့ကို ရခဲ့တယ်လို့ ဆိုတယ်။ 

အဲ့ဒီ့နောက်မှာတော့ ရာထူးတက်လမ်း မြန်ခဲ့တယ်လို့ ဆိုရမယ်၊ ၁၉၉၂-၉၃ ခုနှစ် မှာ တပ်မ ၃၃ မှာ ဗျူဟာမှူး၊ မကြာခင်မှာပဲ ဒု တပ်မှူး ရာထူးရပြီး ၁၉၉၄ ခုနှစ်မှာ တပ်မမှူး ရာထူးတိုးမြှင့်ခံရတယ်။ ၁၉၉၆-၁၉၉၇ မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန် ထမ်းခဲ့တယ်။ တချိန်တည်းမှာပဲ န၀တ အစိုးရကနေ နအဖ အမည်ပြောင်းတဲ့ အခါမှာတော့ စစ်ကောင်စီ အသစ်မှာ အဖွဲ့ဝင်ဖြစ်လာ ခဲ့တယ်။ 

တပ်ထဲမှာတော့ ဒေါသကြီး မိုက်ရိုင်းတဲ့ ဗိုလ်ချုပ် တယောက်လို့ လူသိများသူပါ၊ နီးစပ်သူတွေ ပြောပြတာကတော့ တပ်ထဲမှာတုန်း က လက်ထဲမှာ ကြိမ်တုတ်ကို အမြဲကိုင်ထားပြီး ပါးစပ်ကလည်း မအေနှမ အမြဲကိုင်တုတ်နေသူ ဖြစ်တယ်လို့ ဆိုကြတယ်။ ဒါကြောင့် လည်း သူ့ကို အရာရှိ ငယ်တွေက ကြောက်ကြတယ်။ 

လူမွေးရာမှာ တော်တဲ့ ဗိုလ်ချုပ်မှူးကြီးက လူပျော့တွေ(သူရရွှေမန်း၊ ကွယ်လွန်သူ ၀န်ကြီးချုပ် စိုးဝင်း၊ လက်ရှိဝန်ကြီးချုပ် သိန်းစိန်) တို့မှာ မရှိတဲ့ ဒီလို စရိုက်ဆိုးတွေနဲ့ ပြည့်တဲ့ သူကို လက်သပ်မွေးထားခဲ့တယ်။ ဘယ်လောက်အထိ ဗိုလ်ချုပ်မှူးကြီးက မျက်နှာသာပေးခဲ့သလဲဆိုတော့ တပ်မတော်တခုလုံး ရဲ့ လက်နက်၊ ရိက္ခာ၊ အဆောက်အအုံ၊ ဘတ်ဂျက် စတာတွေကို စီမံကွပ်ကဲရတဲ့ စစ်ထောက်ချုပ်ရာထူးကို အငြိမ်းစား မပေးခင် ပြီးခဲ့တဲ့ နှစ်အထိ လုပ်ခိုင်းဖူးတယ်။ အလား တူပဲ ဗိုလ်ချုပ်မှူးကြီးက သူ တလျှောက်လုံး တာဝန်ယူခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး ရာထူးကို မကြာသေးခင်က ယာယီလွှဲပေးပြီး ရုရှား၊ တရုတ်၊ အာဆီယံနိုင်ငံ တွေမှာလုပ်တဲ့ စစ်ဘက်အစည်းအဝေးတွေကို တက်ခိုင်းခဲ့တဲ့ အထိ မျက်နှာသာပေးခဲ့တယ်။ အခုလည်း ဒု သမ္မတ ရာထူးအတွက် စစ်တပ်ရဲ့တဦးတည်းကိုယ်စားလှယ်နေရာ ပေးခဲ့တာကို ကြည့်ရင် ဗိုလ်ချုပ်မှူးကြီးရဲ့ မျက်နှာသာပေးခြင်း က လျော့မသွားသေးဘူးလို့ ဆိုရမယ်။ 

ဒါပေမယ့် လာမယ့် အစိုးရသစ်မှာ သမ္မတ ဖြစ်မယ်လို့ သေချာနေတဲ့ ဦးသိန်းစိန်နဲ့ ဘယ်လို ဆက်စခန်းသွားမယ်ဆိုတာ စိတ်ဝင်စား စရာပါ။ ဒီ ၂ ယောက်က အချင်းချင်း သိပ်အစေး မကပ်ပါဘူး။ ၀န်ကြီးချုပ် ဗိုလ်ချုပ်စိုးဝင်း သေလို့ လက်ရှိဝန်ကြီးချုပ် ဦးသိန်းစိန် နဲ့ အစားထိုးတဲ့အခါ စစ်ကောင်စီရဲ့ အတွင်းရေးမှူး(၁)ရာထူးကို ဦးသိန်းစိန်ဆီက ဦးတင်အောင်မြင့်ဦး လွှဲယူရတယ်။ မကြာပါဘူး သူ့ ရဲ့ ဉာဉ်ဆိုးအတိုင်း သူ့ရှေ့က ၀န်ကြီးချုပ်သိန်းစိန်ရဲ့ လုပ်ပိုင်ခွင့်တွေကို ၀င်ရောက် စွက်ဖက်ပြီး ပမာမခန့်လုပ်တော့တာပဲ။ ဘယ်လောက်အထိလဲဆိုတော့ ၀န်ကြီးချုပ်လုပ်တဲ့ စီမံကိန်းမှန်သမျှ ငွေချမပေးဘဲ ညစ်ခဲ့တာကြောင့် လုပ်ငန်းတွေ ပျက်ပြားခဲ့ရပြီး ၀န်ကြီးချုပ်ကို အပြောသမား သက်သက်ဖြစ်အောင် စနစ်တကျ အကွက်ချပြီး နှိပ်ကွပ်ခဲ့တယ်၊ ဒါကြောင့် ၀န်ကြီးတွေ ကြားထဲမှာ ပြော စမတ် ဖြစ်လာတာကတော့ ၀န်ကြီးချုပ်ကို တွင်း(၁)က အာဏာသိမ်း လိုက်တယ် ဆိုတဲ့ စကားပဲ။ အခုလာမယ့် အစိုးရသစ်မှာကော သူလက်စွမ်း ဆက်ပြမှာလား။ လူတွေကတော့ ကောက်ချက်ချတယ်။ နာမည်မှာကိုပဲ အားလုံးထက် သူက ၆ လုံးပိုတယ်တဲ့။ ဒါကြောင့် သူ့ကို ၈ လုံးလို့ အမည်ပေးကြတယ်။ 

ဒီကြားထဲ ကံကလိုက်ချင်တော့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တာဝန်ယူထားတဲ့ ကုန်သွယ်ရေး ကောင်စီ(Trade Council) မှာ ဥက္ကဋ္ဌ ဖြစ်ပြန်တယ်။ ဇာတ်လမ်းက အခုမှစပါတော့တယ်။ မိုက်ရိုင်းထွားကြိုင်းတဲ့ ဗိုလ်ချုပ်ကြီး တယောက် စီးပွားရေးသမားတွေနဲ့ ပေါင်းမှ ငွေကြေးရဲ့ သြဇာခံ ဖြစ်သွားခဲ့ရပုံကတော့ သူ့ရှေ့က လာဘ်စားမှုနဲ့ ပြုတ်သွားတဲ့ ဗိုလ်ချုပ် ထွန်းကြည်၊ ဗိုလ်ချုပ် ကျော်ဘ တို့ထက်တောင် သာတယ်လို့ ပြောရမယ်။ သူက ၈ လုံး မဟုတ်လား။ 

Trade Council ဥက္ကဋ္ဌ ဆိုတာကလည်း အိတ်စ်ပို့၊ အင်ပို့ လိုင်စင်တွေ ချပေးခွင့်ရှိတယ်၊ နိုင်ငံခြား ကုမ္ပဏီကြီးတွေက လာရောက်ရင်းနှီးမြုပ်နှံဖို့အတွက် သူ့ဆီမှာ ခွင့်တောင်းရတယ်၊ မြန်မာပြည်က ပုဂ္ဂလိကလုပ်ငန်းရှင်တွေ ရင်းနှီးမြုပ်နှံမှု လုပ်ချင်ရင် သူဆီက ခွင့်တောင်း ရတယ် ဆိုတော့ မျိုးမျိုးမြက်မြက်ကလေး ကျန်မှာကတော့ မလွဲပါပဲ။ 

လူရမ်းကား ဗိုလ်ချုပ်ကြီးကို လိမ္မာသွားအောင် အစစ အရာရာ သင်ကြားပေးနေသူကတော့ မက်စ်မြန်မာ ဇော်ဇော်ပါပဲ၊ သူတို့နှစ်ဦး ဆက်ဆံရေးကို လူတွေက သားအဖလို့တောင် ပြောကြတယ်။ Trade Council ဥက္ကဋ္ဌ ရာထူး ရခါစမှာ ကားသွင်းခွင့် ပါမစ်တွေကို စစ်တပ်ပိုင် ဦးပိုင်လီမိတက်ထက် မက်စ်မြန်မာ ဇော်ဇော်ကို အများဆုံးသွင်းခွင့်ပေးခဲ့လို့ လူကုံထံ ဇိမ်ခံကား ကနေ မီးသတ်ကား အထိ သုံးလိုတဲ့သူတိုင်း ဇော်ဇော် ဆီက ပြန်ဝယ်ရတယ်၊ အဲသည့်အတွက် ဇော်ဇော်က ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ကို အချိုးကျ အ မြတ်ခွဲ ပေးရတယ်။ 

 စစ်ထောက်ချုပ် ဘ၀မှာပဲ နေပြည်တော် တည်ဆောက်ရေးကို တာဝန်ယူရတော့ ပိုပြီးချမ်းသာဖို့ ဖြစ်လာခဲ့တယ်။ နီးစပ်သူတွေ အ ပြော ကတော့ တပ်ချုပ်ကြီးကိုတော့ နှစ်လေးဆယ် အာမခံပါတယ်ဆိုပြီး နေပြည်တော် လမ်းတိုင်းကို အရည်အသွေးမစစ်ဆေးဘဲ မက်စ်မြန်မာ ဇော်ဇော်ကို အမြတ်များများ ကျန်အောင် ခင်းစေခဲ့တယ်။ 

 နေပြည်တော် တည်ချိန်မှာပဲ သူ့ ပီအက်စ်အို ဗိုလ်ကြီး အေးချစ် ညီမ မအေးဟန်ကို ဇင်ထက် ဆောက်လုပ်ရေး ပစ္စည်းရောင်းဝယ် ရေး ကုမ္ပဏီတခု ဖွင့်စေခဲ့ပြီး ACE ၊ အေဒင်၊ မက်စ်၊ အေရှားဝေါလ်၊ ထူး စတဲ့ နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတွေကို ဘိလပ်မြေ၊ သံချောင်း စတဲ့ ပစ္စည်းသွင်း စေခဲ့တယ်၊ ဒါကြောင့်လည်း နေပြည်တော်က အစိုးရရုံးကြီးတွေနံရံမှာ အက်ကြောင်းတွေ ထနေပေမယ့်လည်း တာဝန်ယူတဲ့ ကုမ္ပဏီကြီးတွေ အရေးယူမခံခဲ့ရပါဘူး။ 

မအေးဟန်ဆို စင်္ကာပူ မှာတောင် ရုံးခန်းဖွင့်လိုက်သေး။ ဗိုလ်ကြီးအေးချစ် ကလည်း မီလျှံနာနီးပါး တခါတည်းချမ်းသာသွားတာ။ မဆလ လက်ထက်က တိုင်းမှူးတွေ ၀န်ကြီးတွေတောင် သူ့လောက် မချမ်းသာဖူးဘူး။ အင်းစိန် မင်းဓမ္မကုန်းဘက်မှာ မြေကွက်တွေ တော်တော်များများ ပိုင်တယ်လို့ စီးပွားရေးသမားတွေက ပြောကြတယ်။ 

စီးပွားရေးသမားတွေကို လူမွေးတဲ့ နေရာမှာကတော့ ဗိုလ်ချုပ်မှူးကြီး က တေဇ၊ ဒု ဗိုလ်ချုပ်မှူး ကြီးမောင်အေးက အောင်ကိုဝင်း၊ ဦးရွှေမန်းက သူ့သားနှစ်ယောက်၊ ၀န်ကြီးချုပ် ဦးသိန်းစိန်က လားစိုးမြင့်ဆိုတဲ့ ရှမ်းတရုတ် ဆိုတော့ ဒု သမ္မတ ဖြစ်မယ့် လူရမ်းကား ဗိုလ်ချုပ်ကြီးနဲ့ ဇော်ဇော်တို့ ၂ ယောက် ပေါင်းသွားတာ သိပ်တော့လည်း မထူးဆန်းဘူး။ 

အတွင်းသိတွေ ပြောစကားကတော့ စစ်ထောက်ချုပ်ဘ၀ ကျောက်သူဌေး အိုက်လင်းနဲ့ ပေါင်းပြီး ကျောက်မျက်ပြပွဲက ပတ္တမြားနဲ့ ကျောက်စိမ်း ၈၀ ရာခိုင်နှုန်းကို တရုတ်နဲ့ ထိုင်းနယ်စပ်မှာရှိတဲ့ ကျောက်ဈေးကွက်ကို မှောင်ခိုခိုးထုတ်ခဲ့တဲ့ ငွေမည်းတွေကို ခ၀ါချဖို့ နိုင်ငံတော်ရဲ့လိုအပ်ချက်ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ဖွင့်ထားတဲ့ ဇော်ဇော်ပိုင် ဧရာဝတီဘဏ်မှာ သူ့ရှယ်ယာတွေ ထည့်ထားတယ်၊ မြန်မာတပြည်လုံးမှာ ဖွင့်ထားတဲ့ မက်စ်မြန်မာ လောင်စာဆီ ဆိုင်တိုင်းမှာ သူ့ပိုက်ဆံပါတယ် လို့လည်း သိရတယ်။ တနိုင်ငံလုံးရှိတဲ့ ဘောလုံးကွင်း တည်ဆောက်ပြုပြင်ရေး၊ ရန်ကင်းက သတ္တုတွင်း ၀န်ကြီးဌာန ရုံးဟောင်းကို ကလေးဆေးရုံးဆောက်ခွင့်တို့ကို ဇော်ဇော်ကို ပေးထားသလို အထူးအခွင့်အရေး အနေနဲ့ ရုရှားသံရုံးကလုပ်တဲ့ အခမ်းအနား တိုင်းမှာ ဇော်ဇော်ကို တက်ခွင့်ပေးခဲ့ တယ်။ 

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အစိုးရ စီမံကိန်းကြီးဖြစ်တဲ့ ထားဝယ်ရေနက် စီးပွားရေး အထူးဇုန် တည်ဆောက်ရေးကို လည်း ဇော်ဇော် တဦးတည်းကို ပေးခဲ့တယ်။ နီးစပ်သူတွေ အပြောကတော့ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကို အကျိုးအမြတ်ရဲ့ တ၀က်ခွဲပေးရတယ်လို့ သိရတယ်။ 

 ဇော်ဇော် အလိုက်သိတတ်ပုံကလည်း မိန်းမလိုက်စားတတ်တဲ့ ဗိုလ်ချုပ်ကြီး အတွက် သူပိုင်တဲ့ မာရီနာ ဟိုတယ်မှာ အရက်ရော ကြက်ရော ရှာပေးတဲ့ အထိတဲ့။ ဒါ့အပြင် အင်းစိန် စက်မှုတက္ကသိုလ်အနီး အောင်သိဒ္ဓိလမ်းနဲ့ အေးရိပ်ငြိမ်လမ်းဆုံတဲ့ နေရာမှာ နန်းတော်ကြီးတမျှ တခမ်းတနား ဆောက်ထားတဲ့ ဗိုလ်ချုပ်ကြီး အိမ်အတွက် အီတလီနိုင်ငံလုပ် အတွင်းပရိဘောဂတွေကို ဇော်ဇော် က ၀ယ်ထည့် ပေးခဲ့တယ်။ ဖိနပ်စင် တခုတောင် သိန်းလေးရာလောက် တန်တယ်လို့ အတွင်းသိ တချို့ကဆိုတယ်။ ခြံထဲက လမ်း တွေကို အားလုံး ကွန်ကရစ်တွေ ခင်းထားပြီး လုံခြုံရေး ဂိတ်တောင် နှစ်ထပ်တိုက် ဆောက်ထားတယ်တဲ့။ 

ဒါတင်မက အရှေ့မြောက်တိုင်း တိုင်းမှူးဘ၀နဲ့ ပုလဲနံပ သင့်ခဲ့ပြီး သူ့ကို အကျိုးခံစားခွင့် များများပေးတဲ့ ဘိန်းဘုရင် လော်စစ်ဟန် သား ထွန်းမြင့်နိုင် ရဲ့အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ရန်ကုန်-မန္တလေး-လားရှိုး လမ်းပြုပြင်ရေး၊ ရန်ကုန်လေဆိပ်နဲ့ တနိုင်ငံလုံး လေဆိပ် ပြေးလမ်းတို့ချဲ့ရေးတို့ အပြင် နေပြည်တော် လေဆိပ်အသစ် တည်ဆောက်ရေးကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ အမှတ် ၁ လျှပ်စစ် ၀န်ကြီး ဗိုလ်မှူးကြီး ဇော်မင်း လုပ်ပိုင်ခွင့်ကိုကျော်ပြီး ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းတိုင်း အေးရှားဝေါလ်ကို လုပ်ပိုင်ခွင့်ပေးလို့ ဗိုလ်ချုပ်မှူးကြီး ကတောင် ခေါ်ယူ သတိပေးရတဲ့အထိဖြစ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောတယ်။ 

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို သူ့သား ဗိုလ်ကြီးဟောင်း တေဇာစောဦး ရှယ်ယာပါတဲ့ အေးရှားဝေါလ် ကုမ္ပဏီ ကို လုပ်ပိုင်ခွင့် ချပေးပေမယ့် တရုတ်ကုမ္ပဏီက ငြင်းပယ်ပြီး တေဇပိုင် ထူးကုမ္ပဏီနဲ့ လုပ်မယ်လို့ ပြောခဲ့တဲ့အတွက် အတွင်းရေးမှူး (၁) ကြီး အရှက်ရခဲ့လို့ ထူးကုမ္ပဏီက မနည်းဖြေရှင်းခဲ့ရတယ်၊ တွင်း(၁)ကြီး အမျက်ပြေဖို့ အေးရှားဝေါလ်ကို တဆင့်ခံ ကန်ထရိုက် အနေနဲ့ ထူးက လုပ်ငန်းတချို့ လွှဲပေးခဲ့ရတယ်။ 

စီးပွားရေး သောင်းကျန်းလို့ရလာတဲ့ ပိုက်ဆံတွေကို စင်္ကာပူ ဘဏ်မှာ အပ်ဖို့ မကြာခင်ကအသွား ဒေါ်လာတွေ တပွေ့တပိုက် အိတ်ထဲ ထည့်လာတဲ့ တေဇာစောဦး ချန်ဂီ လေဆိပ်မှာ မသင်္ကာဖြစ်ပြီး ခဏတောင် အစွဲခံလိုက်ရသေးတယ်။ နောက်မှ စင်္ကာပူက လာနေကြ ကတ်စတမ်မာ မှန်း သိလို့ ပြန်လွှတ်ပေးလိုက်တယ်။ 

လူတွေကတော့ ပြောနေကြတယ်။ ဦးတင်အောင်မြင့်ဦး တကယ် သတ္တိရှိပုံ မပေါ်ဘူးတဲ့။ သီဟ သူရ ဘွဲ့ရတိုင်း သတ္တိရှိတယ်လို့ ပြော မရဘူး။ မိုက်ရူးရဲလည်း ဖြစ်နိုင်တာပဲတဲ့။ တကယ် သတ္တိရှိရင် ဥပဒေ အတိုင်း ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုကို တကယ်ကြေညာ တဲ့။ ကဲ... ဒု သမ္မတကြီး သီဟ သူရ ဦးတင်အောင်မြင့်ဦး ခင်ဗျာ.. အလှည့်ကျ မနွဲ့ကြစတမ်း ပေါ့နော...။ ။

ခေါင်းမာဂိုဏ်းသား ဒု သမ္မတ တင်အောင်မြင့်ဦး နုတ်ထွက်စာတင်

7 comments

သမ္မတ ဦးသိန်းစိန်၊ ကာချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - ဧရာဝတီ)

ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ ကာလမှာ ခေါင်းမာဂိုဏ်းသားတဦးအဖြစ်လည်း လူသိများ၊ ရှစ်လုံးလို့လည်း အများသိကြတဲ့ ဒုသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး ရာထူးကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။

အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ ဦးတင်အောင်မြင့်ဦးဟာ စင်ကာပူမှာ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် မေလ ၃ ရက်နေ့မှာ နုတ်ထွက်စာ တင်တာ ဖြစ်တယ်လို့ VOA က ဆိုပါတယ်။ သူနုတ်ထွက်မယ်လို့ ကောလာဟလ ဖြစ်နေကြောင်း ဧရာဝတီက မကြာသေးခင်က ရေးတဲ့သတင်း ဒီနေရာမှာ ဖတ်နိုင်ပါတယ်

Reuters ကတော့ ဒီသတင်းကို လောလောဆယ် အတည်ပြုနေတုန်းလို့ ရေးပါတယ်။ 

ဦးတင်အောင်မြင့်ဦးဟာ လွှတ်တော်ရောက် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုနဲ့ ဒုသတမ္မ ဖြစ်လာတာပါ။

ဧရာဝတီက စုံစမ်းသိရှိရတာကတော့ စင်ကာပူမှာ ဆေးစစ်တော့ ကင်ဆာ ဖြစ်မယ့် အခြေအနေကို တွေ့ရှိရပါတယ်တဲ့။ ပြီးတော့ မျက်လုံးက သိပ်မကောင်းတော့ဘူးလို့ ဆိုတယ်။ ဒါတွေကြောင့် နုတ်ထွက်စာတင်တာဖြစ်ပါတယ် တဲ့။

ဧရာဝတီက ဖော်ပြခဲ့တဲ့ သတင်းမှာတော့ ခေါင်းမာဂိုဏ်းသားတွေနဲ့ ပတ်သက်ပြီး ဒီလို ရေးခဲ့ပါတယ်။

“မကြာသေးခင်းကလည်း သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွင် အဟန့်အတားဖြစ်နေသော အစိုးရအဖွဲ့ဝင်များကို ဖယ်ရှားပြီး အစိုးရ အဖွဲ့သစ် ပြောင်းလဲဖွဲ့စည်းတော့မည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ အစိုးရအဖွဲ့သစ်ပြောင်းလဲရာတွင် ထုတ်ပယ်ခံရမည်ဟု လူအများ ထင်ကြေးပေးပြောဆိုနေသူများ စာရင်းတွင် သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ အမှတ် (၁) လျှပ်စစ် စွမ်းအင်ဝန်ကြီး ဦးဇော်မင်းတို့ပါဝင်သည်။”

နောက်ထပ် ဘယ်သူတွေ နုတ်ထွက်မယ်၊ ဘယ်သူတွေ ကျန်းမာရေးမကောင်း ဖြစ်ကြဦးမယ်တော့ မသိသေးပါဘူး။

ခေါင်းမာဂိုဏ်းသားလို့ လူသိများတဲ့ တင်အောင်မြင့်ဦးလို လူကို စင်ပေါ်တင်ပေးခဲ့တဲ့ ခေါင်းမာဂိုဏ်ချုပ်ကြီး ဦးသန်းရွှေတယောက်လည်း ပျောက်ချက်သား ကောင်းနေပါတယ်။

  

  

ကော့သောင်းနဲ့ ကျောက်မီးသွေး အန္တရာယ် - ၂

1 comments

ကျောက်မီးသွေးဓါတ်အားပေးစက်ရုံကြောင့် လျှပ်စစ်ဓာတ်အားကို ဈေးပေါပေါနဲ့ ရမှာဖြစ်လို့ ကြိုဆိုတယ်၊ သို့သော်လည်း စက်ရုံကိုတော့ မြို့ထဲမှာ မလုပ်ပါနဲ့၊ မြို့ပြင်မှာ ဆောက်ကြပါ လို့ ကော့သောင်းက လာတဲ့ စာတစောင်မှာ အခုလို ရေးထားပါတယ်။

သို့
နိုင်ငံတော်သမ္မတ
နေပြည်တော်

အကြောင်းအရာ။ ။ ကော့သောင်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား လူနေရပ်ကွက်များနှင့် ဝေးရာသို့ ပြောင်းရွှေ့ပေးပါရန် သနားခံတင်ပြခြင်း။

အထက်ပါအကြောင်းအရာနှင့် ပက်သက်၍

(၁)။ ကျွန်တော်၊ ကျွန်မတို့သည် ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဂန္ဓ၀င်လမ်းနှင့် ကျောက်မီးသွေးဓါတ်အားပေးစက်ရုံ အနီးတစ်ဝိုက်တွင်နေထိုင်သူများဖြစ်ကြပါသည်။

(၂)။ ယခုတည်ဆောက်ထားသော ကျောက်မီးသွေးဓါတ်အားပေးစက်ရုံသည် ရွှေဝက်ဝံရေခဲစက်ရုံဝင်းအတွင်းတည်ရှိပြီး ဂန္ဓ၀င်လမ်းရှိ အိမ်များနှင့် (၁၀) ပေခန့်သာကျယ်သော ရေမြောင်းတစ်ခုသာခြားပါသည်။

(၃)။ လက်ရှိကော့သောင်းမြို့၏ မီတာခဈေးနှုန်းမှာ တစ်ယူနစ် (၄၃၀) ကျပ် (ရပ်ကွက်မီး -ထိုင်းဘတ်ငွေ ၂၂ ဘတ်) ဖြစ်နေချိန်တွင် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံမှ လျှပ်စစ်ဓါတ်အားကို (၂၀၀) ကျပ်ဖြင့် သုံးစွဲခွင့်ရမည်ဖြစ်သဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြပါသည်။

(၄)။ လျှပ်စစ်မီတာခ တစ်ဝက်ကျော်အထိ သက်သာမည်ဖြစ်သော်လည်း စက်ရုံကို လူနေရပ်ကွက် အတွင်း တည်ဆောက်ထားသောကြောင့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ပြာမှုန့်နှင့် မီးခိုးများ ရှုရှိုက်ရခြင်း၊ အညှော်နံ့နံခြင်း၊ အသံဆူညံခြင်းနှင့် ပါတ်ဝန်းကျင်ညစ်ညမ်းလာပါက နောက်ဆက်တွဲနာတာရှည်ရောဂါများ ခံစားရနိုင်ခြင်းကြောင့် ရပ်ကွက်နေပြည်သူလူထုများမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေကြရပါသည်။

(၅)။ ထိုစက်ရုံမှာ မူလက ထိုင်းနိုင်ငံတွင် တည်ဆောက်ထားပြီးမှ ထိုင်းပြည်သူများ ၀ိုင်းဝန်း ကန့်ကွက်ကြသောကြောင့် မလည်ပါတ်ဖြစ်သောစက်ရုံအား သန်းဖြိုးသူကုမ္ပဏီမှ ၀ယ်ယူလာခြင်းဖြစ်ကာ ကော့သောင်းတွင် လာတည်ဆောက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

(၆) ကော့သောင်းနယ်တစ်ဝိုက်တွင် ရွာသွန်းသော မိုးရေအများစုသည် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအနီးရှိ ယင်းဝါရေလှောင်တမံသို့ စီးဝင်သည်ဖြစ်ရာ ၄င်းရေကို အဓိကထားသောက်သုံးနေရသော ပြည်သူများအတွက် အလွန်ပင်အန္တရာယ်များလှပါသည်။

(၇)။ သို့ဖြစ်ပါ၍ ပြည်သူများ ဓါတ်အားခသက်သာပြီး အန္တရာယ်နည်းသော လျှပ်စစ်ဓါတ်အားကို အသုံးပြုနိုင်ရန်အတွက် ၄င်းကျောက်မီးသွေးဓါတ်အားပေးစက်ရုံအား မြို့နှင့် (၁၀) မိုင်ခန့်အကွာအဝေးသို့ ပြောင်းရွှေ့တည်ဆောက်မောင်းနှင်ပေးပါရန် ရိုသေလေးစားစွာ အသနားခံတင်ပြအပ်ပါသည်။

ကျောက်မီးသွေးဓါတ်အားပေးစက်ရုံအနီး နေထိုင်သူများ

မိတ္တူကို
(၁)။ ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
(၂)။ ပြည်ထောင်စုဝန်ကြီး၊ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

(၃)။ ပြည်ထောင်စုဝန်ကြီး၊ သစ်တောနှင့်သဘာဝပါတ်ဝန်းကျင်ထိမ်းသိန်းရေးဝန်ကြီးဌာန
(၄)။ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းဒေသကြီး

(၅)။ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တနင်္သာရီတိုင်းဒေသကြီး
(၆)။ ၀န်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး

(၇)။ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး၊ ကော့သောင်းခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး
(၈)။ မြန်မာနိုင်ငံလူအခွင့်အရေးကော်မရှင်

(၉)။ သတင်းမီဒီယာများ
(၁၀)။ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ

(ဒါကတော့ နေပြည်တော်ကို ပို့တဲ့စာပါ - ဒီဘလော့မှာ ဖော်ပြခဲ့ဖူးတဲ့ ကော့သောင်းနဲ့ ကျောက်မီးသွေး အန္တရာယ် - ၁ ကို ဒီမှာ http://www.irrawaddyblog.com/2012/03/blog-post_3081.html ဖတ်နိုင်ပါတယ်။)

ကျောင်းဆောက်ဖို့ သီချင်းဆိုကြမယ်

0 comments


ပြည်တော်မြင့် ရေးသားသည်)
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့နားက မယ်လမြန်မာဒုက္ခသည်စခန်းမှာ ကော်သူးလေ ကရင်နှစ်ခြင်း အသင်းတော် ကျမ်းစာသင်ကောလိပ် အရင်လ ၂၈ ရက်နေ့က မီးလောင်မှုဖြစ်ပြီးကျောင်းဝင်ကြီးတခုလုံး ပြာကျ သွားတဲ့အတွက် ကျောင်းပြန်လည်ထူထောင်ရေးရံပုံငွေ တေးဂီတဖြေဖျော်ရေးပွဲကို ပြုလုပ်ဘို့ရှိပါတယ်။

နေရာ - မဲဆောက်မြို့က CDC မြန်မာရွှေ့ပြောင်းအထက်တန်းကျောင်း
အချိန် - ဒီလ ၁၂ ရက်နေ့ ည ၇ နာရီ စတင်မည်
ဝင်ကြေး - လက်မှတ်တစောင် ဘတ် ၁၀၀ (၃ ဒေါ်လာ)

ကျောင်းသား ၃၀၀ ကျော် ဒုက္ခရောက်ခဲ့ရတဲ့ ဒီကျောင်းရဲ့ရံပုံငွေပွဲကို မြန်မာနိုင်ငံက နာမည်ရ ကရင်တေးသံရှင်တွေဖြစ်တဲ့ ထူးဝါး၊ယူးရီ အပါအအ၀င် ထိုင်းနယ်စပ်က တက်သစ်စ ကရင်အဆိုတော် ၁၉ ဦးက သီဆိုဖြေဖျော်ကြမှာဖြစ်တယ်လို့ ပွဲစီစဉ်သူတဦးက ပြောပါတယ်။

အဆိုတော်တွေကို ကူညီတီးခတ်ပေးမဲ့တီးဝိုင်းကတော့ မီးဒဏ်သင့်ခဲ့ရတဲ့ကျမ်းစာကျောင်းက KKBBSC BAND အဖွဲ့ဖြစ်ပါတယ်။

ပါဝင်သူ အားလုံးက ကျောင်းအတွက် ကုသိုလ်ဖြစ် လာရောက် အားပေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကျောင်း မီးလောင်မှု ဖြစ်ပွားစဉ် ရိုက်ကူးထားတဲ့ ပုံတွေကို ဖော်ပြလိုက်ပါတယ်။





ထိုင်းတွေ အင်္ဂလိပ်စကား သင်မယ်၊ မြန်မာတွေရော ဘယ်လိုလဲ?

0 comments


ထိုင်းအိမ်ခြံမြေ လုပ်ငန်းသမားတွေဟာ သူတိုရဲ့ လုပ်ငန်း စံတွေနဲ့ အင်္ဂလိပ်စာ တိုးတက်ဖို့ လိုအပ်ကြောင်း၊ ဒါဟာ အာဆီယံ စီးပွားရေးဇုံ ဖြစ်ပေါ်လာမယ့် ၂၀၁၅ ခုနှစ်၊ ပွင့်လင်းတဲ့ ဈေးကွက်မှာ သူတိုရဲ့ လုပ်ငန်းအမှတ် တံဆိပ်တွေနဲ့ အချက်အလက် သိုလှောင်မှုတွေမှာ အဆင်မြှင့်တင်နိုင်ဖို့ အင်္ဂလိပ်စာသင်ကြားဖို့ လိုအပ်တယ် လို့ မေလ ၄ ရက် နေ့က ဘန်ကောက်ပို့စ်မှာ ရေးသားထားပါတယ်။

Home Builder Association (HBA) လို့ခေါ်တဲ့ အိမ်ခြံမြေ အသင်း ဥက္ကဋ္ဌ ပတ်ချရာ တန်တယန်ယွန် က အာဆီယံစီးပွားရေးဇုံ (AEC) ပေါ်ပေါက်လာတဲ့ အခါမှာ ဒေသတလျှောက် စီးဆင်း လည်ပတ်မယ့် စီးပွားရေး လုပ်ငန်းတွေမှာ တစ်ခုတည်းသော ဈေးကွက်ရဲ့ လိုအပ်ချက်ကတော့ နိုင်ငံတကာ သုံးဘာသာ စကား တစ်ခု ဖြစ်တာကြောင့် အင်္ဂလိပ်စာဟာ အဓိက အခန်းကဏ္ဍက ရှိလာမှာလို့ ပြောလိုက်ပါတယ်။

လက်ရှိကာလမှာ ထိုင်းဘာသာစကားတမျိုးတည်းနဲ့ အဆင်ပြေပေမယ့် AEC ဖြစ်လာပြီး အာဆီယံ ၁၀ နိုင်ငံ ပိုမိုပေါင်းစည်းဖြစ်ရင်၊ စီးပွားရေး ကူးလူးဆက်ဆံမှုတွေ သိပ်များလာရင် အားလုံးနားလည်တဲ့ ဘာသာစကား တခု လိုအပ်လာတော့မှာပါ။ ဒီတော့ အင်္ဂလိပ်စကား တတ်အောင် လုပ်ထားတာ အကောင်းဆုံးပဲပေါ့။

“အာဆီယံနိုင်ငံတွေက လူတော်တော်များများဟာ အင်္ဂလိပ်လို ပြောနိုင်ကြတယ်။ အင်္ဂလိပ်လို လည်လည် ပတ်ပတ် ပြောနိုင်ကြတဲ့ ထိုင်းလူမျိုးက လက်တဆုပ်စာပဲ ရှိတယ်။ ဒါကလည်း ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းနဲ့ အိမ်ခြံမြေ လုပ်ငန်းက လူတွေဘဲ ဖြစ်တယ်”လို့ HBA ဥက္ကဋ္ဌက ပြောပါတယ်။

အာဆီယံနိုင်ငံတွေ ကြားထဲမှာ အိမ်ခြံမြေလုပ်ငန်းနဲ့ ပတ်သက်လို့ အဓိကပြိုင်ဘက်က ဗီယက်နမ် ဖြစ်ကြောင်း အသင်းရဲ့ ဒု ဥက္ကဋ္ဌ ကလည်း ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အဆောက်အအုံ ဆောက်တဲ့နေရာမှာ ဗီယက်နမ်တွေက ထိုင်းထက် တစ်ဝက်လောက် အချိန်ကုန် သက်သာတာကြောင့်ပါပဲ လို့ သူကထောက်ပြပါတယ်။

ပြီးတော့ ဗီယက်နမ်မှာဆောက်လုပ်ရေး ပစ္စည်းဈေးတွေကလဲ ထိုင်းထက် သက်သာပေမယ့် သူတို့ရဲ့ ဆောက်လုပ်ရေး စံ တွေကတော့ ဒေသအတွင်း အဆင့်ကို မမှီပါဘူး တဲ့။ ထိုင်းဈေးကွက်ကို ၀င်လာတဲ့ ဗီယက်နမ် လုပ်ငန်းတွေက အာမခံချက် မရကြကြောင်း သူက ဆက်ပြောပါတယ်။

ဘာသာစကားကျွမ်းကျင်မှုက အားနည်းချက်တစ်ခု ဖြစ်ပေမဲ့ ထိုင်းအိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူတွေဟာ ဒေသတွင်းနိုင်ငံတွေက ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် အိမ်ယာ ဒီဇိုင်းပုံစံ အစုံလင်ဆုံးပါပဲ လို့ မစ္စတာ ဆူရတ်ချိုင်းက ဆိုပါတယ်။

အခုတော့ HBA အသင်းကြီးက ဇွန်လ မှ စက်တင်ဘာလ အထိ အင်္ဂလိပ်စာ အပါအ၀င် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်း ၆ မျိုး ပေးသွားမယ်၊ သင်တန်းတခု တက်ဖို့ ဘတ် ၂,ဝဝဝ ပေးရမယ်လို့ သိရပါတယ်။

ဒီအသင်းကြီးကို ၂၀၀၄ ခုနှစ်က စတင် ထူထောင်ခဲ့ပြီး အသင်းကြီးအနေနဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ထိပ်တန်း က ဦးဆောင် ပါဝင်နေတယ်လို့ သိရပါတယ်။

ကဲ ... ထိုင်းအိမ်ခြံမြေသမားတွေကတော့ အင်္ဂလိပ်ဘာသာရပ် တိုးတက်အောင် လုပ်တော့မယ် တဲ့။ ရင်းနှီးမြှုပ်နှံသူတွေ တဖွဲဖွဲ့သွားနေတဲ့ မြန်မာပြည်မှာလည်း အိမ်ခြံမြေသမားတွေရဲ့ အင်္ဂလိပ်စာ/စကား အခြေအနေကရော ဘယ်လိုပါလဲ။ မြန်မာပြည်လည်း AEC လို့ ခေါ်တဲ့ အာဆီယံ စီးပွားရေး အသိုက်အ၀န်းထဲက နိုင်ငံ ဖြစ်လာမယ် ဆိုတော့ အင်္ဂလိပ်စကားပြောကို လက်ရှိအနေအထားထက် အရောင်ပိုထွက်အောင် လုပ်ဖို့ လိုအပ်မှာ အသေအချာပါပဲ။

AEC က ၂ဝ၁၅ မှာ ပေါ်လာတော့မှာဖြစ်လို့ စီးပွားရေးလောကသားတွေ အင်္ဂလိပ် ဘာသာစကား လေ့လာဖို့ အချိန် သိပ်မရှိတော့ပါဘူး။ ဈေးကွက်ထဲမှာ လှုပ်ရှားမယ့်သူတွေထက် ပိုပြီး တာဝန်ကြီးတာက အစိုးရ ဖြစ်ပါတယ်။ မြန်မာပြည်က ၂ဝ၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူရမှာပါ။

ဒါကြောင့် ၂ဝ၁၅ မှာ AEC ပေါ်ပေါက်ရေးအတွက် မြန်မာအစိုးရဟာ ကျန် အာဆီယံ ၉ နိုင်ငံ ထက် ပိုပြီး တာဝန်ကြီး၊ အလုပ်များများ လုပ်ရဖို့ရှိပါတယ်။ ဒီအတွက် တာဝန်ယူလိုစိတ် ရှိတယ်ဆိုရင်တော့ ၂ဝ၁၄ ဥက္ကဋ္ဌသက်တမ်းတလျှောက် မြန်မာအစိုးရ ပျားတုပ်မယ့်၊ အလုပ်ရှုပ်မယ့် သဘော ရှိနေပါတယ်။






 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved