ကလေးတယောက်ရဲ့အမည် "မင်းသုဝဏ် "

Tuesday, July 3, 2012 0 comments




မင်းသုဝဏ် (၁၉၀၉ - ၂၀၀၄)

၂ နှစ်အရွယ် ကလေးတယောက်ရဲ့ နာမည်က မင်းသုဝဏ် တဲ့။
မနေ့က သတင်းစာတစောင် တွေ့ရတဲ့ ကြော်ငြာတခုမှာ တွေ့ရတာပါ။


ဒီရာစုနှစ်အတွင်း မြန်မာစာပေလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးတယောက်ရဲ့ ကလောင်အမည်က ဒီကနေ့ကလေးတယောက်ရဲ့ နာမည် ဖြစ်နေတာ ထူးခြားတဲ့အတွက် ကူးယူ ဖော်ပြလိုက်ပါတယ်။


.

ခေတ်သစ်ဘီလူး

0 comments

.




ကာတွန်း - ဂေါ်ပြား
http://www.facebook.com/cartoongawpyar


.

"၃၃၀ လွှတ်ပေးပါ"

4 comments

.




ဒီနေ့ ပြုလုပ်တဲ့ NLD သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

NLD ရဲ့ စာရင်းမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်လိုက်ပါ လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီမနက် ရန်ကုန်မှာ ပြုလုပ်တဲ့ NLD သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

“နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လို့ အားလုံး လွှတ်ပေးပါ။ ကျမတို့ စာရင်းက ၃၃၀ ကျန်ရှိနေသေးတယ်။ ၃၃၀ လုံး လွှတ်ဖို့ တောင်းဆိုပါတယ်” တဲ့။

နိုင်ငံရေးအကျဉ်းသား တချို့ လွတ်မြောက်လာတယ် လို့ ဒီမနက် သတင်းထွက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။

ရှင်းလင်းပွဲမှာ NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းလည်း တက်ရောက်ပါတယ်။

သူက ရွေးကောက်ပွဲကော်မရှင်ရဲ့ မကြာသေးခင်က အကြောင်းကြားချက်ဖြစ်တဲ့ အခြေခံဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ Myanmar လို့ပဲ သုံးပါ (Burma လို့ မသုံးနဲ့) ဆိုတာကိုနဲ့ ပတ်သက်ပြီး အခုလို ပြောကြားလိုက်ပါတယ်။

“ကျနော်တို့ လိုက်နာကြရမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေက မြန်မာပြည်မှာ ဘယ်နှစ်ခုရှိလဲ။ တခုပဲရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ။ ဒီထက်ပိုရှင်းအောင် ပြောရရင် ဗမာလိုပဲ ရှိတယ်၊ ဗမာစာနဲ့ပဲ ရှိတယ်၊ အင်္ဂလိပ်လိုမရှိပါဘူး။ ပြည်ထောင်စုကော်မရှင်က ပြောနေတာက အင်္ဂလိပ်လို ပြောနေတာ။ အင်္ဂလိပ်လို ဖွဲ့စည်းပုံ အခြေခံဥပဒေ တိုင်းပြည်မှာ မရှိဘူး”

ဦးဉာဏ်ဝင်း ပြောပြသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ရှင်းလင်းချက် သတင်းကို ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖတ်ရှုနိုင်တော့မှာပါ။


.

Burma - Myanmar စစ်တမ်းရလဒ်

35 comments

.





ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၃-၃၀ ဥရောပခရီးစဉ်တလျှောက် ဟောပြောချက်၊ ဆွေးနွေးမှု၊ သတင်းစာ ရှင်းလင်းပွဲတွေမှာ မြန်မာပြည်ကို Burma လို့ပဲ ခေါ်ခဲ့ပါတယ်။

ခရီးစဉ်အဆုံးသတ်ချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ဒီအကြောင်းကို သတင်းစာကတဆင့် အများသိအောင် သဘောထားကြေညာချက် ထုတ်လိုက်ပါတယ်။

မြန်မာနိုင်ငံအမည်ဖော်ပြတဲ့အခါ Burma အစား Myanmar လို့သာ သုံးနှုန်းဖို့ NLD ကို အသိပေး အကြောင်းကြားထားပါတယ် တဲ့။

ဒီအကြောင်းကြားစာကြောင့် Burma - Myanmar ဝေါဟာရ ငြင်းခုန်မှုတွေ ပေါ်ပါတယ်။

စာဖတ်သူကရော ဘယ်လို သုံးမလဲ လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဧရာဝတီ ဘလော့မှာ စစ်တမ်း ကောက်ခဲ့ပါတယ်။
သဘောထားပေးမှု ၂,၀၀၈ ခု ပါဝင်တဲ့ စစ်တမ်းရလဒ်က ဒီလိုပါ -

အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း Myanmar လို့ သုံးမယ်။ ၅၃၆ (၂၆%)

နိုင်ငံအမည်ပြောင်းချိန်မှာ လူထုကိုမတိုင်ပင်ခဲ့ဘူး၊ ဒါကြောင့် Burma လို့ ဆက်သုံးမယ်။ ၁,၃၄၉ (၆၇%)

ဘယ်လိုသုံးရမယ်ဆိုတာ မဆုံးဖြတ်ရသေးပါ။ ၁၀၈ (၅%)


ဒီမနက် ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ - ဧရာဝတီ)

ဒီကနေ့ NLD ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကော်မရှင်ရဲ့ Burma - Myanmar အကြောင်း ပြောကြားသွားပါတယ်။

“ဘယ်သူ့ကိုမှလည်း စော်ကားတာ မဟုတ်ဘူး။ ... ကျမ သုံးချင်သလို သုံးလို့ရတယ်လို့ မြင်တယ်” တဲ့။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြန်လည်တုံ့ပြန်ချက် ချက်ချင်း ထွက်မလာသေးပါဘူး။ သိပ်မကြာခင်မှာ တခုခု တုံ့ပြန်လိမ့်မယ်လို့ ယူဆရပါတယ်။


.

Facebook, Twitter မှတ်ချက်ကြောင့် စလုံးမှာ ၂ ယောက် အဖမ်းခံရ

2 comments





Facebook နဲ့ Twitter မှာ လူမျိုးရေးခွဲခြားတဲ့မှတ်ချက်တွေ ရေးသားမှုနဲ့ ဆယ်ကျော်သက် ၂ ယောက်ကို စင်္ကာပူရဲတွေက ထိန်းသိမ်းလိုက်တယ်
လို့ ဂျကာတာပို့စ် သတင်းစာ http://www.thejakartapost.com/news/2012/07/02/singapore-police-arrest-2-making-racist-remarks-online.html မှာ ရေးထားပါတယ်။
အသက် ၁၇ နှစ်အရွယ် အမျိုးသား ၂ ယောက်ပါ။

ပြီးခဲ့တဲ့လကုန်ပိုင်း သူတို့ရဲ့ ရေးသားချက်တွေဟာ မတူကွဲပြားတဲ့လူမျိုးစုတွေကြား ရန်မီးပွားအောင် သွေးထိုးပေးရာရောက်တယ်လို့ ရဲက ဆိုပါတယ်။

ဘာတွေ ဖြစ်ခဲ့သလဲ?

၂၇ ရက်နေ့ - အာဏာပိုင်တို့က သူတို့ရဲ့ အရေးအသားတွေကို Facebook နဲ့ Twitter မှာ တွေ့လိုက်တယ်။
၂၈ နဲ့ ၂၉ ရက်နေ့ - စုံစမ်းပြီးနောက်ပိုင်းမှာ သူတို့ ဘယ်သူတွေဖြစ်တယ် ဆိုတာကို ဖော်ထုတ်နိုင်ပြီး သွားဖမ်းလိုက်တယ်။

ဥပဒေအရ ဒီလိုအမှုတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် စင်္ကာပူဒေါ်လာ ငါးထောင်အထိ ချလို့ရ၊ ထောင်ဒဏ်ပေးမယ် ဆိုရင်လည်း ၃ နှစ်အထိ ပေးလို့ရတယ် တဲ့။ ထောင်ဒဏ်ရော ငွေဒဏ်ပါ ချလို့ ရသေးတယ်လို့ ဆိုတယ်။

ဒီပြစ်ဒဏ်တွေဟာ ပထမအကြိမ် ကျူးလွန်သူများအတွက်လို့ သတင်းက ဆိုတယ်။ အကြိမ်ကြိမ်ကျူးလွန်သူတွေကို ဘယ်လို စီရင်တယ် ဆိုတာတော့ သတင်းထဲမှာ ရေးမထားပါ။

လူမျိုးရေး၊ ဘာသာရေး စော်ကားမှုတွေဟာ လွတ်လပ်စွာထုတ်ဖော်ခွင့်ထဲမှာ မပါဘူး လို့ ရဲအရာရှိ How Kwang Hwee ရဲ့ မှတ်ချက်ကိုလည်း သတင်းမှာ ကိုးကားထားပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး ဇာဂနာက ပြီးခဲ့တဲ့လထဲမှာ ရေးသားခဲ့ပါသေးတယ်။ ဗြိတိန်နိုင်ငံ ဂါးဒီးယန်း သတင်းစာမှာပါ။

"Burmese must use freedom of expression to promote peace, not conflict"

"မြန်မာပြည်သားတွေလည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ငြိမ်းချမ်းရေးအတွက် အသုံးပြုသင့်ပါတယ်၊ ပဋိပက္ခတိုးပွားဖို့အတွက်တော့ မသုံးသင့်ပါဘူး" တဲ့။

ဇာဂနာရဲ့ ဆောင်းပါးတိုကို http://www.guardian.co.uk/commentisfree/2012/jun/17/test-new-burma-ethnic-violence?INTCMP=SRCH မှာ ဖတ်နိုင်ပါတယ်။




ဒေါင်းမြူးမယ့်နေ့

0 comments

ကာတွန်း-ဟာဂျုလီကသာ

ဒေါင်းမြူးမယ့်နေ့ (၇.၇.၂၀၁၂ရက်နေ့တွင်ကျင်းပမည့် နှစ် ၅၀ ပြည့် ရွှေရတုနေ့ကို ဦးစီးမည့် ဗကသအား ဂုဏ်ပြုသောအားဖြင့်...)

မြန်မာ့ရေနံ နဲ့ ဓာတ်ငွေ့လုပ်ငန်း ပြဿနာ

0 comments

.


ဦးအောင်ခင်



စွမ်းအင်ဝန်ကြီးဌာနလက်အောက်ခံ မြန်မာ့ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းဟာ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ကိုင်နေပေမယ့် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုမရှိတဲ့ အစိုးရဌာနဖြစ်တယ်လို့ ဇွန်လ (၁၄) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်မှာ ပြောတဲ့မိန့်ခွန်းမှာ ထည့်ပြောသွားတာပါ။ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သတ်မှတ်တဲ့ စည်းကမ်းကျင့်ဝတ် Code of Good Practices on Fiscal Transparency ကို လက်မခံမခြင်း မြန်မာ့ရေနံဓါတ်ငွေ့လုပ်ငန်းနဲ့ လက်မတွဲသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးစကားပြောသွားခဲ့ပါတယ်။

ဒေါ်စုရဲ့  ဥရောပခရီးစဉ်ကို သတင်းအမှောင်ချတဲ့ အစိုးရသတင်းစာက ILO မိန့်ခွန်းကိုချေပတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒေါ်စုရဲ့  ILO မိန့်ခွန်းအကြောင်း တလုံးတပါဒမှ မဖော်ပြဘဲ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းဟာ ပွင့်လင်းမြင်သာတဲ့စနစ်ကို ကျင့်သုံးပြီး TOTAL နဲ့ Chevron ကုမ္မဏီကြီးတွေနဲ့ (၁၀) နှစ်ကျော် လက်တွဲလုပ်လာခဲ့ကြောင်း ရေးထားတဲ့ဆောင်းပါးကို ဇွန်လ (၂၀) ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြပါတယ်။ အခုမှ ဒီလိုဖော်ပြတာဟာ စဉ်းစားစရာပါ။

တနင်္သာရီကမ်းလွန် ရတနာနဲ့ ရဲတံခွန်ကထွက်တဲ့ သဘာဝဓါတ်ငွေ့ ထိုင်းနိုင်ငံကို ရောင်းစားနေတာ ဆယ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရောင်းရငွေကို ဘယ်သူကမှ မကြေညာတဲ့အတွက် ပြင်သစ် Total ကုမ္မဏီ၊ အမေရိကန် Chevron ကုမ္မဏီနဲ့ ထိုင်း PTI ကုမ္မဏီတွေကို ရှင်းရှင်းလင်းလင်း လုပ်ဖို့ ထင်ရှားတဲ့ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းပေါင်း (၁၆၀) က ၂၀၁၀ မှာ တောင်းဆိုခဲ့ပါတယ်။ ဓါတ်ငွေ့ရောင်းရတဲ့ ဒေါ်လာငွေကို ဘယ်သူ ဘယ်လောက်ရတယ် ဆိုတာ အတိအလင်းသိရမှ အလွဲသုံးစားလုပ်မှု ဟန့်တားနိုင်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗမာအစိုးရဆီက ခွင့်ပြုချက်မရလို့ ထုတ်မပြောနိုင်ဘူးလို့ ဒီကုမ္မဏီတွေက အကြောင်းပြန်ပါတယ်။ ဒါကြောင့် ဓါတ်ငွေ့ဒေါ်လာကို ဗမာအစိုးရကို လက်သိပ်ထိုးပေးပြီး တိုးတိုးတိတ်တိတ် ဝေစားမျှစားလုပ်သလို ဖြစ်နေပါတယ်။



ဇွန်လ (၂၀) ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ အမှုထမ်းဟောင်း ကျော်ကျော်လှိုင် ဆိုသူရဲ့  ဆောင်းပါးမှာ ဗမာအစိုးရ ရရှိတဲ့ ဓါတ်ငွေ့ဒေါ်လာပမာဏကိုလည်း ဖော်ပြထားပါတယ်။ ရတနာဓါတ်ငွေ့က နှစ်စဉ်ဒေါ်လာသန်း (၄၈၀) ရတယ်ဆိုတော့ (၁၂) နှစ်မှာ သန်း (၆၀၀၀) လောက်ရမှာ ဖြစ်ပါတယ်။ ရဲတံခွန် က နှစ်စဉ်ဒေါ်လာသန်း (၈၀၀) လောက်ရတယ် ဆိုတော့ ဆယ်နှစ်မှာ သန်း (၈၀၀၀) လောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗမာအစိုးရလက်ထဲမှာ ဓါတ်ငွေ့ဒေါ်လာ သန်း (၁၄, ၀၀၀) လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီငွေတွေကို စင်္ကာပူမှာ သိမ်းထားတယ် ဆိုတာကိုတော့ ကျော်ကျော်လှိုင်ရဲ့  ဆောင်းပါးမှာ မဖော်ပြပါဘူး။ ၂၀၁၀ မှာ Earth Rights International အဖွဲ့က ခန့်မှန်းထားတာထက် ပိုများနေပါတယ်။ ဓါတ်ငွေ့ဒေါ်လာကို ဘယ်သူကမှ မဖော်ပြတဲ့အတွက် UNOCAL ရေနံကုမ္မဏီကို တရားစွဲတုန်းက အမေရိကန် တရားရုံးမှာ တင်ပြခဲ့တဲ့ စာရင်းဇယား အထောက်အထားကို အခြေခံပြီး Earth Rights International က တွက်ချက်ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့သဘာဝဓါတ်ငွေ့ကို နိုင်ငံခြားကုမ္မဏီတွေက ရှာဖွေထုတ်ယူပြီး ဗမာအစိုးရနဲ့ ဝေစုခွဲပုံနဲ့ ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှာ PhD ပါရဂူဘွဲ့ ကျမ်းတစောင် တင်သွင်းတာတွေ့ရပါတယ်။ Nicola M. Black ဆိုသူက၊ New Zealand နိုင်ငံ Waikato တက္ကသိုလ်မှာ တင်သွင်းတဲ့ကျမ်းပါ။ ကျမ်းအမည်က Blood Money သွေးစွန်တဲ့ငွေ ဖြစ်ပါတယ်။ မြန်မာ့သယံဇာတကို ရှာဖွေထုတ်ယူရောင်းချရာမှာ မြန်မာပြည်သူပြည်သားတွေ ဒုက္ခရောက်ရတဲ့အတွက် ဒီလိုငွေမျိုးကို သွေးစွန်းတဲ့ငွေလို့ ခေါ်တာပါ။ မြန်မာ့ရေနံနဲ့ဓါတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး စီမံကိန်း (၃) ခုမှာ ပါဝင်သူ တရာကျော်ကို နိုင်ငံပေါင်း (၇) နိုင်ငံက တွေ့ဆုံမေးမြန်းပြီး ရေးသားပြုစုထားတဲ့ကျမ်း ဖြစ်ပါတယ်။ သယံဇာတရောင်းစားနေတဲ့နိုင်ငံမှာ ပြည်သူလူထု ဆင်းရဲရပုံကို ပညာရေးလောက ကပါ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။



သဘာဝသယံဇာတာ ကြွယ်ဝတဲ့တိုင်းပြည်မှာ တိုးတက်ဖွံ့ဖြိုးမှုမရှိဘဲ အများပြည်သူဆင်းရဲနေရတာကို သယံဇာတကျိန်စာလို့ ခေါ်ကြပါတယ်။ ဖောင်စီးရင်ရေငတ်တဲ့ အဖြစ်ပါ။ သယံဇာတကြွယ်ဝတဲ့ အကျိုးကို တိုင်းသူပြည်သားနဲ့ နောင်လားနောင်သားတွေ ခံစားနိုင်ရအောင် ရန်ပုံငွေတည်ထောင်ဖို့ နေပြည်တော်ကိုလာသွားတဲ့ စီးပွားရေးပညာရှင် Dr. Joseph Stiglitz က အကြံပြုထားပါတယ်။ ဒါပေမဲ့ အစိုးရလက်အောက်ခံမဟုတ်တဲ့ လွတ်လပ်သော သီးခြားရန်ပုံငွေ ဖြစ်ရမယ်လို့ ဆိုပါတယ်။ တိုင်းပြည်ရဲ့  သယံဇာတကို လက်ရှိအစိုးရတင် ပိုင်ဆိုင်တာမဟုတ်ပါဘူး။ ပြည်သူလူထုနဲ့ အနာဂတ်မျိုးဆက်တွေကလည်း ပိုင်ပါတယ်။ ဒါကြောင့် သီးသန့်ရန်ပုံငွေထားပြီး တိုးပွားအောင်လုပ်ဖို့ လိုအပ်ပါတယ်။

IMF ငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၀၇ မှာထုတ်ဝေတဲ့ Resource Revenue Transparency စာအုပ်မှာ သယံဇာတက ရတဲ့ငွေကို အတိအလင်းဖော်ပြဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ ဆိုပါတယ်။ အစိုးရနဲ့ သယံဇာတ ကုမ္မဏီတွေ ချုပ်ဆိုထားတဲ့ စာချုပ်ကို ပြည်သူလူထုက ကြည့်ရှုပိုင်ခွင့် ရှိရမယ်လို့လည်း ဆိုပါတယ်။ ငွေကြေးကိစ္စကို အပြည်ပြည်ဆိုင်ရာ စံချိန်အတိုင်း လုပ်ကိုင်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးဌာနလက်အောက်ခံ မဟုတ်တဲ့ သီးခြားအဖွဲ့အစည်းက စစ်ဆေးတာကို ခံယူရမယ်လို့ ဖော်ပြထားပါတယ်။

ညွှန်း - ဗွီအိုအေ မြန်မာဌာန http://www.voanews.com/burmese/news/news-analysis/news_analysis_06-30-2012-160913445.html

.

ငြိမ်းချမ်းခြင်း သံစဉ်ည ဂီတပွဲတော်

1 comments


ဓာတ်ပုံ- CJ myanmar

ကချင်ပြည်နယ်ရှိ စစ်ဘေးတိမ်းရှောင်နေကြသော စစ်ဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ကူညီနိုင်ရန် ရည်ရွယ်ကျင်းပမယ့် " ငြိမ်းချမ်းခြင်း သံစဉ်ည " အကပဒေသာ နှင့် ဂီတဖျော်ဖြေပွဲကို ဇူလိုင်လ ၉ ရက်နေ့မှာ မန္တလေး Oriental House မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် ၃၀၀၀ိ/- ကျပ် နှုန်းဖြင့် ရောင်းချ သွားမှာဖြစ်ပါတယ်။

အလှူငွေများ ထည့်ဝင်ခြင်းဖြင့်လည်းကောင်း ပါဝင်ကူညီကြပါရန် နှိုးဆော် ထားတာကိုတွေ့ရပါတယ်။
ငြိမ်းချမ်းခြင်း သံစဉ်ည ပွဲစဉ်မှာ အနုပညာရှင်များ စုံလင်စွာပါဝင် ဖျော်ဖြေသွားမှာလဲ ဖြစ်ပါတယ်။


လတ်တလော ရန်ကုန် ကားဈေးနှုန်း

1 comments

.




ဟံသာဝတီကားဈေးကွက် (ရန်ကုန်) ဇူလိုင်လ ၁ ရက်နေ့ ကားဈေးနှုန်းများ

၂၀၀၂ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) (ကျပ်) သိန်း ၂၀၀
၁၉၉၉ မော်ဒယ် တိုယိုတာ Mark II(ဓာတ်ဆီ) (၅ဃ) သိန်း ၁၆၀

၁၉၉၂ မော်ဒယ် တိုယိုတာ Mark II(ဒီဇယ်) (၁ခ) သိန်း ၁၀၀
၂၀၀၀ တိုယိုတာ ကာဒီးနား (ကြက်တူရွေး) (ဓာတ်ဆီ) (၅ဃ) သိန်း ၁၆၀

၂၀၀၂ တိုယိုတာ ကာဒီးနား (စက်ရုပ်) (ဓာတ်ဆီ) (၅ဃ) သိန်း ၂၁၀

၂၀၀၁ ကိုရိုလာ (ဖင်ကောက်) (ဒီဇယ်) (၅ဃ) သိန်း၂၂၀
၁၉၉၉ သိန်း ၂၀၀
၁၉၉၂ (ဒီဇယ်) (၈က) သိန်း ၁၂၀

၂၀၀၂ ကိုရိုလာ RAY 4 (ဓာတ်ဆီ) (၅ဃ) သိန်း ၂၃၀
၂၀၀၀ သိန်း ၂၀၀
၁၉၉၉ (၂ဃ) သိန်း ၁၆၅

၂၀၀၇ ဆူဇူကီး R+ (ဓာတ်ဆီ) (၃ဂ) သိန်း ၁၂၀
၂၀၀၅ (၆ခ) သိန်း ၉၀

၁၉၉၀ ကိုရိုလာ လီမိတက် (SE) (ဓာတ်ဆီ) (၅ဂ) သိန်း ၁၁၀
၁၉၈၈ (၆က) သိန်း ၉၀

၁၉၉၀ ကိုရိုလာ CE,96 (ဒီဇယ်) (၈က) သိန်း ၉၀
၁၉၉၇ ပါရာဒို TX (ဒီဇယ်) (၅ဃ) သိန်း ၂၉၀
TZ သိန်း ၃၃၀

ဇူလိုင် ၁ ကားပါမစ် စလစ်ဈေး သိန်း ၅၀

ဈေးနှုန်းအနည်းငယ် ကွာဟမှုရှိနိုင်ပါသည်။

ညွှန်း - http://www.colayonline.com.mm/automobile/

.

အဆိုတော် Engelbert မြန်မာနိုင်ငံတွင် ဖျော်ဖြေမည့် အစီစဉ် ဖျက်သိမ်း

0 comments

ဓာတ်ပုံ-The Guardian

ဇူလိုင် ၁၁ ရက်နေ့ မှာ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း အမျိုးသားကဇတ်ရုံမှာ ဖျော်ဖြေတင်ဆက်မယ့် ကမ္ဘာကျော် အဆိုတော်ကြီး Engelbert Humperdinck Live Show အစီစဉ်ကို ဖြတ်သိမ်းလိုက်ကြောင်းကို MRTV-4 တွင်ကြေငြာခဲ့ပါတယ်။

လက်မှတ်တွေလဲ ကြိုတင်ရောင်းချခဲ့ပြီးမှ အဆိုတော်ကြီးရဲ့ ကျန်းမာရေးအခြေနေကြောင့် ပွဲစဉ်ကိုဖြတ် သိမ်း လိုက်တာဖြစ်ပါတယ်တဲ့။ မြန်မာနိုင်ငံမှာဖျော်ဖြေမယ့် အစီစဉ်ကိုဖြတ်သိမ်း တာတင်မဟုတ်ပါဘူးတဲ့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပွဲစဉ်ကိုလဲ ဖြတ်သိမ်းတာဖြစ်ပါတယ်။

ဒါကြောင့် အဆိုတော်ကြီး Engelbert Humperdinck Live Show ပွဲစဉ် အတွက် ကြိုတင် လက်မှတ် ၀ယ်ယူထားသူများကိုလဲ သက်ဆိုင်ရာ အရောင်းဌာန တွေကနေ ပြန်အမ်းငွေများကိုလဲ ထုတ်ပေးနေပါသတဲ့။



နေရာတိုင်းမှာ

0 comments

.




ကာတွန်း - လိုင်လုဏ်



.

လွတ်ငြိမ်းခွင့် နည်းနည်း ထပ်ပေးပြီ

0 comments


သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်နဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၈၀ ယောက်ကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့မှာ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။

နိုင်ငံတော် တည်ငြိမ်ရေး၊ ထာဝရ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံရေးမှာ အား လုံး ပါဝင်နိုင်ရေး၊ လူသားချင်း စာနာထောက်ထားတဲ့အတွက် မြန်မာနိုင်ငံသား အကျဉ်းသား ၄၆ ဦး ( ကျား-၃၇၊ မ-၉ ) တို့နဲ့အတူ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံ ရေး တို့အတွက် နိုင်ငံခြားသား အကျဉ်းသား ၃၄ ဦး တို့ကို ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့က စပြီး ပြစ်မှုဆိုင် ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ ပြစ်ဒဏ်လွတ် ငြိမ်းခွင့် ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီကနေ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရသူ ၈၀ ဦးထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါဝင်သလဲ ဆိုတာတော့ သေချာ မသိရသေးပါဘူး။ ဒီကနေ့ဟာတော့ ပထမ ၀ါဆိုလပြည့်နေလည်းဖြစ်သလို ယခင်စစ်အစိုးရနှင့် ယခု အစိုးရတို့က သတ်မှတ်ထားတဲ့ မြန်မာအမျိုးသမီးများနေ့လည်း ဖြစ်ပါတယ်။


ကမ္ဘောဇ နဲ့ ထိုင်း SCB တို့ ဘဏ်လုပ်ငန်း ပူးပေါင်းမည်

0 comments

.


မြန်မာနိုင်ငံက ကမ္ဘောဇဘဏ်နဲ့ ထိုင်းနိုင်ငံက Siam Commercial Bank (SCB) ဘဏ်ကြီးတို့ဟာ ပူးပေါင်း ဆောင်ရွက်သွားဖို့အတွက် ဇွန်လ ၂၈ ရက်နေ့က ဘန်ကောက်မြို့မှာ လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါပြီ။

ဘဏ် ၂ ခုရဲ့ သဘောတူချက်အရ ထိုင်းနိုင်ငံအတွင်းမှာ ရှိတဲ့ မြန်မာအလုပ်သမားတွေဟာ လစာကို မြန်မာ
နိုင်ငံ ကို ဘဏ်စနစ်သုံးပြီး ငွေလွှဲပေးနိုင်မှာလည်းဖြစ်ပါတယ်တဲ့။

ထိုင်းရောက် မြန်မာနိုင်ငံသားတွေ မိမိနေရပ်ကို မကြာခင်က စတင်ပြီး ငွေလွှဲပို့နိုင်တော့မှာဖြစ်တယ်လို့ ကမ္ဘောဇဘဏ် ရုံးချုပ်က ပြောဆိုထားတာကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့ ကြေးမုံသတင်းစာ မှာ ဖော်ပြ ထားပါတယ်။


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved