ဘန်ကောက်ကို တရားမ၀င်သွားမယ့် ၄၂ ဦး နယ်စပ်မှာမိ

Friday, October 19, 2012 0 comments


~

  


သန်းထိုက်ဦး ~


(ဓာတ်ပုံများ - manager.co.th)
ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်ကနေ တဆင့် သွားရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက်ကို ဒီကနေ့ ဖမ်းမိတယ်လို့ သိရပါတယ်။

သူတို့ရဲ့ လှုပ်ရှားမှုကို သတင်းရတဲ့အတွက် ထိုင်းအာဏာပိုင် အင်အား ၂၀ လောက်က မဲဆောက်မြို့ပြင် တနေရာမှာ သွားရောက် ဖမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဖမ်းခံရတဲ့သူအထဲမှာ အမျိုးသားက ၃၃ ယောက် ပါဝင်ပြီးတော့ ၉ ဦးကတော့ အမျိုးသမီးတွေပါ၊ ထိုင်း အာဏာပိုင်တွေက သူတို့အားလုံးကို မကြာခင် နယ်စပ်ကနေ တဆင့် မြန်မာပြည်ဘက် ပြန်ပို့သွားမယ်လို့ ဆိုပါတယ်။


အဖမ်းခံရတဲ့သူတွေ အထဲက ၃၇ နှစ်အရွယ် မောင်အောင်ကျော်က “ကျနော်ကတော့ ဘန်ကောက်မှာ အလုပ် သွားလုပ်ဖို့ ပွဲစားနဲ့ အဆက်အသွယ် လုပ်ပြီးတော့ မြ၀တီမြို့နယ်ကနေ လာတာပါ၊ ပွဲစားကိုလည်း စရံငွေ ဘတ် တသောင်း  ပေးထားပါတယ်” လို့ ပြောပါတယ်။
ကိုးကား - manager.co.th











-


ကမ္ဘာ့အသက်အကြီးဆုံး ကလေးအဖေရဲ့  လျှို့ဝှက်ချက်…

0 comments

အဘိုးအို သူ့ မိန်းမနှင့် ကလေး နှစ်ယောက်

အိန္ဒိယ မြောက်ဘက်ပိုင်း ဒေသက  အသက် (၉၆) နှစ်အရွယ်
လယ်သမားအဘိုးအိုတစ်ဦးက သူ့ရဲ့  ချစ်လှစွာသော ဇနီး ( အသက်၅၂ နှစ်)နဲ့ ပထမဦးဆုံး သားလေးကို ၂၀၁၀ မှာ မွေးဖွားခဲ့ပါတယ်… ဒုတိယမြောက် သား ရတနာကိုတော့ ဒီလ  (၅) ရက်နေ့မှာ ကျန်းမာစွာ ဖွားမြင်နိုင်ခဲ့ပါတယ်…

ကလေး မွေးဖွားပေးသော ဆရာဝန်များက ကလေးအဖေ မည်သူလဲလို့ မေးတော့ လယ်သမား အဖိုးကြီးက ဆရာဝန်တွေဆီ လမ်းလျှောက်သွားပြီး ကလေးအဖေကကျနော်ပါ လို့ ပြန်လည် ဖြေကြားခဲ့တော့ ဆရာဝန်များပင် မယုံနိုင်စရာ အံအားသင့်ခဲ့ရပါတယ်။ 


အဖိုးကြီးကတော့ သူက လယ်သမား ဖြစ်လို့ သူ့သားသမီးတွေကို ပညာတတ် အစိုးရဝန်ထမ်းတွေ ဖြစ်စေချင်ပါသတဲ့ ။

လယ်သမားကြီးက ငယ်စဉ်ဘဝမှာ နဘမ်း အားကစားကို လေ့လာ လိုက်စားခဲ့ပါတယ်….

ဒီအရွယ်မှာ ကလေး ၂ ယောက် ရသွားတဲ့ အဖိုးကြီး ရဲ့  လျှို့ဝှက်ချက်ကို အိမ်နီးချင်းများက အမြဲတန်း လိုလိုမေးနေကြပါတယ်…. အဲဒီအချိန် မှာ အဖိုးကြီး ပြန်ဖြေလိုက်တဲ့ အဖြေက အံအားသင့်စရာပါ . သူဖြေပုံ က "I do it three to four times a night. I'm healthy and I enjoy sex with my wife. I think it's very important for a husband and wife to have sex regularly." ကျနော် ဘာသာ မပြန်ပြတော့ ပါဘူးနော်…..

အဓိက သူ့ ရဲ့  လျှို ဝှက်ချက်ကတော့ အစား အသောက်ပါ တဲ့။ အဖိုးကြီးနေ့စဉ် စားသုံးတာ ကတော့ ချောကလက်များတွေ ပါဝင်တက်သော အိန္ဒိယမှာပေါတဲ့ almonds လို့ ခေါ်တဲ့ အစေ့၊ ပြီးတော့ ထောပတ်၊ မလိုင်နဲ့ နွားနို့တွေက သူ့ကို စွမ်းအားတွေ ပေးစွမ်းနေပါတယ် တဲ့…..


 

ဒါးက - အိမ်မဲ လမ်းဘေးက ကျူးကျော်ဆိုင်ခန်းတွေ ဖျက်သိမ်းဖို့ ညွှန်ကြား

0 comments

  


ဆလိုင်း ဟံသာစန်း~

 ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးကမြို့မှ အိမ်မဲမြို့သို့သွားရောက်သည့် လမ်းဘေးဝဲ ယာရှိ ကျူးကျော်လူနေဆိုင်ခန်းများအား ယခုလ ၂၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းပေးရန်   ဆောက်လုပ်ရေး ၀န်ကြီးဌာနက စာထုတ်ပြန် ညွှန်ကြားထားသည်။ 

ဒါးက - အိမ်မဲကားလမ်းဘေးဝဲယာတွင် ဖျက်သိမ်းရမည့်ဆိုင်ခန်းပေါင်း ၄၂ ခန်းရှိပြီး သတ်မှတ်ရက်အတွင်း မဖျက်ပါက လမ်းမကြီးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် လက်ထောက် အင်ဂျင်နီယာရုံး၏ အကြောင်းကြားစာတွင် ဖော်ပြထားသည်။ 

 ကျူးကျော်ဆိုင်ခန်းများအား လမ်းဘေးဝဲယာမှ ဖျက်သိမ်း၍ မူလနေရာမှ ကိုက် ၂၀ ခန့်ဝေးသည့်   နေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆောက်လုပ်ရေးဌာန၏ စီစဉ်ထားမှုမှာ မိမိတို့အတွက် အဆင်မပြေကြောင်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

 “ရွေ့တဲ့နေရာမှာတောင် လမ်းမကြီးများဥပဒေအရ ၇၅ ပေအကွာ နောက်ကိုဆုတ်ပေးရမယ်။ နောက်မှာက လယ်တွေပဲရှိတယ်။ အဲဒီလယ်မြေထဲကို ၁ ပေ ဆုတ်လိုက်တာနဲ့ ၁ သိန်းခွဲ ပေးရမယ်။ ဒေသခံတွေက လက်လုပ် လက်စားသမားတွေဆိုတော့ မပေးနိုင်ဘူးဗျ”ဟု ဆိုင်ခန်းပိုင်ရှင် ဦးကံမြက ဧရာဝတီကို   ပြောသည်။

 ထို့ကြောင့် မိမိတို့အနေဖြင့် ပြောင်းရွှေ့ရမည့်နေရာတွင် လမ်းမကြီးဘေးမှ ၇၅ ပေ အစား ၃၅ ပေခန့်သာ   နောက်ဆုတ်ပေး၍ ဆိုင်ခန်းဖွင့်လှစ်ဆောက်လုပ်လိုကြောင်း သူက ဆက်ပြောသည်။ 

ဆိုင်ခန်းများပြောင်းရွှေ့ဖွင့်လှစ်ရန် သတ်မှတ်ထားသည့်နေရာမှာ   မြေနိမ့်ပိုင်းဖြစ်သဖြင့် ရေအိုင်ကြီး   ဖြစ်နေပြီး ထိုရေထဲမှာပင် ဆောက်လုပ်ရေးဌာနက လမ်းနယ်နိမိတ်ငုတ်တိုင် အမှတ်အသား စိုက်ထူထားသည်။ 



 ဒါးက - အိမ်မဲ ကားလမ်းဘေးတွင် ၀ါးဓနိဆိုင်၊ အအေးဆိုင်၊ စားသောက်ဆိုင်၊ ငါးစိမ်းဒိုင်၊ ကြက်ဒိုင်၊ ငါးရှဥ့်ဒိုင်၊ ကုန်စုံဆိုင်စသည့်ဈေးဆိုင်ခန်းများအပြင် အရက်နှင့် ဘီယာဆိုင်များပါ ဖွင့်လှစ်ထားသည်။ 

ယင်းဆိုင်ခန်းနေရာများမှာ ယခင်က ဆက်သွယ်ရေးဝန်ထမ်းသက်သာဆိုင်ခန်းများဖြစ်ပြီး ၂၀၀၂ ခုနှစ် ကစတင်ကာ တခန်းလျှင် ၃ သောင်းကျပ်ပေး၍ ၀ယ်ယူခဲ့ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး အဆက်ဆက်   ငွေပေးဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုင်ရှင်များက ပြောသည်။ 

 ဆိုင်ခန်းပိုင်ရှင်များထဲတွင် ဆိုင်ခန်းအဖျက်ခံရပါက ပြောင်းရွှေ့ဆောက်လုပ်ရန် ငွေမရှိ၊ နေစရာလည်း   မြေမရှိသည့် မိသားစုများလည်း ရှိနေသည်။ “ကျမတို့လာနေတာ ၂ နှစ်လောက်ရှိပြီနေစရာ မရှိလို့လာနေတာပါ။  ကျမယောက်ျားက စက်ဘီးပြင်ဆိုင်ဖွင့်ပါတယ်။ အခုဖျက်ရမယ်ဆိုတော့ ဘယ်မှလည်း ရွှေ့စရာ နေရာမရှိဘူး။ ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး" ဟု ဆိုင်ခန်းပိုင်ရှင် မငယ်က ပြောသည်။ 

ထို့ကြောင့် ဆိုင်ခန်းပိုင်ရှင်များက တိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်တို့ထံ ဆိုင်ခန်းများမရွှေ့ပြောင်းရန် အသနားခံစာ တစောင်ကို ယနေ့ ရေးသားပေးပို့ခဲ့ကြောင်း သိရသည်။ 




OIC ရုံးကိစ္စ အစိုးရတုန့်ပြန်ချက် နဲ့ Dateline Irrawaddy

0 comments

မြန်မာပြည်အတွင်း OIC ရုံးဖွင့်မှာကို မန္တလေးမှာ တနင်္လာနေ့က အထက်ပါအတိုင်း  ဆန့်ကျင် ဆန္ဒပြကြပါတယ် (ဓာတ်ပုံ - မန်းသားလေး/ဧရာဝတီ) 


 မြန်မာအစိုးရက OIC ကို မြန်မာပြည်မှာရုံးဖွင့်ဖို့ကိစ္စ လက်မခံဘူး ဆိုတဲ့ တုန့်ပြန်ချက်နဲ့ ပတ်သက်ပြီး ဒီတပတ် Dateline Irrawaddy မှာ ဆွေးနွေးထားပါတယ်။
 
   
 ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။

လောကနတ် ပန်းချီပြပွဲ

0 comments


~

 


 စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာ အယောက် ၅၀ ရဲ့လက်ရာစုံ၊ ၀ါရင့် ပန်းချီဆရာကြီးများရဲ့ လက်ရာများ၊ ခေတ်ဟောင်းစာနယ်ဇင်း သရုပ်ဖော်ပုံများကို ရန်ကုန်မြို့ လောကနတ်ပန်းချီပြခန်းမှာ ပြသထားပါတယ်။


  
ပြပွဲတင်လက်ရာတွေ၊ ပန်းချီဆရာတို့ရဲ့ ပြောဆိုချက်၊ ပြပွဲမြင်ကွင်းတို့ကို  ဧရာဝတီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။
 









-

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာမည့်လ သွားမယ်

0 comments


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ 

ဒါဟာ နှစ်ပေါင်း ၄၀ လောက် ကင်းကွာခဲ့တဲ့ အိန္ဒိယ နိုင်ငံကို ပြန်လည် ရောက်ရှိ မှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraph သတင်းစာတွေက ဆိုပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အိန္ဒိယအရာရှိတွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေလီမြို့ပြင်ကိုလည်း သွားရောက်နိုင်တယ်လို့ ဆိုပေမယ့် ခရီးစဉ် အတိအကျကိုတော့ မသိရသေးပါဘူး။ 

အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်ကလည်း ဒီနှစ် အစောပိုင်း ရန်ကုန်ကို သွားတုန်း က ဒေါ်အောင်ဆန်း စုကြည် ကို အိန္ဒိယ နိုင်ငံကို လာဖို့ ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း မိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားခဲ့ပါ တယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၂ ခုနှစ်က နိုင်ငံတကာ နာလည်မှုအတွက် ဂျဝါဟာလာ နေရူး ဆုကို လည်း ချီးမြှင့်ခံခဲ့ရတာပါ။ မိခင်ဒေါ်ခင်ကြည်အနေနဲ့ ပထမဆုံး အမျိုးသမီးသံအမတ်အဖြစ် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ခန့်အပ်ခံရပြီး ၁၉၆၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယနိုင်ငံ ကို ရောက်လာခဲ့စဉ် နယူးဒေလီမှာ ကျောင်းတက်ခဲ့ပါတယ်။

သြစီက လောင်စာ ကုမ္ပဏီ Woodside မြန်မာပြည် လာမယ်

0 comments

 Woodside ကုမ္ပဏီရဲ့ အစမ်းတွင်းလုပ်ငန်းတခု၊ ဓာတ်ပုံ- http://www.drillingcontractor.org

 
သြစတြေးလျ နိုင်ငံက Woodside Petroleum လို့ ခေါ်တဲ့ လောင်စာကုမ္ပဏီကြီးက မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေကို တောင်ကိုရီယား ဒေ၀ူး အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းကြီးနဲ့ တွဲပြီး လုပ်ဖို့ ရှိပါတယ်။ 

သြစီ Woodside က ပြောတာတော့ ဒေ၀ူးဘက်က မြန်မာနိုင်ငံ အနောက်ဘက် ပင်လယ်၊ ရခိုင် ကမ်းရိုး တမ်း မှာ ရှိတဲ့ လုပ် ကွက်(ဘလော့ဂ်× အမှတ် AD-7 မှာ အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းပေးမယ်လို့ သဘော တူခဲ့ပါတယ်တဲ့။ နောက်ထပ် ဒေ၀ူး ရဲ့ ရွှေ လုပ်ကွက်ဖွံ့ဖြိုးရေးအတွက်လည်း ပါတယ်လို့ ဆိုတာကို ရိုက်တာ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။ 

နှစ်ပေါင်း ၅၀ လောက် စစ်အုပ်ချုပ်ရေး အောက်ကနေ ပွင့်လင်းစပြုလာတဲ့ မြန်မာနိုင်ငံမှာ Woodside လို့ သြစီ ကုမ္ပဏီက ခြေတလှမ်း ၀င်လိုက်သလို အခြား အနောက်နိုင်ငံများရဲ့ စွမ်းအင်ကုမ္ပဏီတွေက လည်း မြန်မာနိုင်ငံကို ၀င်ရောက်ဖို့ စိတ် အား ထက်သန်နေကြတာပါ။ 

“ရခိုင်ကမ်းရိုးတမ်း ရေနက်ဆိပ်ကမ်းက ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ရှာဖွေတဲ့ နေရာတွေထဲမှာ စိတ် လှုပ်ရှားစရာ ဧရိယာ တခု ပဲ” လို့ The Woodside ကုမ္ပဏီ အမှုဆောင်ချုပ် Peter Coleman ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဆိုထားပါတယ်။ 

Woodside ဟာ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ပိုင်ခွင့် လေလံတွေ ရဖို့ ကြိုးစားနေကြတဲ့ နာမည် ကြီး လောင်စာ ကုမ္ပဏီ တွေ ဖြစ်တဲ့ ConocoPhillips၊ Hess Corp၊ Royal Dutch Shell၊ BP and BG Group တွေထဲမှာပါဝင်ပါတယ်။ 

အနောက်နိုင်ငံ ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းမြင်သာမှု၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းကာကာမှု၊ လူမှု ဆိုးကျိုး မဖြစ်ပေါ် ရေးဆိုတဲ့ တင်းကျပ်တဲ့ စံနှုန်းတွေကို အစိုးရက ထုတ်ပြန်ထားတာကြောင့် ဒါတွေအပေါ် Woodside က သဘောထား မှတ် ချက်ပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ 

ဒေ၀ူးနဲ့ Woodside တို့ဟာ ရခိုင်ပြည်နယ် ကမ်းလွန် လုပ်ကွက်၊ စမ်းသပ်ရှာဖွေရေး လုပ်ဖို့ ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ အစမ်းတွင်းတွေ လုပ်ဖို့ အစီအစဉ်ဆွဲထားတယ်လို့ သိရပါတယ်။

ကန် ဒု နိုင်ငံခြားရေး ၀န်ကြီးရဲ့ နေပြည်တော် ခရီး

0 comments




အမေရိကန် ပြည်ထောင်စု ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ၀ီလျံ ဂျေ ဘန်းစ်ဟာ ယမန်နေ့ အောက်တိုဘာ လ ၁၈ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ၂ နိုင်ငံ ဆက်ဆံ 
ရေး ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ 


အဲဒီနောက် မစ္စတာ ၀ီလျံဘန်းစ် ဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်း သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ခဲ့ပါတယ်။ 



အဓိက ဆွေးနွေးကြတာကတော့ ဒီမိုကရေစီ စံချိန်စံညွှန်း၊ ရင်းနှီးမြှုပ်နှံရေး၊ အမျိုးသား ပြန်လည် ရင်ကြား 
စေ့ရေး၊ နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အရေးတွေ လည်း ဆွေးနွေးခဲ့ကြ ပါတယ်လို့ ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။ 



ကွန်ပျူတာ မော်နီတာပေါ် Graffiti ရေးမယ်

0 comments



~




 


Cyra ( TSJ Tech Team ) ~


Graffiti ၀ါသနာရှင်တွေ အနေနဲ့ Graffiti ကို အဆောက်အအုံ နံရံတွေ၊ အုတ်တံတိုင်းတွေ၊ ဂိုဒေါင်တွေ နောက်ဖေးလမ်းကြားတွေမှာ ရေးနေတာကနေ ကွန်ပျူတာ မော်နီတာပေါ်မှာ ရေးတာဆိုတော့ နည်းနည်းတော့ စဉ်းစားစရာဖြစ်သွားမှာပါ။ ဟုတ်ပါတယ် ပြင်ပပတ်ဝန်းကျင်မှာ မှုတ်ဆေးတွေ၊ Marker Pen တွေ၊ အိုးမည်းခဲတွေ၊ မြေဖြူတွေ အမျိုးမျိုးသုံးပြီးရေးတာထက် အခုတော့ ကွန်ပျုတာ မော်နီတာပေါ်မှာပဲ အင်တာနက် အသုံးပြုပြီး Graffiti ရေးတာကို ဆိုလိုတာဖြစ်ပါတယ်။ အပြောင်းအလဲပေါ့။

အွန်လိုင်း Graffiti အတွက် ပထမဆုံး ကွန်ပျုတာတစ်လုံးတော့ လိုပါမယ်။ ပြီးတော့ ထုံးစံအတိုင်း ကော်နက်ရှင်ကောင်းကောင်းနဲ့ အင်တာနက်ကွန်ယက်ချိတ်ဆက်မှုလေး တစ်ခုလောက်တော့ရှိမှဖြစ်မှာပါ။ အဲဒီ့ နှစ်ခု ရှိနေရင်တော့ အခြေခံလိုအပ်တွေ ပြီးပြည့်စုံပြီလို့ ဆိုနိုင်ပါတယ်။ ရက်ကွက်ထဲက အုတ်တံတိုင်း အလွတ်မှာ ညဘက် ခိုးပြီး Graffiti ဆွဲတာထက်တော့ ပိုပြီး အဆင်ပြေလွယ်ကူမယ်လို့ ထင်ပါတယ်။

ကွန်ပျုတာလည်း ဖွင့်ပြီးပြီ၊ အင်တာနက်လည်း ရနေပြီ ဆိုရင်တော့ www.graffiticreator.net ကို  ၀င်လိုက်ပါ။ သင့် စိတ်ကြိုက် Graffiti ကို ဖန်တီးရေးဆွဲပေးမယ့် Flash Base Website တစ်ခု ကော်နက်ရှင်ပေါ်မူတည်ပြီး ရောက်ရှိသွားပါလိမ့်မယ်။ အရမ်းကို လွယ်ကူပါတယ် ပြီးတော့ စိတ်ကူးညဏ်တွေနဲ့ ဖန်တီးပေါင်းစပ်ခွင့်ကိုပေးထားပါတယ်။

ပထမဆုံး Website စာမျက်နှာကနေ ပေါ်လာမှာက Graffiti ရေးဆွဲသူ Mindgem ရဲ့ Style နဲ့ Font ပုံစံ အသုံးပြု Application တစ်ခုပါ။ စာလုံးရေ အများဆုံး ၈ လုံးအထိ ရေးဆွဲလို့ရပါတယ်။

အဲဒီ့မှာ အောက်ခံစာလုံးကို မိမိစိတ်ကြိုက် အရင်ဆုံး ရေးသွင်းပြီး Generate လုပ်ရပါမယ်။ Nickname, Group Name အစရှိသဖြင့် စာလုံးရေ ၈ လုံးထက်တော့ ပိုလို့ မရတာ နည်းနည်း သတိထားပါ။ အခမဲ့ Website တွေရဲ့ ထုံးစံအတိုင်း ကန့်သတ်ချက်လေးတွေကတော့ ရှိပါတယ်။

ပြီးတော့ ကာလာဖြည့်ရပါမယ်။ ရိုးရိုးလေး ကာလာဖြည့်မယ်လို့ ဆိုလိုက်ပေမယ့် ဒီနေရာမှာ အဆင့်တွေ အများကြီး အခန်းဏ္ဍတွေ အများကြီး စိတ်ကူးတီထွင်ဆန်းသစ်မှုတွေ အများကြီးဆိုတာ Graffiti Crazy တွေ သိပြီးသားဖြစ်မှာပါ။ နံရံပေါ်မှာ စာလုံးကောက်ကြောင်းတွေရေးဆွဲပြီး ကာလာသွင်းဖို့ လက်မှိုင်ချပြီး စဉ်းစားမရဖြစ်တာမျိုး ဒီနေရာမှာ ကြုံရပါလိမ့်မယ်။ အပြင်မှာ ဆွဲတုန်းက ကာလာမသွင်းနိုင်ဘဲ မပြီးသေးလို့ ပစ်ထားပြီး ထွက်ပြေးလို့ ရပေမယ့် အခုတော့ ကွန်ပျုတာပေါ်မှာပဲ ရေးဆွဲတာဆိုတော့ ထွက်ပြေးစရာတော့မလိုပါဘူး။ နည်းနည်းလေး ဦးနှောက်ခြောက်ရုံတင်ပါ။

(စာလုံး ၈ လုံး ပါဝင်တဲ့ Mandalay ကို စမ်းသပ်ဆွဲထားပုံ)
အရောင်သွင်းခြင်း ပထမအဆင့် အနေနဲ့ စာလုံးတစ်ခုလုံးရဲ့ အဓိကအောက်ခံအရောင်ကို ထည့်ရပါမယ်။

အရောင်တွေထည့်တဲ့ နေရာမှာ ထည့်ချင်တဲ့အရောင်ကို စိတ်ကြိုက်စပ်ဟပ်ပြီးထည့်နိုင်ပါတယ်။ အပြင်က နံရံမှာရေးတာလို အရောင်မကြိုက်လို့ ပြန်ဖျက်ရတာမျိုး မရှိတော့ဘူးပေါ့။ စိတ်ကြိုက်အရောင်ကို အနုအရင့် လိုသလို ဖန်တီးရေးဆွဲခွင့်ပေးထားပါတယ်။ မှုတ်ဆေးဘူးတွေ အများကြီး မကုန်တော့သလို ပြန်ပြင်ပြန်ဖျက်လို့ရတော့ အချိန်ကုန် လူပန်း သက်သာပါတယ်။

ဒုတိယ အဆင့် အနေနဲ့ Application ထဲမှာရေးထားသလို Sunset နဲ့ Sunrise ဆိုတဲ့ စာလုံးတစ်ခုချင်းစီရဲ့ အပေါ်နဲ့အောက်ဖက်က အောက်ခံအရောင်များကို ထပ်ပြီးချယ်မှုန်းရပါလိမ့်မယ်။ မဖြစ်မနေတော့မဟုတ်ပါဘူး - အဆင့်တစ်ခုအနေနဲ့ပါ။ မထည့်ချင်လို့ ကျော်သွားလည်း ပြဿနာမရှိပါဘူး။

တတိယ အဆင့် အနေနဲ့တော့ Bubbles လို့ရေးထားတဲ့ စက်ဝိုင်းပုံ ဆေးစက်ကျတဲ့ စတိုင်လ်ကို ကိုယ့်စိတ်ကြိုက်အရောင်နဲ့အတူ ထည့်သွင်းရမှာပါ။ ဒီအဆင့်က ဘာနဲ့တူလဲ ဆိုတော့ နံရံတွေပေါ်မှာ Graffiti ရေးပြီးသွားတဲ့အခါ ပုံပေါ်ကို ကျန်နေသေးတဲ့ ဆေးတွေနဲ့ ဖြစ်ကတတ်ဆန်း ပက်လိုက်လို့ဖြစ်သွားတဲ့ ဆေးစက် အ၀ိုင်းလေးတွေနဲ့တူပါတယ်။ အဲဒီ့ ဆေးစက်အ၀ိုင်းကိုပဲ ဒီဇိုင်း နေရာ ၂ မျိုးနဲ့ ထည့်သွင်းဖို့ စီစဉ်ပေးထားပါတယ်။

နောက်ထပ် ထပ်ဖြည့်လို့ရမယ့် အဆင့် တစ်ခုကတော့ Stripes လို့ခေါ်တဲ့ Graffiti စာလုံးပေါ်မှာ အစင်းတွေ ထပ်ထည့်တာပါ။
စိတ်ကူးကောင်းရင်ကောင်းသလို အဆင်ဒီဇိုင်း ၃ မျိုးလောက်နဲ့ ဆန်းသစ်တီထွင်ပြီး ခြယ်မှုန်းလို့ရပါမယ်။

အဲ့ဒီ အဆင့်တွေအားလုံးပြီးရင်တော့ အခြေခံ စာလုံးဒီဇိုင်းရဲ့ Shadow ကို အရောင်အမျိုးမျိုးနဲ့ ထည့်သွင်းဖို့ ဖြစ်လာပါလိမ့်မယ်။
Shadow ပြီးမှ အောက်လိုင်းတွေ အနားသတ်မျဉ်းတွေ Highlight ဘောင်အနားသတ်တွေ လိုသလို စိတ်ကြိုက်ထပ်ထည့်ပေါ့။ ဒါက Graffiti ရေးဆွဲသူ Mindgem ရဲ့ ဒီဇိုင်း Font အမျိုးကွဲတွေထဲက တစ်ခုပါ။

နောက်ထပ် Style ၁၀ မျိုးပေးထားပါသေးတယ်။
Style တစ်မျိုးနဲ့ တစ်မျိုး အသုံးပြုပုံခြင်း သိပ်တော့ မကွာပေမယ့် အရောင်သွင်းတဲ့ အခါမှာ အဆင့်တွေ အနည်းငယ် ကွာခြားသွားပါတယ်။
အမျိုးမျိုးသော Font Style တွေကိုလည်း စမ်းသပ်ပြီးသွားပြီ ကိုယ့်စိတ်ကြိုက် Graffiti ကိုလည်း ရေးဆွဲပြီးသွားပြီ ဆိုရင်တော့ ဘာဆက်လုပ်မလဲ စဉ်းစားစရာဖြစ်လာပါလိမ့်မယ်။ ကွန်ပျုတာကို မပိတ်ဘဲ ဒီအတိုင်းထားပြီး Graffiti ကို ခံစားမနေမှာတော့ ကျိန်းသေပါတယ်။ ဒါဆိုရင် အပြင်ထုတ်ဖို့ ကြိုးစားကြည့်ရအောင်ပါ။ ပေးထားတဲ့ Font ၁၀ မျိုးထဲမှာ တချို့ Font တွေက ကွန်ပျုတာထဲမှာ ပြန်လည်သိမ်းထားဖို့ Save လုပ်ခွင့်ပေးထားပေမယ့် သိပ်ပြီး အဆင်မပြေပါဘူး။ Resolution ကောင်းကောင်း မရပါဘူး ဖုန်းထဲမှာထည့်ပြီး သူငယ်ချင်းတွေကို ပြန်ကြွားဖို့ လောက်ပဲဖြစ်ပါလိမ့်မယ်။

အဲ့ဒီတော့ Website ရေးဆွဲသူကိုယ်တိုင်က လိုလိုလားလားမပေးတာကို Print Screen တွေ ဘာတွေ လုပ်ပြီးလည်း ယူမနေပါနဲ့။ ရှုပ်ပါတယ် ကိုယ့်အတွက်လည်း အသုံးဝင်မယ် အသုံးပြုဖို့လည်း လိုအပ်မယ် ဆိုရင်တော့ ပိုက်ဆံပေးပြီး ၀ယ်လိုက်တာကောင်းပါတယ်။

http://www.customgraffiti.net/ ကို ထပ်ပြီး သွားရပါလိမ့်မယ်။ နမူနာပုံတွေ အများကြီး ဆွဲပြထားပါတယ်။ အဲ့ဒီထဲကမှ ကိုယ်လိုချင်တဲ့ Theme၊ ကိုယ်လိုချင်တဲ့ စကားလုံး နဲ့ ဒီဇိုင်းကို မေးလ်ပေးပို့ပြီးမှာယူရမှာပါ။ $10 USD per letter! လို့ ပေါ်တင် ဈေးပြောထားပါတယ်။ အော်ဒါအပ်မယ် ဆိုပြီး မေးလ်းပို့လိုက်ရင် ကိုယ်လိုချင်တဲ့ပုံစံအတိုင်းဆွဲထားတဲ့ Graffiti နမူနာကို Resolution ချထားတဲ့ File နဲ့ မေးလ်ပြန်လည်ပေးပို့ပါလိမ့်မယ်။ အဲ့ဒါကို ကြိုက်မှ အွန်လိုင်းကနေငွေချေပြီးမှ Resolution ကောင်းကောင်းနဲ့ မူရင်း Photoshop ဖိုင်တွေကို မူပိုင်ခွင့်နဲ့တကွပြန်လည်ပေးပို့မယ်လို့ ဆိုထားပါတယ်။

ဒီအပေါ်က Graffiti Creator Application က အခမဲ့လို့ပြောထားတဲ့အတိုင်းပဲ Graffiti ကို မြည်းစမ်းကြည့်ရုံ၊ စမ်းသပ်ရေးဆွဲကြည့်ရုံနဲ့ ကာလာစပ်တာတွေကို လက်တည့်စမ်းရုံသက်သက်လောက်ပဲ အသုံးဝင်ပါမယ်။ အဲ့ဒီတော့ Creator နဲ့ Graffiti ရေးဆွဲရတာဟာ ပြင်ပမှာရေးဆွဲဖို့ အတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။ တကယ်တမ်း Graffiti ရဲ့ အနှစ်သာရကိုလည်း ပြင်ပကမ္ဘာမှာ ရေးဆွဲမှ ရတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဲ့ဒီတော့ Graffiti Tutorial လို့ ပဲသဘောထားပြီး အခမဲ့ပေးထားတဲ့ Application ကို အသုံးပြုစေလိုပါတယ်။

လွတ်လပ်မှု ခံစားမှု ဖန်တီးမှု နဲ့ ပေါက်ကွဲမှုရသတွေကိုတော့ ပြင်ပလောက နံရံများပေါ်မှာပဲ ရှာဖွေတွေ့နိုင်ပါလိမ့်မယ်။


TechSpace နည်းပညာဂျာနယ်

http://techspacejournal.blogspot.com



---

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved