လေသန့်ဗူးတွေ ဈေးကွက်ထဲလာပြီ

Thursday, January 31, 2013

လေထုညစ်ညမ်းမှုတွေ တနေ့ထက်တနေ့ များများလာနေတဲ့ တရုတ်နိုင်ငံမှာ သန့်ရှင်းတဲ့လေကို ရှုရှိုက်ဖို့အရေး အခက်တွေ့ရတဲ့ ဒုက္ခတွေ အခုတော့ အဆင်ပြေသွားပြီလို့ ပြောလို့ ရပါတော့မယ်။

လေသန့်ဗူးတွေ ကိုယ်တိုင် လိုက်ဝေပေးနေတဲ့ သန်းကြွယ်သူဌေးကြီး ချန် 


တရုတ်နိုင်ငံတောင်ဖျားစွန်းက လတ်ဆတ်သန့်ရှင်းတဲ့ လေတွေထည့်ထားတယ်ဆိုတဲ့ အချိုရည်ဗူးအရွယ် လေသန့်ဗူးလေးတွေကို တရုတ်နိုင်ငံကျော် သန်းကြွယ်သူဌေးကြီး ချန်ဂွမ်းပေါင်က တီထွင်ပြီး စဖြန့်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ပီကျင်းမြို့လယ်ကောင်မှာ သူကိုယ်တိုင် အခမဲ့လိုက်ဝေပါတယ်။ 

ဒီလေသန့်ဗူးတွေကို တီထွင်ရတာဟာ တရုတ်နိုင်ငံ၊ အထူးသဖြင့် ပီကင်းမြို့မှာ လေထုညစ်ညမ်းမှုတွေ တအားများနေတာကို လူတွေ သတိပြုမိဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ အရေးကြီးတယ်ဆိုတာ ပြချင်လို့၊ အစိုးရအနေနဲ့ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်နဲ့ လေထု သန့်ရှင်းရေးကိုလည်း အာရုံစိုက်လုပ်ဖို့ တိုက်တွန်းချင်လို့ပါ လို့ ချန်ကပြောပါတယ်။ 

“တရက် ကျနော် မြို့ထဲ လမ်းလျှောက်တာ မိနစ် ၂၀ လောက်နေတော့ ကျနော့ လည်ချောင်းတွေနာလာပြီး လူလည်း မူးနောက်လာတယ်။ ကျနော်ဒီလိုလုပ်ရတာဟာ ကိုယ့်ဝင်ငွေတိုးဖို့၊ အမြတ်အစွန်းရဖို့တခုထဲ မကြည့်ပါနဲ့၊ အမြတ်အစွန်းတွေနောက်ကိုပဲ လိုက်မနေပါနဲ့ ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေကို ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ဂေဟစနစ်ပျက်စီးမှုအတွက် အဖိုးအခ ပေးဆပ်ရမယ့်သူတွေ မဖြစ်ပါစေနဲ့လို့ မြို့တော်ဝန်တွေ၊ အစိုးရတာဝန်ရှိသူတွေ၊ လုပ်ငန်းရှင်၊စက်ရုံပိုင်ရှင်ကြီးတွေကို ပြောချင်လို့ပါ” လို့ သူက ဆိုပါတယ်။

သူထုတ်လုပ်ထားတဲ့ လေသန့်ဗူးကို အသုံးပြုပြနေတဲ့ ချန် 

အဲ့ဒီ လေသန့်ဗူး တဗူးကို ၅ ယွမ် (မြန်မာငွေ ၆၅၀ ကျပ်ခန့်) နဲ့ရောင်းတာဖြစ်ပြီး ၁၀ရက်အတွင်းမှာ လေသန့်ဗူး ၈ သန်းကျော် ရောင်းခဲ့ရပြီးပြီ၊ ဒီလို ရောင်းရတာဟာ လေထုအခြေအနေ ဘယ်လောက်တောင် ဆိုးရွားနေတယ်ဆိုတာ ပြတာပဲလို့ ချန်က ရိုက်တာ သတင်းဌာနကို ပြောပြပါတယ်။ 

ဒီလေသန့်ဗူး ရောင်းရငွေတွေကို တရုတ်နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့ ဒေသတွေ၊ သမိုင်းကြောင်းဆိုင်ရာ အထင်ကရနေရာတွေ ထိန်းသိမ်းမှုတွေအတွက် လှူဒါန်းမယ်လို့ ချန်က ပြောပါတယ်။ 

အသက် ၄၄ နှစ်အရွယ် ချန်ဟာ အမေရိကန်ဒေါ်လာ သန်း ၇၄၀ ခန့် ကြွယ်ဝတဲ့သူတယောက်ဖြစ်ပြီး တရုတ်နိုင်ငံ ထိပ်တန်းလူချမ်းသာစာရင်းဝင်တယောက်ဖြစ်သလို သူ့ရဲ့ မဆုတ်မနစ်တဲ့ဇွဲနဲ့ တီထွင်ကြံဆဥာဏ်တွေကြောင့် တရုတ်နိုင်ငံမှာ ရေပန်းစား လူချစ်လူခင်ပေါတဲ့ သူတယောက်လည်း ဖြစ်ပါသတဲ့။ သူ့ရဲ့ Weibo အကောင့်မှာဆိုရင် follower ၄ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ 

သူရောင်းတဲ့ အစိမ်းရောင်နဲ့ လိမ္မော်ရောင် လေသန့်ဗူးတွေမှာ သူ့ရဲ့ ကယ်ရီကေးချားရုပ်ပုံ ရိုက်နှိပ်ထားပါတယ်။ ပြီးတော့ လူကောင်းဖြစ်အောင်ကျင့်ကြံနေထိုင်ပါ၊ စိတ်သဘောထား ကောင်းကောင်းထားပါ၊ ကောင်းမှုတွေကိုလုပ်ပါ ဆိုတဲ့ စာတွေလည်း ရိုက်နှိပ်ထားပါသတဲ့။ 

လေထုသန့်စင်မှုနှုန်းကိုတိုင်းတာတဲ့အခါမှာ လေထုရဲ့ ထုထည် ၂.၅ မိုက်ခရိုမီတာမှာ ဓာတ်ငွေ့၊ ဓာတုအမှုန် စတာတွေရဲ့ ပါဝင်မှုကို စစ်ဆေးပြီး PM2.5 အဆင့်တွေနဲ့သတ်မှတ်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတ်မှတ်ထားတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လေထုသန့်စင်မှုနှုန်းထားဟာ PM2.5 အဆင့် ၂၀ ဖြစ်ပါတယ်။ PM2.5 အဆင့် ၃၀၀ ထက် ကျော်တဲ့ လေထုဟာ သန့်စင်မှုမရှိတဲ့အပြင် ဆိုးရွားတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

စက်မှုလုပ်ငန်းတွေနဲ့ စီးပွားရေးတဟုတ်ထိုး တက်လာနေတဲ့ တရုတ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုတွေကို စောင့်ကြည့်တိုင်းတာမှုတွေ လုပ်နေတဲ့အခါမှာ ပီကင်းမြို့က လေထုရဲ့ PM2.5 အဆင့်ဟာ ၅၀၀ ကနေ ၇၅၅ အထိ ရှိနေတယ်လို့ ဆိုပါတယ်။
(ဘူးသေးသေးလေး ဆိုတော့ လေသန့်က မဆိုစလောက်ပဲ ပါတယ်။ ထုတ်လုပ်သူပြောသလိုပါပဲ၊ လေထု သန့်ရှင်းရေးကို အာရုံစိုက်လုပ်ဖို့ အာဏာပိုင်တို့ကို တိုက်တွန်းချင်တဲ့အတွက် ဘာမှမပါဘူးလို့ ဆိုနိုင်တဲ့ ဒီဘူးတွေ ထွင်လိုက်တာ ဖြစ်ပါလိမ့်မယ်)

ကိုးကား - ရိုက်တာ 

မူရင်းလင့်ခ် - http://news.yahoo.com/chinese-millionaire-fights-pollution-thin-air-120909172.html;_ylt=A2KLOzFoEgpRpRMAJH3QtDMD

1 comments :

  1. ye chit Thu said... :

    Chinese looks only for money.Her milk powder,imitated egg,toys r proof of her wicked &cunning behaviour.May fall their communism.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved