ငွေဆောင်ကမ်းခြေနဲ့ ၀င်လာမစဲ တသဲသဲ

Sunday, February 24, 2013


 နိုင်ငံကျော်ကမ်းခြေတခုဖြစ်တဲ့ ငွေဆောင်ကို ပြီးခဲ့တဲ့နှစ်အတွင်းမှာ  ခရီးသည် ဝင်ရောက်မှု နှစ်ဆကျော် မြင့်တက်လာတယ်လို့ ဟိုတယ်ခရီးဝန်ကြီးဌာန စာရင်းတွေက ဆိုပါတယ်။
 ငွေဆောင်ကမ်းခြေက ချစ်သူများကျွန်း
ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေကို ၂၀၁၁ မှာ ပြည်တွင်းပြည်ပ  ခရီးသည်ပေါင်း ၁၆,၁၄၉ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၂ မှာတော့ ၄၁,၁၁၉ ဦး ၀င်ရောက်ခဲ့ပါတယ်။
တနှစ်အတွင်း လာရောက်လည်ပတ်သူ ၂၄,၀၀၀ ကျော် တိုးမြင့်လာတာပါ။

 “ငွေဆောင်ကို အများဆုံး လာလည်တာက ဂျာမနီနိုင်ငံ ဧည့်သည်တွေပါ။  သူတို့က နေပူစာလှုံတယ်၊ ကမ်းခြေမှာ လမ်းလျှောက်တယ်၊ ငါးမျှားတယ်။
 နေထွက်ချိန် နေ၀င်ချိန် ရှုခင်းတွေ ကြည့်ကြတယ်။
 နောက်တခုက ငွေဆောင်နားက ဆင်မရွာက တံငါသည်တွေရဲ့ဘ၀တွေကို သွားကြည့်ပြီး လေ့လာကြတယ်” လို့ Sunny Paradise ဟိုတယ်မှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

 ငွေဆောင် ဆည်းဆာအလှကို ခံစားနေတဲ့ ခရီးသည်တဦး
 ထူးခြားချက်တခုကတော့ ငွေဆောင်ကို နိုင်ငံခြားသားခရီးသည် လာရောက်လည်ပတ်မှု သုံးဆကျော် မြင့်တက်လာတာပါပဲ။

၂၀၁၁ မှာ ပြည်ပဧည့် ၆,၇၀၀ ကျော် ၀င်ခဲ့တယ်၊  ၂၀၁၂ မှာတော့ ၂၃,၀၀၀ ကျော်အထိ တိုးမြင့် လာခဲ့ပါတယ် တဲ့။

ချောင်းသာကမ်းခြေ


 ချောင်းသာကမ်းခြေကတော့ ခရီးသွားဝင်ရောက်မှု ထူးထူးခြားခြား မြင့်တက်လာခြင်း မရှိပါဘူး။
 ၂၀၁၂ ခုနှစ်ထဲမှာ ပြည်တွင်းပြည်ပ ခရီးသွား တသိန်းခန့် လာရောက်ခဲ့ရာမှာ ၉၀ ရာခိုင်နှုန်းဟာ ပြည်တွင်းဧည့်သည်တွေပဲ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ   ဆီးဂိမ်းက ပြိုင်ပွဲတမျိုး  ငွေဆောင်မှာ ကျင်းပမှာပါ။ ဒီအတွက် ဟိုတယ် ၅ လုံးလောက် ပြင်ဆင်ဆောက်လုပ်နေပါပြီ။
ဆီးဂိမ်းကာလအတွင်း အခန်းမလုံမလောက်ဖြစ်မှာ မပူရဘူးလို့ ငွေဆောင်ဟိုတယ်ဇုန်လုပ်ငန်းကော်မတီက ပြောပါတယ်။

 “လက်ရှိကျနော်တို့ငွေဆောင်ဟိုတယ်ဇုန်မှာ တရက်ကို လူပေါင်း ၁,၅၀၀ လောက် တည်းခိုနိုင်တဲ့ အတိုင်းအတာ ရှိပါတယ်။
ဆီးဂိမ်းကာလဆိုရင် ဟိုတယ် ၅ လုံး ထပ်တိုးမှာ ဖြစ်တဲ့အတွက် လူ ၂,၀၀၀ လောက် နေ့စဉ် တည်းခိုနိုင်ပါပြီ။
ငွေဆောင်မှာက ရွက်လှေတမျိုးပဲ ကျင်းပမှာဆိုတော့ ဆီးဂိမ်းကာလမှာလည်း အခန်းလုံလောက်နိုင်ပါတယ်” လို့ ကမ်းခြေ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသော်ဇင်ညွှန့်က ပြောပါတယ်။

ငွေဆောင်မှာ ဟိုတယ်အခန်း ဈေးမြောက်နေရခြင်းအကြောင်း
 

 ငွေဆောင်ဟိုတယ်တွေရဲ့ အခန်းခတွေကတော့ တရက်ကို ကျပ် ငါးသောင်းကနေ တသိန်းကျော်အထိ ဈေးနှုန်းရှိနေပါတယ်။
ကိုယ်ပိုင်မီးစက်နဲ့ ၂၄ နာရီ မီးပေးနေရတာကြောင့် အခန်းခတွေ ခုလို ဈေးမြင့်နေရတာဖြစ်တယ်လို့ ဟိုတယ်တာဝန်ရှိသူတွေက ဆိုပါတယ်။

 “တကယ်လို့သာ နိုင်ငံတော်အစိုးရဆီက လျှပ်စစ်မီးရခဲ့မယ်ဆိုရင် ကျနော်တို့ဘက်ကလည်း အခန်းခတွေကို ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တဲ့အခြေအနေ ရှိပါတယ်” လို့ စင်ထရယ်ဟိုတယ်က မန်နေဂျာ ကိုမျိုးမြင့်က ပြောပါတယ်။

 ခုလို လျှပ်စစ်မီးမရတာဟာ ဟိုတယ်တွေစတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၀ ကတည်းကဖြစ်တယ်၊ ၁၂ နှစ်ကျော်ကြာအောင် မီးစက်မောင်းပြီး လည်ပတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
 

 ငွေဆောင်ရောက် နိုင်ငံခြားသား ၂ ဦး
 ငွေဆောင်ကမ်းခြေ ဟိုတယ်များကို ပိုင်ဆိုင်သူတွေကတော့ အထင်ကရပုဂ္ဂိုလ်များပါပဲ။

ဟိုတယ် ၁၇ လုံးမှာ ဗိုလ်ချုပ်မှူးကြီးရာထူးကနေ အနားယူသွားပြီဖြစ်တဲ့  ဦးသန်းရွှေရဲ့သမီး ဒေါ်ခင်ပြုံးရွှေပိုင်တဲ့ ရွှေဟင်္သာဟိုတယ်၊
ဦးဌေးမြင့်ပိုင် ယုဇနဟိုတယ်၊
ဦးတေဇပိုင်တဲ့ Central စင်ထရယ်, Myanmar Treasure, Aureum Palace
စတဲ့ ဟိုတယ်တွေ ပါဝင်ပါတယ်။

ဒီဟိုတယ်များမှာ အခန်း စုစုပေါင်း ၆၉၆ ခန်းရှိကြောင်း သိရပါတယ်။

သန့်စင်ငြိမ်းချမ်း
~



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved