နိုင်ငံရေး အကျဉ်းသားတွေ ရှိကြောင်း ၀န်ခံပြီ

Thursday, February 7, 2013

မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ကျန်ရှိနေတယ်ဆို သိရှိနိုင်ဖို့  သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွဲ့လိုက်တဲ့သတင်း ပြန်ကြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ 


ယခင် မြန်မာစစ်အစိုးရ အဆက်ဆက်က နိုင်ငံရေး အကျဉ်းသား မရှိကြောင်းအကြိမ်ကြိမ် ငြင်းဆိုခဲ့ပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမျိုးသား 
ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အားလုံး ပါဝင်နိုင်ရေးတို့အတွက် အကြိမ်
ကြိမ် လွတ်ငြိမ်းခွင့် ပေးပြီး လွှတ်ပေးခဲ့ပါတယ်။ 

ဒါပေမယ့် အခုလို နိုင်ငံပိုင် သတင်းစဉ်နဲ့ သမ္မတ ရုံး ၀န်ကြီး ဦးဆောင်ပြီးဖွဲ့တဲ့ ကော်မတီအမည်ကိုလည်း
နိုင်ငံရေးအကျဉ်းသားလို့ အတိုက်အခံတွေ နှစ်ပေါင်း ၂၀ ကျော် သုံးနှုန်းခဲ့တာကို လျစ်လျူရှု့ခဲ့ရာက ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်၊ ရှိခဲ့တယ် ဆိုတာ ပထမဆုံး ၀န်ခံ ပြောကြားလိုက်တာ ဖြစ်ပါ တယ်။ 

အဆိုပါ ကိစ္စ သတင်းစဉ်မှာ ဖော်ပြချက်ကို အောက်မှာ အပြည့်အစုံဖတ်နိုင်ပါတယ်။

နေပြည်တော်
 ဖေဖော်ဝါရီ ၆ 

 နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ အမျိုးသား ပြန် လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော အားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ် တည်ဆောက်ရေး တွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများ အဖြစ်သို့ ပြုပြင်ပြောင်းလဲ နိုင်စေရေး အတွက် လည်းကောင်း ရည်ရွယ်၍ အကျဉ်းထောင်အသီးသီး၌ ပြစ်ဒဏ်ကျခံလျက် ရှိသော အကျဉ်းသား များအား လွတ်ငြိမ်းချမ်းသာခွင့်များ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင် အသီးသီး တွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအားလည်း ပြန်လည် လွှတ်ပေးနိုင်ရေး အတွက် စိစစ်ဆောင်ရွက်ရန်၊ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အစိုးရ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် များ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီ အချို့မှ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတရုံးက ယနေ့ရက်စွဲဖြင့် ညွှန်ကြား ခဲ့ကြောင်း သိရှိရ သည်။ 

လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီ အနေဖြင့် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆိုခြင်း၊ လွတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ ညှိနှိုင်း ရေးဆွဲခြင်း၊ လက်ရှိ နိုင်ငံရေး အကျဉ်းသား များ စိစစ်၍ လွှတ်ပေးသင့်သူများအား လွှတ်ပေးရေး ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ပြီး စိစစ်တွေ့ ရှိချက်များအား နိုင်ငံတော်သမ္မတထံ တင်ပြသွားရမည်ဖြစ်ကြောင်း သိရှိရသည်။ 

(သတင်းစဉ်)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved