ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီ ပုသိမ်မြို့မှာ ဘာအတွက် ဟောပြော

Tuesday, February 5, 2013


ဓာတ်ပုံ-ဧရာဝတီ~

သန့်စင်ငြိမ်းချမ်း~

 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ စာရေးဆရာ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ဟာ အခမဲ့ ပညာဒါနကျောင်းများ ပညာရေးရံပုံငွေပွဲအဖြစ် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ ယမန်နေ့ ညပိုင်းက စာပေဟောပြောခဲ့ပါတယ်။

 ဟောပြောပွဲကို “လူ့အခွင့်အရေး ချစ်မြတ်နိုးသူများ၏ စာပေဟောပြောပွဲ” ခေါင်းစဉ်နဲ့ ပြုလုပ်တာဖြစ်ပြီး ပုသိမ်မြို့ ဗိုလ်ချုပ်ကြေးရုပ်တည်ရှိရာ ပြည်ထောင်စုကွင်း (ကန်သာယာ) မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၆ နာရီမှ ည ၁၁ နာရီအထိ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

 ကိုဂျင်မီက “ငြိမ်းချမ်းရေးအတွက် နှလုံးသွေးတစက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောခဲ့တာဖြစ်ပြီး ကိုမင်းကိုနိုင်က “အလံတွေအမျိုးမျိုးပြောင်းလဲသွားသော်လည်း မပြောင်းမလဲ ထာဝရတလူလူ လွင့်နေ တဲ့ ထာဝရအောင်လံ”ဆိုတဲ့ခေါင်းစဉ်နဲ့ အသီးသီး ဟောပြောခဲ့ပါတယ်။ 

ကိုမင်းကိုနိုင်ဟောပြောသွားတဲ့အထဲက ကောင်းနိုးရာလေးတွေ ထုတ်နှုတ်ပြရရင် “တရားမျှတဖို့ဆိုတာ လယ်သမားတွေကို ထမင်းတနပ်လျှော့စားပါလို့ပြောပြီးတော့ ကိုယ်ကိုယ်တိုင် မကျင့်နိုင်ဘူးဆိုရင် မမျှတ ပါဘူး။ လွှတ်တော်ထဲကို အိမ်မှာထမင်းချက် (၄) ယောက်ဖိုး၊ အိမ်ဖော် (၄) ယောက်ဖိုး၊ ခြံစောင့် (၄) ယောက် တအိမ်ကို ၁၂ ယောက်စာ တောင်းပါတယ်။ 

ကျနော်တို့ပြည်သူတွေ ချွေးနည်းစာအခွန်အခထဲက ကျနော်တို့ကလေးတွေ စာသင့်မယ့် ပိုက်ဆံထဲ က၊  
ဆေးကုမယ့်ပိုက်ဆံထဲက သူတို့တအိမ်ကို အလုပ်သမား ၁၂ ယောက်စာ ပေးရမယ်ဆိုတာ တရားမမျှ တပါဘူး” “စာသင်ရမယ့်ဆရာမတွေက လုံခြုံရေးတာဝန်ယူရတယ်။ မီးသတ်ရမယ့် မီးသတ်ကကျတော့ ဧည့်စာရင်းစစ်တယ်။ 

ကာကွယ်ရေးတာဝန်ယူရမယ့် တပ်ကအရာရှိတွေကျတော့ လွှတ်တော်ထဲမှာ ငုတ်တွေကြီးဝင်ထိုင် လိုက် တယ်။ ပြီးသွားရော”စတာတွေ ဖြစ်ပါတယ်။ ဟောပြောပွဲရဲ့ ဆောင်ပုဒ်ကတော့ “အသိသစ်၊ အမြင်သစ်၊ ပညာအလင်းရောင်ဖြင့် ပွင့်လင်းမြင်သာသော နိုင်ငံတော်သစ်ဆီသို့” ဖြစ်ပြီး ဒီပွဲကရရှိလာတဲ့ အကျိုး အမြတ်မှန်သမျှကို ပုသိမ်မြို့မှာ ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်းအားလုံးကို ခွဲဝေလှူဒါန်းသွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

 ဟောပြောပွဲကို လူပေါင်း ၂၀၀၀ ကျော် လာရောက်နားထောင်ခဲ့ကြပြီး အများစုကတော့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေဖြစ်ပြီး ပုသိမ်၊ ဒါးက၊ ကန်ကြီးထောင့်၊ အိမ်မဲစတဲ့ ဒေသက နိုင်ငံရေး အင်အားစုတွေလည်း လာရောက်နားထောင်ခဲ့ကြပါတယ်။ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved