နည်းပညာသစ်တွေနဲ့  ထွက်လာတဲ့ HTC One စမတ်ဖုန်း

Thursday, February 21, 2013





       

   

ဆောင်းဦးလင်း ~

လန်ဒန် နဲ့ နယူးယောက် မြို့ ကြီးတွေမှာ တဆက်တည်းဆိုသလို မိတ်ဆက်ပွဲတွေ ပြုလုပ်ခဲ့တဲ HTC ဟာ သူ့ရဲ့ နောက်ဆုံးအဆင့်မြင့် စမတ်ဖုန်းဖြစ်တဲ့ HTC One ကို ထုတ်ဖော်ပြသလိုက်ပါပြီ။


အသစ်ထွက်ရှိလာတဲ့ HTC One  (ဓာတ်ပုံ - HTC)
နာမည်ကြီး မိုဘိုင်းကုမ္မဏီ  HTC ရဲ့ ဒီဖုန်းဟာ iPhone 5 နဲ့ Samsung Galaxy S III တို့လို စမတ်ဖုန်းတွေနဲ့ အပြိုင် ဈေးကွက်လုယူဖို့ ရှိနေပါတယ်။

Andriod 4.2 Jelly Bean ကို အသုံးပြုထားတဲ့ ဒီဖုန်းဟာ 4.7 လက်မ ရှိပြီး ၊ ဖုန်းရဲ့ ဖန်သားပြင်ဟာလည်း 1080p HD screen ဖြစ်တာကြောင့်
ပိုမိုကြည်လင်နေသလို Gorilla Glass Display လို့ ခေါ်တဲ့ နည်းပညာအသစ်ကိုလည်း အသုံးပြုထားပါတယ်။

ထူးခြားတာကတော့ ဖုန်းတခုလုံးကို အလူမီနီယမ်နဲ့ ပြုလုပ်ထားတာပါ။ လက်ထဲမှာ တခြားဖုန်းတွေနဲ့ မတူတဲ့အရသာကို ခံစားရဖို့ ရှိပါတယ်။

ဒါ့အပြင် ဖုန်းရဲ့အထူအပါးဟာ 4mm ရှိတာကြောင့် ဖုန်းခပ်ပါးပါး ကြိုက်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။

quad-core Snapdragon 600 processor, 2GB of RAM တို့ကို သုံးထားတာကြောင့် ဖုန်းရဲ့ အလုပ် လုပ်ကိုင်မှုစွမ်းရည်ဟာလည်း အတော်ကိုမြန်ပါလိမ့်မယ်။



အနက် နဲ့ ငွေရောင် ၂ မျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး မတ်လထဲမှာ စတင် ဖြန့်ချီသွားမယ်လို့ သိရပါတယ်။

 ဈေးနှုန်းကိုတော့ HTC က ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။

HTC One မှာ ဘာတွေ ဆန်းသစ်ထားသလဲ ~
HTC ကတော့ ဒီဖုန်းမှာ ထူးခြားဆန်းသစ်တဲ့ ကင်မရာ တပ်ဆင်ထားတယ်လို့ ပြောဆိုသွားပြီး အလင်းနည်းတဲ့နေရာမှာလည်း ကောင်းမွန်တဲ့ ဓာတ်ပုံ တစ်ပုံ ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။
 Image Sensor ကောင်းမွန်တဲ့အတွက် ဓာတ်ပုံရိုက်တာနှစ်ခြိုက်တဲ့သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။

ဒါ့အပြင် HTC Zoe လို့ ခေါ်တဲ့ နည်းပညာတစ်မျိုးဟာ ဒီဖုန်းမှာ ပါဝင်လာပြီး ဒီနည်းပညာအရဆိုရင် HD Video နဲ့ ဓာတ်ပုံတွေကို တချိန်တည်းမှာ ဖမ်းယူရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။ ဒီနည်းပညာဟာ BlackBerry ရဲ့ StoryMaker နဲ့ အတော့်ကို ဆင်ပါတယ်။

သီချင်းနားထောင်မလား ၊ အသံဖမ်းယူမလား ~
ဖုန်းရဲ့ ရှေ့မျက်နှာပြင် အပေါ်ဘက် နဲ့ အောက်ဘက်တွေမှာ Stereo Speaker ၂ ခု ပါရှိလာတာကြောင့် သီချင်းကြိုက်သူတွေနှစ်သက်ကြမှာပါ။
နားကြပ် နဲ့ နားမထောင်ချင်တဲ့အခါ ဖုန်းရဲ့ စပီကာ နဲ့ ကောင်းကောင်း နားထောင်နိုင်မှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်က အင်တာနက်ထဲကနေဆင့် သီချင်းနားထောင်တဲ့အခါ သီချင်းစာသားတွေတခါတည်းပေါ်နိုင်အောင် လုပ်ထားတယ် ဆိုတာပါပဲ။
အသံဖမ်းတဲ့အခါမှာကြည်လင်စေမယ့် မိုက်ခရိုဖုန်း ၂ ခုလည်းပါရှိတယ်။

နောက်ဆုံးပေါ် ဘယ်တီဗွီကို မဆို ချယ်နယ် ပြောင်းချင်တယ်ဆို ဖုန်းကနေလှမ်းပြီး ပြောင်းနိုင်တဲ့ နည်းပညာလည်းပါဝင်ပါတယ်။

HTC One ဟာ မတ်လမှာ ထွက်ရှိလာမယ့် Samsung Galaxy S 4 နဲ့ ဈေးကွက်လုရဖို့ ရှိပြီး ဒီဖုန်းရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီး နာမည်ကျော်ဖုန်းတွေကို အဓိက စိန်ခေါ်နိုင်လိမ့်မယ်လို့ နည်းပညာကျွမ်ကျင်သူတွေကဆိုနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်တုန်းက HTC One X စမတ်ဖုန်းဟာလည်း နာမည် အတော်အသင့်ရခဲ့ပေမယ့် ရောင်းအားမှာတော့ ထင်သလောက်ပဲဖြစ်ခဲ့တာကြောင့် ဒီတခါမှာတော့ HTC ဟာ သူရဲ့ဖုန်းအသစ်ကိုလူကြိုက်များစေဖို့ အစွမ်းကုန်ကြိုးပမ်းလျက်ရှိနေပါတယ်။

မြန်မာ ပရိသတ် နဲ့ မစိမ်းတဲ့ HTC စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့လက မြန်မာပြည်မှာ တရားဝင် စတင်ရောင်းချခဲ့သလို၊
မြန်မာစာစနစ်  ပထမဦးဆုံး ထည့်သွင်းတဲ့ ဖုန်းအမျိုးအစား ဖြစ်ပါတယ်။

HTC One နဲ့ မိတ်ဆက်ပေးနေတဲ့ HTC ဘော့စ် Peter Chou  (ဓာတ်ပုံ - Aloysius Low/CNET Asia)
Peter Chou လို့ လူသိများတဲ့ မန္တလေး ဇာတိ ၊ တိုင်ဝမ်အခြေစိုက် HTC  သူဌေးကြီးဟာ အိုင်တီပစ္စည်းသုံးသူမြန်မာလူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အထင်ကရ အိုင်တီ ပညာရှင်ကြီးတဦးလည်း ဖြစ်ပါတယ်။

Source:

http://mashable.com/2013/02/19/htc-one-smartphone/
http://reviews.cnet.com/htc-one/






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved