မော်တင်စွန်းဘုရားပွဲ

Wednesday, March 27, 2013



မြန်မာနိုင်ငံက အထင်ရှားဆုံးဘုရားပွဲတော်တွေထဲက တခုအပါအ၀င်ဖြစ်တဲ့ သမိုင်းဝင် ဆံတော်ရှင် မော်တင်စွန်း ဘုရားပွဲတော်ကို မတ်လ ၁၂ ရက်နေ့ကနေ ကျင်းပခဲ့တာ မနေ့က ပြီးဆုံးသွားပါပြီ။

 မြန်မာရက်နဲ့ဆိုရင်တော့ တပေါင်းလဆန်း ၁ ရက်နေ့ကနေ လပြည့်နေ့အထိ ၁၅ ရက်တိုင်တိုင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် မော်တင်စွန်းအငူမှာရှိတဲ့ သမိုင်းဝင် ဆံတော်ရှင် မော်တင်စွန်းဘုရားပွဲကို ဗုဒ္ဓဘာသာဝင်များသာမက နိုင်ငံခြားသား ခရီးသွားဧည့်သည်များ၊  ဘာသာခြားဧည့်သည်များပါ လာရောက်ကြကြောင်း သိရပါတယ်။
 
 


ဧရာဝတီတိုင်းသားတွေအပြင် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေဟာ မော်တော်ကားတွေ၊  ဆိုင်ကယ်တွေ၊  သင်္ဘောတွေ၊  စက်လှေတွေနဲ့ နေ့စဉ်နဲ့အမျှ ဘုရားဖူးလာကြတဲ့ အတော်လေး စည်ကားတဲ့ဘုရားပွဲတော်ကြီးတခုပါ။

 “တက္ကသိုလ်ဝင်တန်းတွေ၊  တက္ကသိုလ်ကျောင်းသားတွေ စာမေးပွဲပြီးချိန်နဲ့ ကြုံကြိုက်နေတော့ စာမေးပွဲအပြီး ဘုရားလည်းဖူး၊  ပင်လယ်ရေလည်းချိုး၊  အပန်းလည်းဖြေတဲ့သဘောမျိုးနဲ့ မိသားစုလိုက်လာကြတာများတယ်။ ဘုရားပွဲအစကနေ ပြီးတဲ့နေ့အထိဆို ဘုရားဖူး ၁ သိန်း ကျော်လောက်ရှိမယ်ခန့်မှန်းတယ်” လို့ ဘုရားပွဲတော်ကြီးကြပ်မှုကော်မတီဝင်တဦးက ပြောပါတယ်။

 ဘုရားဖူးလာသူတွေဟာ မနက်ခင်းပိုင်းနဲ့ ညနေပိုင်းတွေမှာ ပင်လယ်ရေချိုးကြ၊  ကျောက်ဆောင်တွေကြားထဲ လျှောက်လည်ကြ၊  ဓာတ်ပုံတွေရိုက်ကြ၊  ဒေသခံ ရခိုင်ရိုးရာ အစားအစာတွေဖြစ်တဲ့ ရခိုင်မုန့်တီ၊  ရခိုင်ငပိထောင်းတွေ စားကြသောက်ကြနဲ့ပေါ့။

 ညနေစောင်းပိုင်းကျတော့ မော်တင်စွန်းဘုရား၊  ရွှေတောင်ဘုရား၊  ငွေတောင်ဘုရား၊  ဖောင်တော်ဆိပ်စေတီ၊  နတ်တောင်၊  သိကြားတောင် စေတီတွေကို လှည့်ပတ် ဖူးမျှော်ကြတာများပါတယ်။

 ဘုရားပွဲတော်အစပိုင်းရက်ကဆိုရင် ဌာနဆိုင်ရာဝန်ထမ်းတယောက်ရိုက်တဲ့ ကင်မရာထဲမှာ နဂါးပုံပေါ်တယ်ဆိုလို့ အထူးအဆန်းနဲ့ အတော်လေး ရုတ်ရုတ်သဲသဲ  ဖြစ်သွားပါသေးတယ်။
နောက်တော့ အဲဒီပုံတွေ ပလတ်စတစ်လောင်းပြီး ကမ်းခြေမှာ လျှောက်ရောင်းနေတဲ့အပြင် မော်တင်နဲ့ပုသိမ် ပြေးဆွဲတဲ့သင်္ဘောတွေမှာလည်း ကပ်ထားတာ တွေ့ရပါတယ်။

 မြန်မာနိုင်ငံအစွန်အဖျား ပင်လယ်ကမ်းစပ်နားက ဘုရား၊  မြတ်ဗုဒ္ဓရဲ့ ဆံတော်အစစ် ဌာပနာ ထားပြီး နဂါးမင်းတည်ခဲ့တယ်လို့ သမိုင်းတွင်တဲ့ဘုရားမို့လို့ နှစ်စဉ်နှစ်တိုင်း ဘုရားပွဲတော် အချိန်ဆိုရင် နဂါးတွေ လာရောက် ဖူးမျှော်ကြတယ်ဆိုတဲ့ ယုံကြည်မှု အစဉ်အလာကလည်း ရှိနေတော့ တကယ်ပဲ နဂါးပေါ်တာလား၊  မီးရောင်ကြောင့် ကင်မရာ အလင်းပြန်တာလား ဆိုတာတော့ ဝေခွဲရ ခက်တဲ့ အနေအထားပါ။

 ပုသိမ်မြို့တောင်ဘက်စွန်းမှာတည်ရှိတဲ့ မော်တင်စွန်းကို နဂါးရစ်တောင်၊  သရဏတောင် (သို့မဟုတ်) နီရဘန်တောင်လို့ ခေါ်ဆိုကြပါတယ်။

 ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ကိုရောက်တော်မူတဲ့ မဟာသက္ကရာဇ် ၁၀၃ ခုနှစ်မှာ ဥက္ကလာပတိုင်းသားတွေဖြစ်တဲ့ တဖုဿနဲ့ဘလ္လိကကုန်သည်ညီနောင် ၂ ဦးတို့ဟာ မြတ်စွာဘုရားထံက ပထမဦးဆုံးအဖြစ် ဆံတော် ၈ ဆူ ပင့်ဆောင်ပူဇော်ခွင့် ရခဲ့ပါတယ်။

 ဘုရားချီးမြှင့်တော်မူတဲ့ ဆံတော် (၈) ဆူကို ပင့်ဆောင်ပြီး မဇ္ဈိမဒေသကနေ မြန်မာပြည်ပြန်လာတဲ့ တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦးတို့ဟာ ဇေယျသေန နဂါးမင်းပိုင်တဲ့ နဂရအငူကို ဖြတ်သန်းချိန်မှာ နဂါးမင်းက ဆံတော် ၂ ဆူကို ပင့်ဆောင်ပူဇော်ပြီး မော်တင်တောင်ထိပ်မှာ ဌာပနာကာ စေတီတည်ထားကိုးကွယ်ခဲ့တယ်လို့ ဘုရားသမိုင်းတွေက ဆိုပါတယ်။


နောက်ပိုင်းမှာ တတိယသံဃာယနာတင် သီရိဓမ္မာအသောကမင်းကြီးက ပြန်လည်ပြုပြင်ခဲ့တယ်၊
 သက္ကရာဇ် ၄၅၇ ခုနှစ်မှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးက ရေလည်ခရီးနဲ့ တိုင်းခန်းလှည့်လည်ရာမှာ မော်တင်တောင်ထိပ်မှာရှိတဲ့ ဆံတော်ရှင်စေတီက ရောင်ခြည်တော် ကွန့်မြူးတာကို မြင်တွေ့ရတဲ့အတွက် ဖောင်တော်ဆိုက်ကပ်ပြီး စေတီတော်ကို တက်ရောက် ဖူးမျှော်ခဲ့ပါတယ် တဲ့။

 အဲဒီနောက်မှာ စေတီတော်ကို အမြင့်သံတောင် ၄၀ ရှိတဲ့ စေတီကြီးအဖြစ် ပြုပြင်တည်ထား ကိုးကွယ်ခဲ့ပြီး “ဖောင်တော်ဦး”ဘုရားလို့ ဘွဲ့တော်တွင်စေခဲ့ပြန်ပါတယ်။
 ဘုရားရဲ့ ဗုဒ္ဓပူဇနိယ ပွဲတော်ကိုလည်း အဲဒီနှစ် တပေါင်းလကနေ စတင်ကျင်းပခဲ့ရာမှာ ယခုအချိန်အထိဆိုရင် နှစ်ပေါင်း ၉၁၇ နှစ်ရှိခဲ့ပြီလို့ သိရပါတယ်။

 မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေပေမယ့် သမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင် စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ….
သန့်စင်ငြိမ်းချမ်း ~

  ကိုလေးလွင်ရေးတဲ့ မမပုသိမ်သူ သီချင်းထဲက မော်တင်စွန်းဘုရားပွဲ ဖြစ်ပါတယ်။

 ကမ်းခြေကကျောက်ဆောင်ပေါ်မှာ အလှဓာတ်ပုံရိုက်နေကြတဲ့ ပြည်တွင်း ဘုရားဖူးများ

 ကမ်းခြေမှာ မြင်းစီးချင်သူတွေအတွက် ဒေသခံတချို့က ၀န်ဆောင်မှုပေးနေပါတယ်

ပင်လယ်ရေကူးနေကြတဲ့ ဘုရားဖူးများထဲမှာ တယောက်ယောက်ကတော့ ♫♫ ♪ မော်တင်စွန်းဘုရားပွဲ လိုက်ခဲ့ပါခေါ်ယူ  ... ♫ ♪♫ လို့ ဆိုညည်းနေမယ် ထင်ပါတယ်။

 

   ဧရာဝတီ Facebook / ဧရာဝတီ Twitter
-

-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved