အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်တော့မယ့် ရေလယ်ကျွန်း

Thursday, March 28, 2013



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မူးယစ်ဆေး အမြောက်အများ၊  စစ်မြေပြင်သုံး လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိခဲ့တဲ့ မဲဆောက်-မြ၀တီချစ်ကြည်ရေးတံတားအောက် ရေလယ်ကျွန်းမှာ မြန်မာပြည်သားတချို့ ပြန်လည်ဝင်ရောက် ဈေးရောင်းနေကြပါပြီ။
အခုကျွန်းမှာ လူ ၁၀၀ ကျော် ပြန်လည်အခြေချပြီး လယ်ယာထွက်ကုန်၊ ရေထွက်ကုန်တွေဖြစ်တဲ့ ပုစွန်ထုပ်၊ ဂဏန်း၊ ပုစွန်ခြောက်၊ ငါးခြောက်ကအစ ကြက်သွန်အဖြူအနီ အလယ်  ကာမအားတိုးဆေးမျိုးစုံ အဆုံး ရောင်းချနေတာပါ။ သူတို့ရဲ့ဖောက်သည်အများစုကတော့  ထိုင်းတွေပါပဲ။

ကျွန်းမှာ ပုစွန်ထုပ်ရောင်းသူတယောက်က  ရေလယ်ကျွန်းမှာအိမ်ခြေ ၆၀ လောက် ပြွတ်သိပ်ပြီး ရှိနေတယ်၊ မြန်မာ ၂၀၀ နီးပါး နေထိုင်တယ် လို့ ရှင်းပြပါတယ်။
နေထိုင်သူတွေထဲ လူကောင်းရှိသလို လူဆိုးများလည်းရှိပါတယ် တဲ့။

ဒီလို နေထိုင်ကြတဲ့ ကျွန်းရဲ့အကျယ်အဝန်းကတော့  ၂ ဧကနီးပါးလောက်ပါပဲ။ 

ထိုင်းနဲ့မြန်မာနှစ်ဘက်အာဏာပိုင်တွေ သဘောတူညီချက်ရှိထားတာက ချစ်ကြည်ရေးတံတားအောက် ရေလယ်ကျွန်းကို  လူမနေဖို့ပါ။ 

ဒါပေမဲ့ မြန်မာပြည်သားတွေ ၀င်ရောက်နေထိုင်ရာမှာ မြန်မာ အာဏာပိုင်တွေက ဟန့်တားပြောဆိုတာတွေ မရှိပါဘူး။
(ဓာတ်ပုံများ-ပြည်တော်မြင့်/ဧရာဝတီ)

 

 မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့နေရာလို့ လူပြောများတဲ့ အဲဒီရေလယ်ကျွန်းကို သောကြာနေ့က လက်နက်ကိုင် ကရင်လူငယ်အဖွဲ့တခု ၀င်ရောက်စီးနင်းပြီး သူတို့ရှာဖွေတွေ့ရှိခဲ့တဲ့ မူးယစ်ဆေး၊  လက်နက်ခဲယမ်းတွေကို မြ၀တီမြို့ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီအဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ကော့မူးရာကရင်လူငယ် အဖွဲ့ KYO အဖွဲ့ပါ။
အဖွဲ့ ဥက္ကဌဖြစ်တဲ့စောမိုရှေးက ကျွန်းပေါ်မှာမူးယစ်ဆေးဝါးရောင်းဝယ်တဲ့ ဒုစရိုက်သမား တွေပြန်လည်အခြေချမယ်ဆိုရင်တော့ ကျွန်းကိုနောက်တခါတက်ရှင်းပြီး လုံခြုံရေးအတွက် အချိန်ပြည့်စခန်းထိုင် မယ်လို့ ဆိုပါတယ်။
ကျွန်း အနေအထားကို အနီးကပ်စောင့်ကြည့်နေတယ်လို့လည်းဆိုပါတယ်။

အနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုတဲ့အတွက်  ဒီကျွန်းနဲ့ပတ်သက်တဲ့နောက်ဆက်တွဲက စိတ်ဝင်စားစရာကောင်းနေတယ်လို့ နှစ်ဘက်ဒေသခံတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

ဒီကျွန်းမှာ နေထိုင်တဲ့မြန်မာတွေဆီကနေ မူးယစ်ဆေးဝါးနဲ့လက်နက်ခဲ ယမ်းတွေကို ထိုင်းနဲ့မြန်မာအာဏာပိုင်တွေက ဖမ်းဆီးရရှိမှုတွေရှိခဲ့တာ သက်တမ်း ၂၀ နီးပါး ရှိပါပြီ။
ဒါပေမဲ့ ကျွန်းရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး နှစ်ဘက်အာဏာပိုင်တွေက ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ပါဘူး။

မကြာသေးမီက သွေးထွက်သံယိုမဖြစ်ခဲ့တဲ့ KYO အဖွဲ့ရဲ့ ကျွန်း ယာယီ သိမ်းပိုက်မှု အပြီးမှာတော့ ထိုင်းနယ်ခြားစောင့်တပ်တွေက ကျွန်းကိုအချိန်ပြည့် အနီးကပ်စောင့်ကြည့်နေပြီး အရင်ထက်ကို လုံခြုံရေးတိုးမြှင့်ချထားပါတယ်။


ပုံတွေမှာ တွေ့ရတဲ့အတိုင်း ဒီနေရာကို အားကိုးပြီး အရောင်းအ၀ယ် လုပ်တဲ့သူတွေ တဖြည်းဖြည်း ပြန်လည် လုပ်ငန်းစနေကြပါပြီ။
ဒီအတိုင်းဆို  ရေလယ်ကျွန်းမှာ အရောင်းအ၀ယ် ပုံမှန်ပြန်ဖြစ်တော့မယ်လို့ ဆိုနိုင်ပါတယ်။
ပုံမှန်ရောင်းဝယ်ဖောက်ကားမယ့်ထဲမှာ မူးယစ်ဆေး ပါမပါ ဆိုတာကတော့ မကြာခင် ကြားသိရဖွယ်ရှိပါတယ်။


ပြည်တော်မြင့် ~


God's Army နောက်တဖွဲ့ လာပြီလား
 
 ရေလယ်ကျွန်းသိမ်းသူများ ပြန်ဆုတ်ပြီ




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved