ဦးခမ်းအောင်ပြောပြတဲ့ စိုင်းနော်ခမ်းနဲ့ ပတ်သက်သမျှ

Sunday, March 3, 2013

အခုရက်ပိုင်း ဖေ့စ်ဘုတ်စာမျက်နှာမှာ အဓိက နေရာယူထားသူကတော့  မြန်မာနိုင်ငံသား စိုင်းနော်ခမ်းပါ။ သူဟာ တရုတ်နိုင်ငံမှာ မတ်လ ၁ ရက်နေ့မှာ ဆေးထိုးကွက်မျက်ခြင်း ခံခဲ့ရသူပါ။

သူနဲ့ပတ်သက်ပြီး 
ဦးခမ်းအောင်ရဲ့ ရေးသားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


 နော်ခမ်း က ”ဘယ်သူမပြု မိမိမှု ” ဆိုတဲ့အတိုင်း သူ့ လမ်းသူရွေးချယ်သွားတာပါ ။ ဇာတ်လမ်း ကတော့ ရှုပ်တယ်။ အရင်က ခွန်ဆာရဲ့ MTA မှာ ဆက်ကြေးကောက်တာဝန်ခံ အဆင့်ပဲရှိပါ တယ်။ 

နောက် ခွန်ဆာအလင်းဝင်တော့ သူလည်းပါလာပြီး တာချိလိတ်မှာအခြေချခဲ့တာ.. နောက်တော့ သူ့  အဖွဲ့ ငယ်လေးဖွဲ့ ပြီး တောပြန်ခို၊ တာချိလိတ် နဲ့ မဲခေါင်မြစ်ရိုးတလျှောက် လှုပ်ရှားသောင်းကြမ်းခဲ့တယ်။ 

အထူးသဖြင့်တော့ မူးယစ်ဆေးဝါးမှောင်ခိုနဲ့  ဆက်ကြေးကောက်စားတဲ့ ဒါးပြဂိုဏ်းသာသာ ပါပဲ။ နောက်ပိုင်း ဆိုးလာတာကတော့ မြန်မာ ကနေ လာအို၊ အဲဒီကမှ ထိုင်း၊ ဗီယက်နမ်၊ ဟောင်ကောင်၊ တရုတ် မူးယစ် 
ဆေးဝါး အဓိကလမ်းကြောင်း လုပ်လာတော့ မြန်မာရော၊ လာအိုရော၊ ထိုင်းရော အလိုရှိသူဖြစ်လာတယ်။ 

စိတ်ကြွဆေးတွေ သန်းနဲ့ ချီပြီး လာအိုကိုဖြတ်၊ ထိုင်းထဲပြန်ပတ်ဝင်တဲ့လမ်းကြောင်းမှာ ထိုင်နေတော့ နယ်မြေ ဖြတ်သန်းခ အခွန်တွေကောက်ခဲ့တယ်။ ပြီးတော့ လာအိုမှာ ဖွင့်ထားတဲ့ ကာစီနိုကြီး (မကာအို ပိုင်) ကိုလည်း ဆက်ကြေးကောက်တယ်။ 

ပြဿနာ စလာတာကတော့ မြန်မာနို်င်ငံမူးယစ်အထုးအဖွဲ့ တွေ မဲခေါင်မြစ်ထဲ လုံခြုံ ရေး ကင်းလှည့် တဲ့ မော်တော်ဘုတ်ကို ကမ်းစပ်ကနေစောင့်ခြုံခိုတိုက်ခဲ့တာ၊ မူးယစ်က ၄ ယောက်ကျဆုံးသွားတယ်။ တစ်ချို့ အလောင်းတွေ မဲခေါင်ထဲမျောပါသွားလို့  ပြန်မရတော့ဘူး။ 

(မိသားစုနဲ့ သင်းဂြိုလ်တော့ ကျနော် တာချီလိတ်မှာရှိနေတာ မှတ်မိတယ်) နော်ခမ်းကို သဲသဲမဲမဲ လိုက်တော့ သူ လာအိုရွာတစ်ရွာမှာခိုအောင်းနေတယ်။ ပြီးတော့ မဲခေါင်မြစ်ရေကျရင်ပေါ်နေတဲ့ ကျွန်းတွေ မှာ လှုပ်ရှားခိုအောင်းတယ်။ 

နယ်မြေနဲ့ ရွာတွေမှာ terrorize လုပ်တဲ့အနေနဲ့  စကားနားမထောင်တဲ့ ရွာသားတွေ ခေါင်းဖြတ်သတ်တယ်။ ရွာလယ်မှာ ခေါင်းကို တရွာလုံးမြင်အောင် ထားထားတယ်။ တပ်နဲ့ ရဲနဲ့ တခါလိုက်ရှင်းတော့လည်း တိုက်ပွဲ မှာ ရဲ (၈) ယောက်၊ အရပ်သား ၅ ယောက် ကျဆုံးခဲ့တယ်။ သူလည်းအထိနာတယ်။ 

ဒီလိုနဲ့ နောက်ပိုင်း တရုတ်သင်းဘောတွေကို အခွန်မပေးရင် ပစ်ခတ်လေ့ရှိတယ်။ လုံခြုံရေးနဲ့ သွားရတဲ့ အဆင့်ရောက်သွားတယ်။ 

ထိုင်း၊ လာအို နဲ့ မြန်မာ ပူးပေါင်းကင်းလှည့်ဖို့ အစီအမံတွေလုပ်ကြပေမဲ့  မအောင်မြင်ခဲ့ဘူး။ ထိုင်း၊ တရုတ် က ကင်းလှည့် မော်တော်တွေပေးတယ်..အလကား၊ ဒီကဆီဘိုးမတတ်နိုင်ဘူး။

ဒီတော့ မဲခေါင်ကို နော်ခမ်းပဲ ကြီးစိုးနေတာ ဖမ်းမမိဘူး။ နောက်ဆုံး တရုတ်သင်းဘောကို စီးပြီး သင်္ဘောသားတွေကို လက်ပြန်ကြိုးတုပ်၊ ပစ်သတ်ပြီး မျောချလိုက်တာ ၄ နိုင်ငံကသည်းခံနိုင်တဲ့ အတို်င်းအတာကျော်သွားတယ်ပေါ့ဗျာ။ 

အဲဒါလည်း အတည်မပြုနိုင်တဲ့သတင်းတွေက လာအိုကာစီနို နဲ့ တရုတ်သင်းဘောတွေ သူ့ ကိုဆက်ကြေး မပေးတဲ့ပြဿနာတွေပဲ လို့ ကြားရတယ်။

နောက်ဆုံး လာအိုမှာ ခိုအောင်းနေတုန်း လာအို သတင်းပေးတွေကြောင့် လာအို ရဲတွေဖမ်းမိသွားတာပဲ။ မကောင်းမှု ကတော့ တာရှည်မခံဘူး၊ ခွေးရူးကောင်းစား တစ်မွန်းတည့် ဆိုသလိုပေါ့။ ဖမ်းမိပြီး မြန်မာက 
ပြန်မတောင်းတာက အကြောင်းအမျိုး မျိုး ရှိမယ်ထင်ပါတယ်။ 

တရုတ်ဆီကပြန်တောင်းရင် ပေးမယ်လို့ ထင်ပါတယ်။ ပြန်ပေးခဲ့တဲ့ အစဉ်အလာတွေလည်းအများကြီးပဲ။ တရားခံ အပြန်အလှန်လဲလှယ်ကြတာ မနည်းပါဘူး။ မှတ်မိသလောက် ကျနော်တို့ အရမ်းအလိုရှိနေတဲ့ တစ်ယောက်ဆိုရင် ရှာပေးဖို့ ပြောပြီး ၂ ပါတ်အတွင်း ရှန်ဟိုင်းမှာ ဖမ်းပေးတယ်။ ကူမင်းမှာသွားခေါ်ယူ တယ်။  

နောက်တစ်ယောက် ကအခုလိုပဲ လာအိုထဲပြေးတယ်.. ဗီယက်နမ်နယ်စပ်တောင်ရောက်နေပြီ၊ လာအို ရဲက ဖမ်းပေးတယ်။ ဗီယန်ရှင်းမှာ သွားခေါ်တယ်။ နောက်ကျတော့ တရုတ်နိုင်ငံသားဖြစ်နေတယ်။ 

ဟိုမှာလည်း ပြစ်မှုကျူးလွန်ထားတာမနည်းဘူး။ သူတို့ ပြန်တောင်းတယ်။ အင်းစိန်ကနေ ထုတ်ပြီး ပြန်ပေး တယ်။ အထူးလေယာဉ်နဲ့ ကို လာခေါ်သွားတယ်။ အလားတူပဲ ထိုင်းအလိုရှိမူးယစ်ဆေးဝါး သမားတစ် 
ယောက် ကျနော်တို့ ဖမ်းပေးတယ်။ သူတို့ အထုးလေယာဉ်နဲ့ လာခေါ်ခဲ့ တယ်။ 

ကျနော်တို့ အလိုရှိတဲ့တစ်ယောက်ကို DEA, ထိုင်းမူးယစ်နဲ့ ပေါင်းပြီး သူအမျိုးသမီး အမေရိကန်ကအလာ ဘန်ကောက်လေဆိပ်မှာဖမ်း ပြီး နောက်တနေ့ မှာပဲ ခရိးသည်တင်လေယာဉ်နဲ့ ရန်ကုန်ပြန်ခေါ်ခဲ့ပါတယ်။ 

ဒါတွေ ကျနော်ပြောနေတာ အထောက်အထားနဲ့ ပါ။ သတင်းစာထဲလည်းပါပါတယ်။ အဲဒီတုန်းက သတင်းစာ ရှင်းလင်းပွဲတွေမှာ ရှင်းခဲ့ဘူးတယ်။ ပြန်မတောင်းတာလည်း အများကြီးပဲ။ case by case basis ပါပဲ။ 

မူးယစ်ရဲအချင်းချင်း နိုင်ငံကျော်၊၊ ဥပဒေခြားပေမဲ့ ပူးပေါင်းဆောင်ရွက်မှုကတော့ အရမ်းကောင်းပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လည်း 1988 UN Convention Against Illicit Traffic in Narcotic Drug and Psychotropic Substances ကိုဒီနို်င်ငံတွေအားလုံး လက်မှတ်ရေးထိုးကြပါတယ်။ 

ဒါပေမယ့် မြန်မာနိုင်ငံက တရားခံ လဲလှယ်ခြင်း ဆိုတဲ့ article ကို ခြွင်းချက် reservation နဲ့ ထိုးခဲ့တာပါ။ International Court of Justice (ICJ) ရဲ့ အဆုံးအဖြတ်ကိုရယူမည် ဆိုတာလည်း reservation ထားခဲ့ တယ်။ 

ဒါကြောင့်လည်း အနောက်နို်င်ငံတွေက အလိုရှိ ဆုငွေ ဒေါ်လာ သန်းနဲ့ ချီထုတ်ထားတဲ့ ခွန်ဆာတို့ ၊ ဝ ခေါင်းဆောင်တွေ ကို မြန်မာနိုင်ငံက လုံးဝမပေးဘူး။ ခွန်ဆာကတော့ အကြွင်းမဲ့လက်နက်ချထားလို့ ၊ တခြားလည်းငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့ အစည်းတွေပဲ။ 

ဒီတော့ နော်ခမ်း ကိုပြန်တောင်းသင့်မသင့် ဆိုတာ အကျိုးအပြစ် အားသာချက် အားနည်းချက် စဉ်းစား ချင့်ချိန်ကြည့်ပေါ့လေ။ ကျနော်တို့ နိုင်ငံရဲ့ မူး.ယစ်ဥပဒေလည်း သေဒဏ်ပါပြီး ပြင်းထန်တဲ့ ဥပဒေပါ။ 

ခင်မင်တဲ့ တားဆီးနှိမ်နှင်းရေးအရာရှိတွေအချင်းချင်းမှာ တခါတခါ မင်းတို့  ဥပဒေနဲ့ ပဲကောင်းပါတယ် တဲ့..ဒို့ ဥပဒေနဲ့ ဆိုရင် ၄=၅ နှစ်နဲ့ ပြန်ထွက်လာ၊ ပြန်လုပ်ကြတာပဲ တဲ့။ 

မနည်းဖမ်းထားရတာတောင် အားမနာဘူးတဲ့။ ဘာပြောပြောပါ။ ကျနော်လည်း Capital punishment သေဒဏ် ပေးတာ ကိုတော့ မကြိုက်ဘူးဗျာ.. တရုတ်တွေလို လူထုရှေ့မှာ သေနတ်နဲ့ ပစ် သတ်တာလည်း ဆန့် ကျင်ပါတယ်။ လူပဲ..လူဆန်ဆန်ပဲ သူ့ ပြစ်ဒဏ်သူပေးရင် တော်ပါပြီ။

ဦးခမ်းအောင်ရဲ့ ဖေ့စ်ဘုတ် https://www.facebook.com/hkam.awng/posts/10151459581574820 ကနေ ကူးယူ ဖော်ပြပါတယ်။

6 comments :

  1. Anonymous said... :

    ဗိုလ်အောင်ဒင် ဇာတ်ကားထဲကလိုပြောရရင် "ဒါကတော့ ပုလိပ်အမြင်ကိုး.. ဦးခမ်းအောင်ရဲ့.. အဲလေ.. ဦးဘချစ်ရဲ့"။

  1. Anonymous said... :

    ဦးခမ်းအောင်ကိုကြည့်ရတာ ဘန်ကောက်ပို့စ်တို့လို သတင်းစာမျိုးကို မဖတ်ဖူးလို့၊ သို့မဟုတ် မသိချင်ယောင်ဆောင်လို့ ဖြစ်မယ်ထင်တယ်။ ထိုင်းစစ်သားတွေက တရုတ်သင်္ဘောသားတွေကို သတ်သွားတာ ရှင်းနေတာပဲ။

    ကျန်တာကတော့ အပေါ်က Anonymous ပြောသွားသလိုပါပဲဗျာ။ :-)

    Anonymous 2

  1. Anonymous said... :

    ရဲမှူးကြီး ခမ်းအောင်ရေ... နော်ခမ်းထက် စာရင် လူများစွာ သတ်ခဲ့တဲ့ ခွန်ဆာကိုတော့ ဦးခွန်ဆာလို့ သမုတ်ပြီး ဟိုက ပေးစာကမ်းစာလေးတွေ ယူပြီး အင်းယားလမ်းမှာ အိမ်ဆောက်ခဲ့တာ လူတိုင်း သိပါတယ်၊ အခုမှ လမ်းဘေးက လူမိုက်စကားလာပြောပြီး နော်ခမ်းက လူသတ်တယ် ဘာတယ် အခုမှ လာလုပ်မနေပါနဲ့၊ တိုင်းပြည် တစ်ပြည်မှာ ကိုယ့်ပြည်သား တစ်ယောက်က သူများ တိုင်းပြည်မှာ အမှုကြီးငယ်ဖြစ်ရင် ကိုယ့်တိုင်းပြည်က ရှေ့နေဌားပေးရတယ်၊ ကိုယ့်တိုင်းပြည်က အတတ်နိုင်ဆုံး ကိုယ့်တိုင်းပြည်တွင်းမှာ စီရင်မှု လုပ်ရတယ် ဆိုတာ သိက္ခာရှိတဲ့ တိုင်းပြည်တိုင်းရဲ့ အလုပ်ဆိုတာ နားလည်ရဲ့လား? ရဲမှူးကြီးလဲ မူးယစ်ရောက်ပြီး မူးယစ်ရာဇာတွေရဲ့ ငွေနဲ့ ချမ်းသာခဲ့ပြီ မဟုတ်လား?

  1. Anonymous said... :

    တရားစစ်တဲ့ဗီဒီရိုဖိုင်ထဲမှာ စိုင်းနော်ခမ်းက မိခင် ရှမ်းဘာသာစကားနဲ့ဖြေထားတာကိုတွေ့ဖူးတယ်ဗျ .. အဲကတည်းက တရုတ်အစိုးရခေါ်ပေးတဲ့ စကားပြန်က ဘယ်လိုပြန်လဲဆိုတာ သိရဲ့လား ... တလွဲတွေချည်းပဲဗျ .. အဲဒါ စိုင်းနော်ခမ်းမိသားစုက စကားပြန်နဲ့ရှေ့နေ ရှာမယ်ပြောတော့ လက်မခံဘူးလေ .. အဲဒီလိုစစ်လာတဲ့ တရားရေးကိစ္စကနေ သေဒဏ်အဖြစ်ဆုံးဖြတ်လိုက်တာ မှန်တယ်လို့ မြင်ရမှာလား .. လက်ခံရမယ်လို့ ပြောတာလားဗျ .. ကျုပ်တို့ အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခံရ ၊ လူ့အခွင့်အရေးတွေဆုံးရှုံးခဲ့ရပေမယ့် ငအတွေမဟုတ်သေးဘူးဗျ ... သဘာဝတရားကြောင့်ခံစားတတ်တဲ့နှလုံးသားနဲ့ မမှန်တာကိုတော့သိနေသေးတယ်ဗျ ..

  1. Anonymous said... :

    ကျွန်တော်ဟာဆိုရင်ဖြင့်နော်ခမ်းမွှေသမျှခံခဲ့ရတဲ့ တာချီလိတ်ပါတ်ဝန်းကျင်က ရွာသားတစ်ယောက်
    ပါ...ကျွန်တော်တို့ရွာက ရွာသားတွေဆို နော်ခမ်းဆိုတဲ့အသံကြားရင် ပုန်းစရာနေရာမရှိလောက်
    အောင်သူ့ကိုကြောက်နေခဲ့ရတာပါ...ဒါဟာ ရှမ်းရွာအချင်းချင်းပါ..သူလဲရှမ်းလူမျိုး ကျွန်တော်တို့လဲ
    ရှမ်းလူမျိုးပါ...ကိုယ့်လူမျိုးအချင်းချင်းလဲ သူ မညှာတာခဲ့ပါဘူး...။
    အထက်မှာဦးအောင်ခမ်းပြောခဲ့သလိုပါပဲ...သူရှိတုန်းကဆို ကျွန်တော်တို့ရွာတွေကျီးလန့်စာ စားနေရ
    သလိုပါပဲ...ခုတော့လဲ သူ့မိုက်ပြစ်နဲ့သူဒဏ်ခတ်ခံရတာပါပဲ...။

  1. "ကျွန်တော်ဟာဆိုရင်ဖြင့်နော်ခမ်းမွှေသမျှခံခဲ့ရတဲ့ တာချီလိတ်ပါတ်ဝန်းကျင်က ရွာသားတစ်ယောက်
    ပါ...ကျွန်တော်တို့ရွာက ရွာသားတွေဆို နော်ခမ်းဆိုတဲ့အသံကြားရင် ပုန်းစရာနေရာမရှိလောက်
    အောင်သူ့ကိုကြောက်နေခဲ့ရတာပါ...ဒါဟာ ရှမ်းရွာအချင်းချင်းပါ..သူလဲရှမ်းလူမျိုး ကျွန်တော်တို့လဲ
    ရှမ်းလူမျိုးပါ...ကိုယ့်လူမျိုးအချင်းချင်းလဲ သူ မညှာတာခဲ့ပါဘူး...။
    အထက်မှာဦးအောင်ခမ်းပြောခဲ့သလိုပါပဲ...သူရှိတုန်းကဆို ကျွန်တော်တို့ရွာတွေကျီးလန့်စာ စားနေရသလိုပါပဲ...ခုတော့လဲ သူ့မိုက်ပြစ်နဲ့သူဒဏ်ခတ်ခံရတာပါပဲ...။"

    ..... လို့ ဆိုထားတဲ့ Anonymous ခင်ဗျား .. စိုင်းနော်ခမ်း ရှိစဉ်တုန်းက ကျီးလန့်စာ စားနေရသလို ဖြစ်ခဲ့တယ်ဆိုတာ သိရလို့ စိတ်မကောင်းပါဘူး ။

    ခုချိန်ခါမှာ သူမရှိတော့ပြီ ဖြစ်တဲ့အတွက် စာရေးသူ Anonymous ဟာ ဘယ်သူလဲ ၊ ဘယ်ရွာက လာတယ်ဆိုတာ တစ်ဆိတ်လောက် အမှန်အတိုင်း ဖွင့်ပြောပြီး ၊ သက်သေထူစေချင်ပါတယ် ခင်ဗျား ။

    ဒါမှလည်း ပွင့်လင်းမြင်သာမှုနဲ့၊ ရိုးသားမှုရှိတာ ပေါ်လွင်မယ့် Anonymous ရဲ့ စကားတွေဟာ အခြား စာဖတ်ပရိသတ်တွေအပေါ် အရေးပါအရာရောက်ပြီး ၊ မှန်ကန်တဲ့ သဘောထားတွေ ထားနိုင်ကြမှာ ဖြစ်ပါတယ် ။ ဒါမှ မဟုတ်ရင်တော့ ၊ ဝါဒဖြန့် မှတ်ချက်တစ်ခုသာသာ ဖြစ်သွားပါလိမ့်မယ် ။

    (မှတ်ချက် ။ ။ Anonymous လို ရွာကနေ လာသူတစ်ယောက် အနေနဲ့ ၊ အင်တာနက်ပေါ် တက်လာနိုင်ပြီး ၊ ဗမာစာကိုလည်း ရည်လည်အောင် ရေးနိုင်တာကိုလည်း အံ့သြ ဂုဏ်ယူပါတယ်) ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved