Google ဥက္ကဋ္ဌရဲ့ မြန်မာပြည်လေ့လာရေးခရီး

Saturday, March 23, 2013



မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေး အကောင်အထည်ဖော်မှုကို အထောက်အကူ ပေးပါလိမ့်မယ် လို့ မြန်မာနိုင်ငံရောက် Google ဥက္ကဋ္ဌ Eric Schmidt က ပြောဆိုလိုက်ပါတယ်။

မနေ့က ရန်ကုန်မှာ လူငယ် ၅ဝဝ ဝန်းကျင်နဲ့ တွေ့ဆုံစဉ်မှာ ပြောလိုက်တာ ဖြစ်ကြောင်း ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာ www.irrawaddy.org မှာ ရေးထားပါတယ်။

မြန်မာအစိုးရက ပြည်ပကစိတ်ကူးစိတ်သန်း၊ အင်တာနက်၊ ဆက်သွယ်ရေးနည်းပညာ၊ ပြည်တွင်းသတင်းစာတို့နဲ့ ပတ်သက်ပြီး အင်မတန်ကောင်းမွန် အရေးပါတဲ့
နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်လို့ Google ဥက္ကဋ္ဌက ဆိုပါတယ်။

အင်တာနက်ကြောင့် မြန်မာနိုင်ငံအခြေအနေတွေက နောက်ကြောင်းပြန်မလှည့်နိုင်တော့ဘူး၊ အင်တာနက် အဆင်ပြေသွားပြီ ဆိုတာနဲ့ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးလာပြီး  တရားဥပဒေစိုးမိုးရေး ဖြစ်ထွန်းလာမှာပဲ  လို့ သူက ပြောပါတယ်။

Google ဥက္ကဋ္ဌနဲ့ တွေ့ဆုံပွဲကို ရောက်လာတဲ့ အမေရိကန်သံအမတ် 
Derek Mitchell ကလည်း - မြန်မာပြည်မှာ အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာရင် ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမှာပဲ လို့ သုံးသပ်ပါတယ်။


Google က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေတာပါ၊  ဘယ်လိုနေရာမှာ ရင်းနှီးမြှုပ်နှံမယ် ဆိုတာ မဆုံးဖြတ်ရသေးပါ၊ ဥက္ကဋ္ဌEric Schmidt ကလည်း သူ့ခရီးက အချက်အလက်ရှာဖွေရေးခရီးဖြစ်ကြောင်း မနေ့က ပြောပါတယ်။
  
  အထင်ကရ ဘလော်ဂါ နေဘုန်းလတ်ကတော့ - Google မြန်မာပြည် လာတာ ကောင်းတယ်၊ နိုင်ငံအတွက် အကျိုးရှိတယ်၊ Google နဲ့ မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်နိုင်ရင် ပိုကောင်းမှာပဲလို့ ဆိုပါတယ်။

Google ဥက္ကဋ္ဌက နေ့ခင်းပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ရာမှာ ပြောဆိုတဲ့ အကြောင်းအရာများကတော့ "ရင်းနှီးမြှုပ်နှံမှု" နဲ့ "လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု နည်းပညာ အကူအညီပေးရေး" တို့ ဖြစ်ကြောင်း ဒီကနေ့ထုတ် အစိုးရသတင်းစာများမှာ ရေးထားတာ ဖတ်ကြရမှာပါ။

အထင်ကရ Google ဥက္ကဋ္ဌလည်းဖြစ်၊ သူ့ရဲ့  ပထမဆုံး မြန်မာပြည်ခရီးစဉ်လည်း ဖြစ်တဲ့အတွက် သူ ရန်ကုန်၊ နေပြည်တော်တို့မှာ ပြောဆိုသမျှတို့ဟာ နိုင်ငံတကာသတင်းခေါင်းစဉ် ဖြစ်နေပါတော့တယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved