သက်တမ်းရင့်ပါတီ NLD ရဲ့ ပထမဆုံး ညီလာခံ

Tuesday, March 5, 2013



    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပထမဆုံးအကြိမ်ပြုလုပ်မယ့်  နိုင်ငံလုံးဆိုင်ရာညီလာခံကို ရန်ကုန်မြို့မှာ လာမယ့် သောကြာနေ့က စတင်ပြီး ၃ ရက်ကြာ တွေ့ရတော့မှာပါ။

ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်တွေက  NLD ကိုယ်စားလှယ် ၂,၀၀၀ ဝန်းကျင် တက်ရောက်ဖွယ်ရှိတဲ့ ဒီညီလာခံကို  ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမမှာ ပြုလုပ်မှာပါ။ 

ယခင်က အခမ်းအနား ကြီးငယ် မှန်သမျှကို
အဲဒီမြို့နယ်ထဲက ဌာနချုပ်မှာ  ကျင်းပခဲ့တာပါ။ သို့သော်လည်း ညီလာခံကိုယ်စားလှယ် ၂,၀၀၀ ဝန်းကျင် အတွက်တော့ ဌာနချုပ်ခန်းမက ကျဉ်းနေတဲ့အတွက် တော်ဝင်နှင်းဆီကို ရွေးချယ်ထားတာဖြစ်ပါလိမ့်မယ်။

လုံခြုံရေးတင်းကျပ်တဲ့ ညီလာခံ

ညီလာခံ ဒုတိယနေ့မှာ စာနယ်ဇင်းသမားတွေ တက်ရောက် သတင်းယူနိုင်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လုံခြုံရေး တင်းကြပ်ထားပါတယ် တဲ့။ ဒါကြောင့်  ဖိတ်စာနဲ့တကွ တက်ရောက်ရမှာဖြစ်ပါတယ်။

လူစားထိုးပြီးတက်ရောက်ဖို့ ခွင့်မပြုကြောင်း၊ အင်တာဗျူးခွင့်မပြုကြောင်း ဖိတ်စာမှာ ရေးထားပါတယ်။

NLD ရဲ့ ရန်ကုန်အခြေစိုက် ထိပ်တန်းခေါင်းဆောင်များ၊ ညီလာခံအဆင့်ဆင့်ကနေ အရွေးခံထားရတဲ့ နယ်အသီးသီးက ခေါင်းဆောင်များ စုဝေးကြတဲ့ အခမ်းအနား ဖြစ်တာကြောင့် လုံခြုံရေး ဦးစားပေးထားတာလို့ ယူဆရပါတယ်။

ဗိုလ်ချုပ်ကြီးများရဲ့ ပြီးခဲ့တဲ့အနှစ်  ၂၀ ကျော် ကာလအတွင်းမှာ NLD မှာ ဒီလိုညီလာခံမျိုးလုပ်ဖို့ စိတ်ကူးနိုင်တဲ့ အနေအထား မရှိခဲ့ပါဘူး။

ဒါကြောင့် ပါတီ တည်ထောင်ပြီး ၂၅ နှစ်လောက် ကြာမှ နိုင်ငံလုံးဆိုင်ရာညီလာခံ ဆိုတာကို စီစဉ်နေကြတာ ဖြစ်ပါတယ်။



ပါတီရဲ့ လတ်တလော နဲ့ အနာဂတ်
    ဒီညီလာခံပြီးသွားရင်တော့  NLD က ပိုပြီး ခိုင်မာတဲ့အနေထားမျိုး ဖြစ်လာမယ်လို့ မျှော်လင့်သူတွေ ရှိသလို NLD ရဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲတချို့မှာ ပြဿနာအမျိုးမျိုးကြုံဆုံခဲ့ရတဲ့အတွက် အနာဂတ် အခြေအနေကို စိုးရိမ်နေကြသူတွေလည်းရှိပါတယ်။

လက်ရှိအခြေအနေက ဘယ်လို ဖြစ်နေပါသလဲ?

“အခုနောက်ပိုင်း ပါတီထဲဝင်ကြသူတွေကို သေချာ စိစစ်နိုင်တာမျိုးကို မလုပ်နိုင်ဘူးလို့ထင်တယ်၊
တချို့ နိုင်ငံရေး ယုံကြည်မှု ခိုင်ခိုင်မာမာမရှိဘဲ ၀င်လုပ်ကြသူတွေနဲ့ နေရာရဖို့တခုတည်းအတွက် ပါတီဝင်လာကြတဲ့သူတွေလည်း များလာတယ်။
တချို့ နှစ်ပေါင်းစွာ အနစ်နာခံ၊ ထောင်ကျခံလုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေ နဲ့ နောက်ဝင်တဲ့လူတွေနဲ့ အဆင်မပြေတာတွေလည်း ရှိတယ်” လို့  တွံတေးမြို့နယ်မှ မြို့ခံတဦးက ပြောပါတယ်။

နိုင်ငံရေး လေ့လာသူတဦးကတော့ ပါတီမှာ အခက်အခဲတွေရှိတာ သဘာဝကျပါတယ်လို့ ဆိုပါတယ်။

    “ဒါမျိုးတွေတော့ ရှိမယ်ဗျ၊ ပါတီက နှစ် ၂၀ အတွင်း တည်ဆောက်ရေး ကောင်းကောင်း မလုပ်ခဲ့ရဘူးလေ၊ နိုင်ငံရေးနဲ့နီးစပ်သူမှန်သမျှ ထောင်ထဲထည့်တဲ့ခေတ်မှာ NLD က ဖြတ်သန်းခဲ့ရတာလည်း ပါတယ်။  ဒီလိုအခြေအနေမျိုးကို ကြုံဆုံနိုင်တယ်ဆိုတာ အခုချိန်မှာ အားလုံး နားလည်ပေးထားနိုင်ရင် ကောင်းတယ်..” လို့ နိုင်ငံရေး လေ့လာသူတဦးက ပြောပါတယ်။

“(ညီညွတ်ရေး တည်ဆောက်ဖို့ ဆိုရင်) ရှေ့ကလူတွေအပေါ်မှာရော၊ နောက်ဝင်လာတဲ့သူတွေအပေါ်မှာပါ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ သူတို့တွေ ညီညွှတ်ရင် ပိုပြီးအားကောင်းတဲ့၊ ပြည်သူတွေက ပိုပြီး တန်ဖိုးထားရတဲ့ ပါတီတခု ဖြစ်လာမှာပါ” လို့  သူက ဆက်ပြောပါတယ်။

NLD ကို ၁၉၈၈ နှစ်ကုန်ပိုင်းမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ရွက်စိမ်း ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved