နောက်ဆုံးပေါ် ၁,၅ဝဝ တန် ဖုန်းကတ်

Wednesday, April 24, 2013


ကျပ် ၁,၅ဝဝ တန် တန်ဖိုးနည်းဖုန်းကတ်အကြောင်း ဒီကနေ့ထုတ် အစိုးရအာဘော် မြန်မာ့အလင်းမှာ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

သတင်းတပုဒ်မှာ ဆိုရင် တာချီလိတ်ခရိုင်အတွက် ကတ် ၇ဝဝ ရောင်းမယ့်အကြောင်း တွေ့ရမှာပါ။
 
ဒီမနက် ရန်ကုန်မြို့မှာ ဖြန့်နေတဲ့ တန်ဖိုးနည်း ဖုန်းကတ်  (ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ)

အဲဒီအရေအတွက်ထဲကနေ ဆက်သွယ်ရေးစခန်းများအတွက် ၃ ကတ်၊ စစ်တပ်မိသားစုများအတွက် ကတ် ၅ဝ ဖယ်ထုတ်လိုက်တဲ့အတွက် ၆၄၇ ကတ် ကျန်ပါတယ် တဲ့။

ဖုန်းကတ် ၀ယ်လိုကြောင်း လျှောက်ထားသူတွေက အဲဒီ ၆၄၇ ကတ်ကို မဲနှိုက်ကြတယ်လို့ ဆိုတယ်။

သတင်းမှာတော့ "ကံထူးရှင်" ရွေးချယ်ကြတယ်လို့ သုံးပါတယ်။

နိုင်ငံတော်ရဲ့စေတနာကြောင့် ၁,၅ဝဝ တန် ဖုန်းကတ်တွေ ပေါ်လာရာမှာ အခုလို ကံထူးရှင်ရွေးချယ်ပွဲတွေကို နိုင်ငံအနှံ့ တွေ့လာရပါပြီ။

ဒေသခံအုပ်ချုပ်ရေးဌာနတွေလည်း လျှောက်လွှာတွေကောက်ခံ၊ လော်စပီကာနဲ့တကြော်ကြော်အော်၊ ကံထူးရှင်ရွေးချယ် စတဲ့ အလုပ်အကိုင်သစ်တွေ ရလာကြတာ တွေ့ရမှာပါ။

ကြေးမုံသတင်းစာ သတင်းတပုဒ်မှာတော့ တောင်ကြီးမြို့ ကံထူးရှင်ရွေးချယ်ရာမှာ ရဟန်းတော်များလည်း ၀င်ရောက်ကြီးကြပ်ခဲ့ကြောင်း ရေးထားတာ တွေ့ရမှာပါ။

လာမယ့်လတွေမှာလည်း ၁,၅ဝဝ တန်တွေ ချပေးဦးမှာ ဆိုတော့ ဒီမြင်ကွင်းတွေ ထပ်တွေ့ရဖွယ် ရှိပါတယ်။

လတိုင်း ကတ်အရေအတွက် သုံးသိန်းခွဲ ဖြန့်မယ်လို့ ဆက်သွယ်ရေး ဒုဝန်ကြီး ဦးဝင်းသန်းက ပြောဆိုကြောင်း မြန်မာ့အလင်းမှာ ရေးပါတယ်။

အရေအတွက်

၁,၅ဝဝ တန် ကတ်ထဲမှာ ဖုန်းပြောခ ကျပ် ၃ဝဝ ဖိုး ထည့်ထားပေးတဲ့အတွက် ၆ မိနစ် ခေါ်နိုင်မှာပါ။ ထပ်ခေါ်ဖို့ဆိုရင် ငွေဖြည့်ကတ် ၀ယ်ပြီး ငွေဖြည့်ရပါမယ်။

ကတ်ဝယ်ထားပြီး ခေါ်ဆိုမှု နည်းသူတွေ သတိထားရမယ့်အချက်တချို့လည်း ရှိပါတယ်။
အဲဒါကတော့ - ဖုန်းပြောခ ၅,ဝဝဝ ထည့်ရင် ၂ လ အတွင်း ကုန်အောင် သုံးရမယ် ဆိုတာပါပဲ။
၂ လ ပြည့်ရင် ငွေထပ်ထည့်ရမယ်၊ ထပ်မထည့်ရင် ဒီကတ်က အလုပ်မလုပ်တော့ပါဘူး တဲ့။

၁,၅ဝဝ တန်ဖုန်းကတ် အချက်အလက်တချို့

  • ခေါ်ဆိုခ တမိနစ် - ကျပ် ၅ဝ
  • အင်တာနက်သုံးခ တမိနစ် - ၄ ကျပ်
  • အင်တာနက်သုံးခွင့် မှတ်ပုံတင်ကြေး - ကျပ် ၁ဝ,ဝဝဝ

ဒီကတ်ကနေ အင်တာနက် သုံးမယ် ဆိုရင်  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးတွေမှာ လျှောက်လွှာတင်ရမယ်၊ လျှောက်တဲ့အခါ မှတ်ပုံတင်ကြေး  ကျပ် ၁ဝ,ဝဝဝ သွင်းရပါမယ် တဲ့။

မိုဘိုင်းဖုန်း ခေါ်ဆိုမှု အခြေအနေ


မြန်မာ့အလင်းသတင်းစာနဲ့ ဆက်သွယ်ရေးဒုဝန်ကြီးရဲ့ အင်တာဗျူးထဲမှာ လက်ရှိသုံးနေတဲ့ ဖုန်းလိုင်းတွေ အားနည်းချက်ရှိကြောင်း ဆိုတဲ့အချက်လည်း ပါပါတယ်။
"ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ အချို့ မြို့ကြီးတွေမှာ လိုင်းတွေ ကြပ်ပြီး ခေါ်ဆိုရခက်ခဲနေ"တယ် လို့ ဒုဝန်ကြီးက ဆိုကြောင်း ဒီနေ့ မြန်မာ့အလင်းမှာ ရေးပါတယ်။ လိုင်းတွေ တိုးချဲ့ရပါမယ် တဲ့။

အခု ပေါ်လာတဲ့ ၁,၅ဝဝ တန်များအတွက်လည်း တယ်လီဖုန်းမျှော်စင်တိုင် သုံးရာ နီးပါး ရှိနေပါပြီ တဲ့။
တိုင်ရှိတဲ့ဒေသဟာ ဆက်သွယ်ရေးဧရိယာ ဖြစ်လာပါလိမ့်မယ်။ တိုင်နဲ့ဝေးသွားရင်တော့ ဆက်သွယ်ရေးဧရိယာအပြင်ဘက်ရောက်နေတယ် ဆိုတဲ့သဘောပါပဲ။

ပြင်ပပေါက်ဈေး
၁,၅ဝဝ တန် ၀ယ်ခွင့်ရသူတွေထဲမှာ တချို့က ပြန်ရောင်းကြပါတယ်။
ပြင်ပပေါက်ဈေးက မူရင်းဈေးထက် ဆယ်ဆ ဖြစ်သွားပါပြီ။
အမြတ်များပေမယ့် စီးပွားဖြစ်လုပ်ငန်းတော့ မဟုတ်ပါ။ မဲပေါက်သူက ဖုန်းကတ် တကတ်ပဲ ၀ယ်ခွင့်ရတဲ့အတွက် ဖြစ်ပါတယ်။

၅,ဝဝဝ တန် ဖုန်းကတ်
လုပ်ပိုင်ခွင့်တွေရမယ်ဆိုရင် ဖုန်းကတ်တခုကို ကျပ် ၅,ဝဝဝ နဲ့ ရောင်းနိုင်တယ် ဆိုတဲ့သဘော ကုမ္မဏီတခုရဲ့ ပြောဆိုချက်ကို ကြားကြရပြီး ဖြစ်မှာပါ။

အခုတော့ ဖုန်းကတ်တခုကို ကျပ်ထောင်ဂဏန်း (ပြင်ပပေါက်ဈေး သောင်းဂဏန်း) တကယ်ဖြစ်လာပါပြီ။

ဖုန်းကတ်တခုကို ကျပ်သိန်းပေါင်းများစွာပေးခဲ့ရတာဟာ ဗိုလ်ချုပ်ကြီးများ ကိုယ်ကျိုးရှာ အုပ်ချုပ်စီမံခဲ့လို့ပါပဲ။
သူတို့ရဲ့ အရှုပ်တွေကြောင့် ဒီနေ့ခေတ် အပြောင်းအလဲ ဖော်ဆောင်ရာမှာ ကျပ်ထောင်ဂဏန်းတန် ဖုန်းကတ်တွေ ဖောဖောသီသီ ချပေးရ ခက်ခဲနေဟန် တူပါတယ်။

အခက်အခဲတွေ မရှိဘူး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် တကယ်ပေးပြီ ဆိုရင်တော့ တချို့နိုင်ငံတွေမှာ ဖုန်းကတ် အလကား ပေးတဲ့ မြင်ကွင်းတွေ မြန်မာပြည်မှာလည်း တွေ့လာတော့မှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ပိုင်ခွင့်မျိုးကို လာမယ့် ရွေးကောက်ပွဲမတိုင်ခင် တွေ့လာရမယ်လို့ ယူဆပါတယ်။

 
စာနယ်ဇင်းတွေက ဘာပြောကြသလဲ
ဖုန်းဈေး ဒလိမ့်ခေါက်ကွေး ပြုတ်ကျတဲ့အတွက် ပြည်သူတွေက နှစ်ထောင်းအားရစွာ ကြိုဆိုခဲ့ကြောင်း NLD ပါတီရဲ့ တနင်္လာနေ့ထုတ် ဒီလှိုင်းဂျာနယ်အယ်ဒီတာ့အာဘော်မှာ ရေးထားပါတယ်။

"ကျပ်ငွေ သိန်းဆယ်ပေါင်းများစွာ ဈေးနှုန်းမှ ကျပ်ငွေ ထောင်ဂဏန်း ဈေးနှုန်းသို့ လျှော့ချနိုင်ခြင်း၏ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းသည် အဘယ်နည်း။ ဖြစ်စဉ်ဖြစ်ရပ်မှန်ကို ဖော်ထုတ်ရန် အစိုးရတွင် တာဝန်ရှိသည်" လို့လည်း ရေးပါတယ်။

တန်ဖိုးနည်း ဖုံးအဖြစ် ၁၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာက တကယ်တန်းတော့ ဆက်သွယ်ရေးရဲ့ Service မဟုတ်ဘဲ တပ်မတော်ပိုင် MECTEL ရဲ့ Service သာ ဖြစ်ပါတယ် လို့ TechSpace နည်းပညာဂျာနယ် အယ်ဒီတာ့အာဘော်က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး ကမောက်ကမ ဖြစ်နေမှုဟာ နားလည်ဖို့ ခက်တယ်၊ "ဆေးမှီးတိုများနဲ့သာ ဖြေရှင်းနေရသေးတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်" လို့ TechSpace နည်းပညာဂျာနယ်က ရေးပါတယ်။

2 comments :

  1. Anonymous said... :

    ကျပ်ငွေ သိန်းဆယ်ပေါင်းများစွာ ဈေးနှုန်းမှ ကျပ်ငွေ ထောင်ဂဏန်း ဈေးနှုန်းသို့ မလျော့ချနိုင်ပဲ လျော့ချသယောင် ပြည်သူကို ညာတာပါ၊ တကယ်သာလျော့ချနိုင် ၇င် ဘာလို့ မဲနိုက်နေရမှာလဲ။ ခုလဲ တစ်နိုင်ငံလုံးမှ တိုင်ပေါင်း ၂၈၀ ထဲရှိတဲ့ MEC စစ်တပ်ရဲ့ ဖုန်းတွေကို ပြည်သူကို နားလှည့် ပါးလှည့်နှင့် ရိုက်ေ၇ာင်းတာပါ။

  1. Anonymous said... :

    ပြည်သူ၇၅%လောက်က....အကြားအမြင်ဗဟုသုတနဲနေတော့...နားလည့်ပါးရိုက်ရုံမကဘူး..နား၇င်းကိုတောင်...ရိုက်လို့၇သေးတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved