ရေလုပ်သား၊ လယ်သမားတို့ရဲ့ ပန်းတနော်ညီလာခံ

Wednesday, April 24, 2013



ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှာ တောင်သူလယ်သမားနဲ့ ရေလုပ်သား ဖွံ့ဖြိုးတိုးတက်ရေး သမဂ္ဂ ညီလာခံကို အင်္ဂါနေ့က ကျင်းပခဲ့ပါတယ်။

ဒီညီလာခံကို ဧရာဝတီတိုင်းထဲက မြို့နယ် ၁၈ ခုက လယ်သမားနဲ့ ရေလုပ်သားကိုယ်စားလှယ် ၄,၀၀၀ ကျော် တက်ရောက်တာ တွေ့ရပါတယ်။

ရန်ကုန်က အထင်ကရတချို့လည်း လာရောက်အားပေးတာ တွေ့ရပါတယ်။
အဲဒီထဲမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး၊ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်က ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့  ပါဝင်ပါတယ်။

သမ္မတကြီး ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းတို့က ဒီမိုကရေစီဖော်ဆောင်နေတယ်လို့ ပြည်ထောင်စုအစိုးရအဆင့်မှာ ပြောဆိုနေပေမယ့် အောက်ခြေက နောက်ပြန်ဆွဲနေတဲ့ ၀န်ထမ်းတွေကြောင့် ဒီမိုကရေစီခရီးနှောင့်နှေးနေရတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက  ပြောဆိုသွားပါတယ်။

“အပေါ်ကချပေးတဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲတဲ့ မူဝါဒတွေကို အရည်အသွေးမပြည့်မီတဲ့ အောက်ခြေကတာဝန်ရှိပုဂ္ဂိုလ်တွေရှိနေသမျှ ကာလပတ်လုံး နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုအစိုးရရဲ့ကြိုးပမ်းချက်တွေဟာ နှောင့်နှေးနေဦးမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့အချိန်မှာ အောက်ခြေမှာ နောက်ပြန်ဆွဲနေတဲ့ဝန်ထမ်းတွေ ရှိနေခဲ့လို့ရှိရင် နိုင်ငံတော်သမ္မတကြီးအနေနဲ့ အဲဒီလူတွေကို နောက်ချန်ထားခဲ့ဖို့ တောင်းဆိုပါ”လို့ ပြောဆိုသွားပါတယ်။

ဒါ့အပြင် လယ်သမားတွေရဲ့ အခွင့်အရေးအတွက် လုပ်ဆောက်မယ့် လယ်သမားသမဂ္ဂတွေကို အုပ်ချုပ်သူအစိုးရအာဏာပိုင်တွေအနေနဲ့ ရန်သူလို့ မမြင်ဘဲ ပြဿနာတွေကို အတူပူးပေါင်းဖြေရှင်းမယ့် ပြဿနာဖြေရှင်းဘက်အဖြစ် ရှုမြင်ကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

ညီလာခံမှာ သက်ဆိုင်ရာမြို့နယ်တွေက လယ်သမားကိုယ်စားလှယ်တွေက သူတို့လယ်မြေတွေ မတရားအသိမ်းခံခဲ့ရပုံတွေကို ရှင်းပြပါတယ်။ ဒီမြေတွေ ပြန်လည်ရယူကာ ထွန်ယက်စိုက်ပျိုးစားသောက်လိုကြောင်း အသီးသီး တင်ပြကြပါတယ်။

အဲဒီနောက်မှာတော့ ဧရာဝတီတတိုင်းလုံးမှာ အကြောင်းအမျိုးမျိုးနဲ့ သိမ်းဆည်းခံထားရတဲ့လယ်မြေတွေကို
မိုးစပါးစိုက်ချိန်အမီ လယ်သမားတွေလက်ထဲ ပြန်လည်ရောက်ရှိအောင် အစိုးရအနေနဲ့ လုပ်ဆောင်ပေးရေးအပါအ၀င်
အချက် (၁၁) ချက်ကို ညီလာခံကနေတဆင့် တောင်သူလယ်သမားနဲ့ ရေလုပ်သားဖွံ့ဖြိုးတိုးတက်ရေးသမဂ္ဂက ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

ညီလာခံကို လူရွှင်တော် ဗေလုဝ၊ မေတ္တာတို့နဲ့ မောင်မောင်ဆိုလေ ထီးရိုးရှည် သံချပ်အဖွဲ့တို့က ရန်ကုန်ကနေ လာရောက်ဖျော်ဖြေခဲ့ကြပါတယ်။

ဆလိုင်း သန့်စင်





 


 ဧရာဝတီ Facebook / ဧရာဝတီ Twitter
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved