ဘော့စ်တွန်ဗုံးကိစ္စ သံသယဖြစ်သူ၂ ဦးရဲ့ ဓာတ်ပုံ FBI ထုတ်ပြန်

Friday, April 19, 2013

အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ ဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်လို့ သံသယရှိ သူ ၂ ဦးရဲ့ ဓာတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေး ဗျူရို FBI က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

 သံသယဖြစ်သူ ၂ ဦးရဲ့ ဓာတ်ပုံများ၊ ဓာတ်ပုံ- FBI အင်တာနက်စာမျက်နှာ

တဦးက ဦးထုပ် အမည်းရောင် ဆောင်းထားပြီး နောက်တဦးက ဦးထုပ်အဖြူရောင်ဆောင်းထားပါတယ်။ 



ဦးထုပ်အဖြူ ဆောင်းထားသူဟာ သူ့ကျောပိုးအိတ်ကို ဗုံးကွဲတဲ့ နေရာနားမှာ ချထားခဲ့ဖွယ်ရှိတယ်လို့ FBI ရဲ့အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ အခု ဓာတ်ပုံ ထုတ်ပြန်ထားတဲ့ သံသယရှိသူ ၂ ဦးဟာ အန္တရာယ် အလွန်များသူအဖြစ် ထုတ်ပြန်သတိပေးထားပြီး သူ တို့နဲ့ပတ်သက်ပြီးလည်း သတင်းပေးကြ ဖို့ ဆော်သြထားပါတယ်။ 

ဘော့စ်တွန် ဗုံးကွဲမှုမှာ ဖိအားအသုံးပြု ဟင်းပေါင်းအိုးကို အသုံးပြုထားတယ်လို့ အစောပိုင်း သတင်း ထုတ်ပြန်ချက်တွေ မှာ မှတ်ချက်ပြုထားပါတယ်။ 

ဒီအပြင် ဗုံးအဖြစ်အသုံးပြုထားတဲ့ ပေါင်းအိုးကို ကျောပိုးအိတ်မှာ ထည့်ကာ အသုံးပြုခဲ့တယ်လို့လည်း ဆိုထားခဲ့တာပါ။ 

အခု FBI က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေကိုလည်း တဆက်တည်း ထုတ်ပြန်ထားပါ တယ်။ 

ဘော့စ်တွန်ဗုံးကြောင့် ကလေးငယ်တဦး၊ အမေရိကန် အမျိုးသမီးတဦးနဲ့ တရုတ်ကျောင်းသူ တဦး တို့ သေဆုံးခဲ့ပြီး လူပေါင်း ၁၇၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြတာပါ။ 

မနေ့ကတော့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသွားကြသူတွေအတွက် ဘော့စ်တွန်ရှိ ဘုရား ရှိခိုးကျောင်းတခုမှာ လုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကိုတော့ အမေရိကန် သမ္မတ မစ္စတာ ဘားရက်အိုဘားမား တက်ရောက်ခဲ့ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved