သမ္မတဦးသိန်းစိန် နှင့် သက်တမ်းရင့် ပြဿနာများ

Tuesday, May 7, 2013

နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် ပြသာနာအားလုံးကို မိမိအစိုးရလက်ထက်တွင် အပြီးတိုင် ဆောင်ရွက်သွားနိုင်မည် မဟုတ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပါတီ ၁၈ ခုနှင့် တနင်္လာနေ့တွင် တွေ့ဆုံစဉ် ပြောလိုက်သည်။


 နေပြည်တော်ရှိ တောင်သူပညာပေး ဧက ၅၀၀ စက်မှုလယ်ယာစံပြ စိုက်ခင်းတွင် တွေ့ရသော သမ္မတနှင့် ပါတီ ၁၈ ခုမှ ခေါင်းဆောင်များ( ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက်)

သမ္မတအနေဖြင့် ဖြေရှင်းနိုင်သလောက်သာဖြေရှင်းသွားပြီး နောင်လာမည့် အစိုးရလက်ထက် တွင် လွယ်ကူစွာဖြေရှင်းနိုင်ရန် အခြေခံအုတ်မြစ်များတည်ထောင်ထားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ 

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက “သမ္မတက အားလုံးကို ဖြေရှင်းပေးဖို့ကြိုးစားမယ်။ စစ်ပွဲတွေ အမြန်ငြိမ်းအောင်လုပ်ပေးမယ်လို့ပြောတယ်။ သမ္မတ အနေနဲ့လည်း နှစ်ပေါင်းများစွာကို အခု တပြိုင်နက် လုပ်ဆောင်ဖို့ခက်ခဲနိုင်ပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။ 
ငြိမ်းချမ်းရေး အတွက် လက်မှတ်ရေးထိုးထားပြီး စစ်ပွဲများ ထပ်မံဖြစ်ပွားနေမည် ဆိုပါက အစိုးရအနေဖြင့် သိက္ခာကျနိုင်ကြောင်း၊ တိုင်းရင်းသားများ၏ယုံကြည်မှုကိုလည်း ရမည်မဟုတ်ကြောင်း ၊နိုင်ငံရေး စကားဝိုင်းတွင် ဖြေရှင်းလိုကြောင်း၊ တပ်မတော်ကလည်း သမ္မတအမိန့်ကို မနာခံဘဲ ကာကွယ်ရေး အမိန့်ကိုသာ နာခံမည်ဆိုသည့် သဘောမျိုး မရှိသင့်ကြောင်း ဦးခွန်ထွန်းဦးက ပြောသည်။ 

ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီ ဥက္ကဌဒေါက်တာ ဦးအေးမောင်က“ကျနော်တို့ပါတီအနေနဲ့ကတော့ ရခိုင်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးဖို့ တိုက်တွန်းပါတယ်။ ပြီးတော့ ရခိုင်မှာ ယာယီသက်သေခံကဒ်ပြားတွေ စိစစ်ပေးဖို့ နိုင်ငံသား ဥပဒေကိုပြည့် ပြည့်၀၀ အကောင်အထည် ကိုင်တွယ်ပေးဖို့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဖို့လိုတယ်။ ရခိုင်ပဋိပက္ခ စုံစမ်းရေး 
ကော်မရှင်ရဲ့ အစီရင်ခံစာကို နိုင်ငံတော်သတင်းမီဒီယာတွေမှာ ကြေညာမယ်” ဟု  ဧရာဝတီသို့ပြောသည်။ 

သမ္မတဦးသိန်းစိန်က နိုင်ငံရေးပါတီများကို တွေ့ဆုံသည်အခါ အောက်ခြေတွင် ဖြစ်ပျက်နေသည့် ကိစ္စရပ်များ၊  ပြည်သူတို့၏လိုအပ်ချက်များကိုလည်း ကောင်းကောင်းသိနိုင်ကြောင်း၊ နှစ်ပေါင်း ၆၀ ကျော်ကြာသည့် ပြည်တွင်းစစ်ပွဲငြိမ်းအောင်လုပ်ဆောင်ဖို့ အခက်အခဲများစွာ ရှိနိုင်ကြောင်းလည်း ၀န်ခံခဲ့သည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ကြရန် သမ္မတက  နိုင်ငံရေးပါတီများကို ဖိတ်ခေါ်ထားကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။ 

ချင်းအမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးငယ်ပီးထီယံအုပ်ထန်းက“ ကျနော်တို့ ပါတီအနေနဲ့ကတော့ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ နယ်မြေ ပဋိပက္ခ နဲ့ ချင်းဒေသရှိ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်အောင် ပြန်လုပ်ဖို့ ပြောထားပါတယ်။ သမ္မတနဲ့ ကျနော်တို့ပါတီသဘောထားကတော့ ကွဲလွဲတာမရှိပါဘူး။ ပြီးတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ပြန်လည် တည်ဆောက် နေတဲ့အချိန်မှာ တိုင်းရင်းသားတွေ နိုင်ငံရေး ပါတီ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ပြောပါတယ်” ဟု  ဧရာဝတီသို့ပြောသည်။ 

 တွေ့ဆုံပွဲတွင် တက်ရောက်သည့် ပါတီများ

ကရင်ပြည်သူ့ပါတီ
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်

ချင်းအမျိုးသားပါတီ
ချင်းတိုးတက်ရေးပါတီ

အမျိုးသားဒီမိုကရေစီအင်အားစု
ဒီမိုကရက်တစ်ပါ တီ(မြန်မာ)

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
မြန်မာအမျိုးသား ကွန်ဂရက် ပါတီ

ခေတ်သစ်ပြည်သူ့ပါတီ
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ

အမျိုးသား ဒီမိုကရေစီပါတီသစ်
ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ
မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ


အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့်က “ ဒီလိုတွေ့ဆုံမှုကတော့ အုပ်ချုပ်ရေးနှင့်ပြည်သူ လူထု လိုအပ်ချက်ကို ပေါင်းကူးပေးတဲ့သဘော သက်ရောက်တယ်။ ငြိမ်းချမ်းရေးကိစ္စကို ပါတီတိုင်းက ပြောနေတော့ ကျနော်ကတော့ အောက်က ပြည်သူတွေ ဘာအကျိုးမှခံစားနေရတာတွေကိုပဲ တင်ပြပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ 

တက်ရောက်လာသည့် နိုင်ငံရေးပါတီများသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေး၊အုပ်ချုပ်ရေး ကဏ္ဍပြုပြင်ပြောင်းလဲရေး၊ လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေး စသည်တို့ကို သမ္မတထံ တင်ပြဆွေးနွေးကြကြောင်း သိရသည်။ 


နန်းဆိုင်နွမ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved