ရခိုင်မုန့်တီ၊ မုန့်တီသုပ်

Sunday, May 26, 2013


ခုတလော ဗမာဟင်းတွေချည်းပဲ တင်ဖြစ်နေတယ်။ :D ချက်ဖြစ်တာလေးတွေကို ဓာတ်ပုံရိုက်ရင်းသဘောကျတာနဲ့ တင်ဖြစ်နေတာ။
စာဖတ်တဲ့သူတွေလဲ မျက်လုံးနဲ့စားလို့ကောင်းတာပေါ့နော။



ရခိုင်မုန့်တီဆိုတာ ကျွန်မတို့ ငယ်ငယ်တည်းက နှစ်သက်ခဲ့တဲ့ဟင်း၊ နှစ်သက်ဆို မွေးပြီး သိပ်မကြာခင်မှာပဲ မိဘတွေအစိုးရအလုပ်နဲ့ပြောင်းလို့ ရခိုင်မှာပဲကြီးခဲ့တာကိုး။

ရခိုင်ပြည်နယ် ကျွန်းကြီးကြီးတစ်ကျွန်းက မြို့လေးတမြို့မှာ နေခဲ့ရတာ အသက်၁ဝ နှစ်လောက်အထိပဲ။
ကလေးဘဝတုန်းက သိပ်ပျော်ခဲ့တဲ့နေရာပေါ့။ အဲဒီတုန်းကဆို ဗမာစကားတောင် သိပ်မပီဘူး။
အဲလို ကလေးဘဝကြီးပြင်းခဲ့တဲ့ နေရာဆိုတော့လည်း အဲဒီက အစားအသောက်တွေကို ခင်တွယ်တာဟာ သိပ်တော့မဆန်းပါဘူးနော်။

ပြောသာပြောတာ ရခိုင်ဟင်းတွေက ချဉ်ချဉ်စပ်စပ် ဆီမပါ၊ မန်ကျီးသီးစိမ်းသုံးပြီး အတော်စားကောင်းတာ။
 ရခိုင်မုန့်တီစားပြီးရင် ဗမာမုန့်ဟင်းခါးလို အရည်မတောင်းဘဲ မုန့်တီဖတ်နည်းနည်းနဲ့ ဆားနဲ့ စားကြာတာတော့ မှတ်မှတ်ရရပါပဲ။
ခုလည်း ရခိုင်အလွမ်းပြေ ရခိုင်မုန့်တီကို ပြန်ချက်လိုက်ပါတယ်။

ဒီမှာတော့ မန်ကျီးသီးအစိမ်းမရှိလို့ အမှည့်နဲ့ပဲ ချက်လိုက်တယ်။ တကယ့်ရခိုင်အစစ်ချက်သလိုတော့ ဟုတ်ချင်မှဟုတ်မှာနော်။
အမေချက်တာကိုမှတ်သားထားသလောက် ပြန်ချက်တာ။

ဟင်းရည်အတွက်

  1.     ငါးကြင်း ၄ဝဝ ဂရမ် (ဆနွင်းနဲနဲနဲ့နယ်ထားပေးပါ)
  2.     ငါးပိ စားပွဲဇွန်း ၁ ဇွန်းခွဲ
  3.     ပဒဲကော တစ်ခု (ပုံမှာပြထားပါတယ်)
  4.     ငရုပ်ကောင်း စားပွဲဇွန်း ၃ ဇွန်း  (အာပူရွက်မရှိလို့ မထည့်ရဘူး။ အင်္ဂလိပ်လို သိရင်ပြောပေးခဲ့ကြပါဦးနော်)
  5.     ကြက်သွန်ဖြူ ၅ မွှာ


  1. -     ကြက်သွန်ဖြူကလွဲလို့ အပေါ်ကဟာတွေအားလုံးကို ရောမွှေပြီး ငါးမြုပ်ရုံရေထည့်ပြီး ဆူအောင်တည်ပါတယ်။
  2. -    ၁၅ မိနစ်လောက်နေရင် ငါးတွေကို ဆယ်ပြီး အအေးခံပါ
  3. -    ငါးလေးပုံ တစ်ပုံလောက်ကို ခြေပြီး အရိုးဖယ်ကာ ဟင်းရည်အိုးထဲ ပြန်ထည့်ပေးပါ။
  4. - ကြက်သွန်ဖြူကိုလည်း ဓါးပြားရိုက်ပြီး ထည့်ပေးပါ
  5. - ရေကိုလည်း အိုးအပြည့် (၃ လီတာလောက်ရှိမယ်ထင်တယ်)တည်ပြီး မီးနဲနဲနဲ့ ဆူအောင်တည်ပါ။
  6. -    အပေါ့အငံကတော့ လိုသလိုမြည်းထည့်ပေါ့။
    ဒါဆိုရင် ဟင်းရည် အဆင်သင့်ဖြစ်ပါပြီ

ဟင်းရည်ချက်နေတုန်းမှာ တခြားထည့်ရမယ့်အဆာပလာတွေကို ပြင်ပါမယ်

  1. -    ခုနကပြုတ်ထားပြီးသားငါးတွေကို အရိုးထွင်ပြီး ဆီနည်းနည်းမှာ ဆနွင်းထည့်ပြီး လှော်ပေးပါ။
  2. -    ငရုပ်သီး၁၅ တောင့် လောက်ကို အိုးပူတိုက်ပြီး ညက်ညက်ထောင်းကာ ရေနွေးနဲနဲနဲ့ ရောပေးပါ။ (ရခိုင်ဟင်းတွေက ငရုပ်သီးစိမ်းနဲ့ စပ်တာများပါတယ်)
  3. -    မန်ကျီးသီးမှည့်ကိုလည်း ခပ်ပျစ်ပျစ်လေး ဖျော်ထားပေးပါ။
  4. -    နောက် .. ကြက်သွန်ဖြူဆီချက်ကိုလည်း ပြင်ထားပေးပါ။



 ပွဲပြင်ဖို့အတွက်တော့ မုန့်ဖတ်နဲ့ အဆာပလာတွေထည့်၊ ဟင်းရည်ထည့် ၊ ပဲကြော်ထည့်ရင် ရပါပြီ။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ ပဲကြော်မရှိရင် မြေပဲလှော်လေးတွေ ထည့်ပေးတတ်တယ်။ အဲဒါလည်း ကောင်းတာပဲ။

အိမ်က အိမ်သားတွေကတော့ ရခိုင်မုန့်တီအရည်သောက်ကို သိပ်မကြိုက်လို့ မုန့်တီသုပ်လုပ်ပေးရတယ်။
မုန့်တီသုပ်အတွက် မုန့်တီနဲ့ အဆာပလာတွေအားလုံး ထည့်၊ အချိုမှုန့်၊ ငံပြာရည်ထည့်၊ ပဲမှုန်ထည့်ပြီး ရောနယ်လိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့ စပ်နေတဲ့ မုန့်တီသုပ်ရပြီ။
ဟင်းခါးလေးနဲ့ဆို ကောင်းမှကောင်းပဲ။

ဒီတစ်ပတ်တော့ ရိုးရာအစားအစာတွေနဲ့ တော်တော်ကို စားလို့မြိန်ခဲ့ပါတယ်။



.
Eve ရဲ့ ဘလော့မှာ ဖော်ပြထားတဲ့ ချက်နည်းပြုတ်နည်းတခုပါ။
လင့်က http://www.evyfoodlover.com/2012/12/blog-post_3.html
သူ့ရဲ့ ချက်နည်းပြုတ်နည်းတွေကို ၂၀၁၂ စက်တင်ဘာလကစပြီး ဧရာဝတီဘလော့မှာ အခါအားလျော်စွာ ဖော်ပြခွင့် ရထားပါတယ်။

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved