ဦးဝင်းတင် နဲ့ အင်္ကျီပြာ

Friday, May 17, 2013



  မနေ့က ရန်ကင်းမှာနေတဲ့ ဦးဝင်းတင်ကို သွားတွေ့တယ်။ ဒီလှိုင်းဂျာနယ်အယ်ဒီတာတယောက်က လိုက်ပို့ပေးတဲ့အတွက် သွားရောက် တွေ့ဆုံနိုင်ခဲ့တာပါ။

ဦးဝင်းတင်ရဲ့ ဧည့်ခန်းကျဉ်းလေးထဲချိတ်ထားတဲ့ ပန်းချီကားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ။
ပန်းချီကားမှာ လက်မှတ် ထိုးမထားဘူး၊ ဘယ်သူ့လက်ရာလဲ လို့ မေးမိတယ်။ ခင်မောင်ရင်ရဲ့ လက်ရာတဲ့။
ထပ်မေးဖြစ်တဲ့ မေးခွန်းက လက်ရှိအခြေအနေတွေ သိဖို့ ရေဒီယိုနားထောင်သလား၊ ဂျာနယ်/သတင်းစာ ဖတ်သလားဆိုတာပါပဲ။ မနက် ငါးခွဲကတည်းက ရေဒီယို နားထောင်တယ်လို့ ဦးဝင်းတင်က ဆိုတယ်။ ပြီးတော့ သူ့အချိန်ဇယား အကြမ်း ပြောပြတယ်။

တွေ့ဖူး ဆုံဖူးရုံသက်သက် သွားတာ ဆိုတော့ သူပြောတာ နားထောင်ပြီး၊ နုတ်ဆက်ပြီး ပြန်ခဲ့တယ်။

မိတ်ဆွေတယောက်ရဲ့အိမ်မှာ ရောက်နေတဲ့ ဦးဝင်းတင်ဘေးမှာ ကူညီပေးတဲ့သူ၊ အဖော်အဖြစ်နေပေးတဲ့သူ အချိန်ပြည့် ရှိပုံ မရဘူး။ ဧည့်သည်တွေကတော့ အချိန်ပြည့်မဟုတ်တောင် မကြာခဏ ရောက်လာကြပုံပဲ။

နေ့ခင်းနေ့လယ် တရေးတမော အနားယူချိန်လိုမျိုးတောင် ဧည့်သည် မပြတ်တာ တွေ့ရတယ်။
သူပြောတဲ့စကားတွေအရ ဒေါ်အောင်ဆန်းစုကြည်စီစဉ်ပေးတဲ့ ဆရာဝန်နဲ့ အခါအားလျော်စွာ တွေ့တယ်၊ ကျန်းမာရေး စစ်ဆေးတယ် ဆိုတာမျိုး နားလည်မိလိုက်တယ်။
ဦးဝင်းတင်က ဓာတ်ပုံ/ရုပ်သံတွေထဲမှာ တွေ့ရသလိုပါပဲ ... အင်္ကျီ အပြာရောင် ၀တ်ထားတယ်။
အင်္ကျီ အပြာရောင်က အင်းစိန်ထောင်က ထွက်လာကတည်းက ဝတ်တာပဲ။
သူ့ကို ဗိုလ်ချုပ်ကြီးတွေက  ညစ်နည်းမျိုးစုံ ပုဒ်မမျိုးစုံသုံးပြီး အင်းစိန်ထောင်မှာ ပိတ်လှောင်ထားခဲ့တာပါ။ လွှတ်ချိန်တန်လည်း လွှတ်မပေး၊ လွှတ်ရက်ကျော်လည်း လွှတ်မပေး။

၂ဝဝ၈ နှစ်ကုန်ပိုင်းမှာ သူ လွတ်ပါတယ်။ သူတော်ကောင်းယောင်ဆောင် ဗိုလ်ချုပ်ကြီးတွေရဲ့လုပ်ရပ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ သူက ထောင်အင်္ကျီပြာကို မချွတ်ဘဲ ထောင်ထဲက ထွက်ပါတယ်။

အာဏာပိုင်တွေက သူဝတ်သွားတဲ့အင်္ကျီကို ပြန်ပေးဖို့/အင်္ကျီဖိုး ဒဏ်ငွေဆောင်ဖို့ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း တကြိမ်မက အကြောင်းကြားပေမယ့် သူက ပြန်ဖမ်းချင်ဖမ်း၊ မပေးဘူး လို့ပဲ တုံ့ပြန်ခဲ့သူပါ။

Burma VJ Media Network ရဲ့ ဒီကနေ့  သတင်းတပုဒ်မှာတော့ ဒီအင်္ကျီအကြောင်း တွေ့ရမှာပါ။

ဒီအင်္ကျီအတွက် "ဒဏ်ငွေ  ၂,၀၀၀ ပေးဆောင်ပါ သို့မဟုတ် ဒဏ်ကြေးကို အာဏာပိုင်တို့က ဆောင်ပေးမယ်၊  ဦးဝင်းတင်က ကြေအေးကြောင်း လက်မှတ်ထိုးပေးပါ  ဆိုပြီး အာဏာပိုင်တွေက ပြီးခဲ့တဲ့လမှာ လာပြောပါတယ် တဲ့။

ဒဏ်ကြေး မပေးနိုင်ဘူး ဆိုတဲ့ ဦးဝင်းတင်ရဲ့ တုံ့ပြန်ချက်က ဒီလိုပါ ...

"မှားပြီး လွှတ်တယ်ဆိုတာ ဝန်ခံ၊ ဒါမှ မဟုတ်ရင် မတရား ချုပ်နှောင်ထားတာကို ဝန်ခံ၊ ဘာပုဒ်မမှ မတပ်ဘဲနဲ့ ချုပ်ထားတာကို ဝန်ခံရမယ်"

ဒီတုံ့ပြန်ချက်ကို ကြည့်ရင် ဦးဝင်းတင်က အင်မတန် ခေါင်းမာတဲ့သူပဲ လို့ ဆိုကြလိမ့်မယ်။

မှန်ပါတယ်။ မာပါတယ်။ ဒီလို ခေါင်းမာမှ အမှန်တရားကို ကာကွယ်ရာ ရောက်လိမ့်မယ်။

အာဏာပိုင်တွေက ဒီအင်္ကျီအကြောင်းအရာကို ဘာကြောင့် ပြန်ပြန်ဖော်ထုတ်နေရတာလဲ။  အင်္ကျီပြန်တောင်းတာ၊ ဒဏ်ကြေးငွေတောင်းတာတွေဟာ စာနယ်ဇင်းမှာ ချက်ချင်း ရေးသားထုတ်လွှင့်ကြမယ်ဆိုတာ သူတို့လည်း သိမှာပါ။

သတင်းတွေ ရေးသားထုတ်လွှင့်ကြတဲ့အခါ ဗိုလ်ချုပ်ကြီးတွေ မတရားလုပ်ခဲ့ပုံက အနည်းနဲ့အများတော့ ပေါ်လွင်နေမှာပဲ။  ဒီလိုမျိုး သတင်းထဲ ပါစေချင်လို့ ပြည်ထဲရေးဌာန အရာရှိတချို့က
ဒီအင်္ကျီအကြောင်းအရာကို ပြန်ဆွနေကြတာလည်း ဖြစ်နိုင်တယ်လို့ တွေးမိပါတယ်။
 
  ဧရာဝတီ Facebook / ဧရာဝတီ Twitter
 



3 comments :

  1. Anonymous said... :

    ငါ့အဘ. က communist ပိံသပါပေတယ်

  1. sweet said... :

    ဦးခင်ညွှန့်ရဲ့ coffee corner ဖွင့်ပွဲမတက်ဘူးလား
    ဘဘဦးဝင်းတင်

  1. Anonymous said... :

    coffee corner မဟုတ်ဘူး..coffin corner ပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved