ချောင်းသာ၊ ငွေဆောင်ခရီးသွားလုပ်ငန်း နဲ့ မဟာဆန်မုန်တိုင်း

Monday, May 13, 2013


ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်း မဟာဆင် တိုက်ခတ်နေပေမယ့် ဧရာဝတီတိုင်းဒေသကြီး ပင်လယ်ကမ်းခြေတွေ ဖြစ်တဲ့ ချောင်းသာနဲ့ ငွေဆောင် တို့ကို ခရီးသည်တွေ ဆက်လက် ၀င်ရောက်နေတယ်လို့ သိရပါတယ်။


မုန်တိုင်းအဖျားခတ်နိုင်ဖွယ်ရှိတဲ့ကမ်းခြေဒေသထဲမှာ ငွေဆောင် နဲ့ ချောင်းသာလည်း ပါဝင်ကြောင်း သိရပါတယ်။
ချောင်းသာကမ်းခြေရှိ AMBO ဟိုတယ် မန်နေဂျာ ဦးအောင်သန်းက အခုလို ပြောပါတယ်။

 “ခရီးသွားတွေတော့ ပုံမှန်အတိုင်းပဲ ၀င်နေတာပဲဗျ။ မုန်တိုင်းရှိလို့ လျော့သွားတာမျိုး မရှိဘူး။ ကျနော်တို့ဟိုတယ်မှာဆိုရင် အခန်းအားလုံးရဲ့ တ၀က်ကျော်ကျော်လောက်က လူပြည့်နေတယ်။ ကျန်ဟိုတယ်တွေလည်း ဒီလိုပဲ။ ဘယ်ဟိုတယ်မှ ပိတ်တယ်ဆိုတာ မရှိဘူး” လို့ သူက ပြောပါတယ်။

ငွေဆောင်ကမ်းခြေမှာလည်း ထို့အတူပါပဲ။ ခရီးသည်တွေ ပုံမှန်ဝင်ရောက်နေသလို ဟိုတယ်အားလုံးလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

အရေးပေါ်အခြေအနေအတွက်လည်း ကြိုတင် စီစဉ်မှုတွေ ရှိနေတယ်လို့  ဦးအောင်သန်းက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

 “ကျနော်တို့ချောင်းသာမှာ တောင်ကုန်းပေါ်မှာဆောက်ထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ အဆောက်အအုံ ရှိပါတယ်။ အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် ခရီးသည်တွေကို အဲဒီအဆောက်အအုံဆီကို အမြန်ပို့ပေးဖို့ ဟိုတယ်တွေအားလုံး ကြိုတင်တိုင်ပင်ပြီး စီစဉ်ထားပါတယ်”လို့ သူက ပြောပါတယ်။

 အလားတူ ပုသိမ်ကနေ ငပုတော၊ သာပေါင်း၊ ဖျာပုံမြို့တွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ရေယာဉ်တွေအနေနဲ့လည်း ရပ်နားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပြေးဆွဲနေကြောင်း သိရပါတယ်။

မုန်တိုင်း မဟာဆင်ဟာ လာမယ့်မေလ ၁၆ (ကြာသပတေးနေ့) မှာ ရခိုင်ပြည်နယ် မောင်တောဒေသ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဒေသတို့ကို ၁ နာရီ မိုင် ၁၀၀ ကနေ
၁၁၀ နှုန်းလောက်နဲ့ ဖြတ်ကျော်မယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာ ထွန်းလွင်က ခန့်မှန်းထားတာပါ။

 မုန်တိုင်းတိုက်ခတ်နေချိန်မှာ ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်တယ်၊ ကမ်းစပ်မှာ မုန်တိုင်းဒီရေဟာ ၅ ပေကနေ ၇ ပေအထိ မြင့်တက်နိုင်တယ်လို့  ဒေါက်တာထွန်းလွင်က သူ့ရဲ့မိုးလေ၀သ၀က်ဆိုဒ်မှာ ရေးသားဖော်ပြထားပါတယ်။ 

မေလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အတွင်းကာလကတော့ ဆုံးရှုံးပျက်စီးမှုတွေ ကြုံတွေ့နိုင်ချေကာလဖြစ်တာကြောင့် ရခိုင်ပြည်နယ် စစ်တွေအထက် ဘူးသီးတောင်၊ မောင်တောဒေသမှာ နေထိုင်သူတွေ  အထူးသတိထားဖို့ ဒေါက်တာထွန်းလွင်က အကြံပေးထားပါတယ်။

ဆလိုင်း သန့်စင်



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved