သမ္မတ ဖြစ်လိုတယ်ပြောတဲ့ သူရ ဦးရွှေမန်းနဲ့ ၂၀၁၅ သမ္မတလောင်းများ

Monday, June 10, 2013

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းဟာ သမ္မတတဦးအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြား လိုက် ပါတယ်။ 




လွှတ်တော်ရေးရာတွေ လေ့လာဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

သူရ ဦးရွှေမန်းအနေနဲ့ သမ္မတ လုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာဟာ ပထမဆုံး ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကို ရည်ညွှန်းပြီး သမ္မတ တာဝန်ယူမယ်လို့ ပြောတဲ့သူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦး ရှိပြီဖြစ်ပါ တယ်။ 

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေုးဖိုရမ်မှာလည်း ထပ်လောင်း အတည်ပြု ပြောဆိုခဲ့ တာပါ။ 

ဒါပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အကန့်အသတ် တွေရှိနေပါတယ်။ 

တချိန်က ကျန်းမာရေးအရ အခု သက်တမ်းတခုကိုသာ သမ္မတ တာဝန်ထမ်းဆောင်မယ်လို့ ပြောဆိုထားတဲ့ ဦးသိန်းစိန် ဟာ မနှစ်က အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း မေးမြန်းခန်းတခုမှာတော့ လေသံ
ပြောင်း သွားပြီး ပြည်သူကသာ ဆက်လက် ထောက်ခံရင် သမ္မတ တာဝန်ကို ဆက်လက်ထမ်းရွက် လိုကြောင်း ပြောသွားခဲ့ပြန်ပါတယ်။ 

ဒီအပြင် သမ္မတ ဦးသိန်းစိန်က လွန်ခဲ့တဲ့နှစ်တုန်းက ဘီဘီစီ Hard Talks အစီအစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမ္မတ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပေမယ့် မကြာသေးခင်က ဦးသိန်းစိန်ရဲ့ ပြောဆိုမှုက ကွဲလွဲနေပြန်ပါတယ်။ 

ဒီကိစ္စအပါအ၀င် ဒီမိုကရေစီစံညွှန်းကောင်းတွေ ရှိစေဖို့ အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး စိုက်လိုက် မတ်တတ်ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စကိုတော့ သမ္မတ ဦးသိန်းစိန် က ပယ်ချလိုက်ပါတယ်။ 

သြစတြေလျးနိုင်ငံ အေဘီစီ ရုပ်မြင်သံကြားနဲ့ သီးသန့် မေးမြန်းခန်းမှာတော့ ဦးသိန်းစိန်က အခြေခံ ဥပဒေကို ပြည်သူ အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း ပြင်ဖို့ သဘောတူဖို့လိုတယ်၊ လွှတ်တော် ကလည်း အတည်ပြုဖို့လိုမယ်၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ သူ့အနေနဲ့ ၀င်ရောက် ပြောဆို ပိုင်ခွင့် မရှိဘူးလီု့ ပြောသွားတာပါ။ 

ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်လို့ရမယ်ဆိုတာပါ။ 

ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူညီမှု ရဖို့ လိုအပ်ပြီး အဲဒီသဘောတူညီမှုကိုလည်း လူထုဆန္ဒခံယူပွဲလုပ်ပြီး မဲပေးသူ ရာခိုင်နှုန်းကျော်က ထောက်ခံဖို့ လိုအပ်တာပါ။ 

 သေချာတာတော့ အခုဆိုရင် ၂၀၁၅ ခုနှစ်အတွက် သမ္မတလောင်း ၃ ဦးကတော့ အထင်အရှား ပေါ်ထွက် လာနေပါပြီ။ 

အဆိုပါ သမ္မတလောင်း ၃ ဦး ဘယ်သူ သမ္မတ ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ကြရုံ သာဖြစ် ပါတော့တယ်။ 


အိမ့်သံစဉ် ~

2 comments :

  1. Anonymous said... :

    နိုင် ငံတိုးတက်အောင် လုပ်မယ့်သူ အရည်အချင်းရှိတဲ့သူ နိုင် ငံတကာဘာသာစကားကျွမ်းကျင် သူဆိုရင်တော့ပိုကောင်းတာပေါ့

  1. Anonymous said... :

    လူထုကတော့ အမြဲတမ်းအနာခံသက်သက်ပါပဲ၊ မြေသိမ်းခံရ လယ်သိမ်းခံရ....... နာဂစ်အခြေခံဥပဒေကိုလည်း လူထုထောက်ခံမှုနဲ့ အတည်ပြုထားတာပါဆိုပြီး နာမည်အရောင်းစားခံရ.........
    အခြေခံဥပဒေပြင်နိုင်ဖို့ နောက်ဆုံးနည်းလမ်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကလိမ်ကကျစ် အတည်ပြုထားတာသာ ဖြစ်ပါတယ်ဆိုတာကို လူထုတရပ်လုံး ဆန္ဒထုတ်ဖေါ်ဖို့သာ ရှိပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved