အရာရှိတွေ၊ သူကြွယ်တွေရဲ့ နဝရတ်လက်စွပ်

Monday, June 3, 2013


နဝရတ်လက်စွပ်မှာ ရတနာ ၉ မျိုး ပါဝင်ပါတယ်။

ရတနာ ၉ မျိုးရဲ့ အစွမ်းကို မဏိသျှတ္တရကျမ်းမှာ အခုလို ဖွင့်ဆိုထားပါတယ် တဲ့။



ပတ္တမြားဘုန်းတောက်၊ မြကျောက်အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ မေတ္တာချုပ်ကဲ၊ ဂေါ်မိတ်ခွန်အား၊ ဥဿဖယား ကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ဂုဏ်ကိုးဝေသည်၊ ကိုးထွေန၀ရတ် စွမ်းရည်တည်း။

ဒီလက်စွပ် အစွမ်းထက်ရေးအတွက် ဗေဒ ဆရာကဝိတို့ရဲ့ အစီအရင်တွေ လိုအပ်တယ်လို့လည်း ဆိုကြပါတယ်။

ဘုရင်တွေခေတ်ကတော့ န၀ရတ်လက်စွပ်ကို ဘုရင်တွေ၊ တော်ဝင်မိသားစုဝင်တွေ၊ နန်းတွင်းအရာရှိတွေ ဝတ်ကြဆင်ကြတယ် လို့လည်း ဆိုကြပါတယ်။

ဒီနေ့ခေတ်က ဘုရင်အုပ်ချုပ်တဲ့ခေတ် မဟုတ်သော်ငြားလည်း တတ်နိုင်သူတွေက ဝယ်ဝတ်ကြတာ တွေ့ရမှာပါ။

န၀ရတ်လက်စွပ်စီရင်နည်းကို ဧရာဝတီဘလော့  http://blog.irrawaddy.org/2012/06/blog-post_5034.html မှာ ဖော်ပြခဲ့ပြီးပါပြီ။

Khusboo ဆိုတဲ့ အိန္ဒိယမင်းသမီး၊ ရုပ်မြင်သံကြား နိုင်ငံရေးကဏ္ဍတင်ဆက်သူကလည်း နဝရတ်ဆွဲသီးနဲ့ပါပဲ။ နဝရတ် ၉ ပါး တန်ခိုးကြောင့် အောင်မြင်မှု ရတာလည်း ဖြစ်နိုင်ပါတယ်။

ဒီ ဈေးကြီးတဲ့ ဂမ္ဘီရအလှအပဟာ ဘယ်ဒေသက အစပြုတဲ့ ဓလေ့လည်း မသိရပါ။
အွန်လိုင်းမှာ နည်းနည်းပါးပါး ကြည့်လိုက်တော့  န၀ရတ် ၉ မျိုးပါ ရတနာပစ္စည်း ဝတ်ဆင်တဲ့ ဓလေ့က တောင်အာရှဒေသမှာလည်း ထွန်းကားပါတယ် တဲ့။

အင်တာနက်မှာမြင်ရတဲ့ပုံတွေမှာတော့ နဝရတ်ကိုးသွယ်ကို လက်စွပ်အဖြစ်သာမက အဆောင်ပစ္စည်းသဘောမျိုး သုံးကြပုံပါပဲ။

နဝရတ်လက်စွပ်ကို မြန်မာပြည်မှာ စီရင်ကြသလို ရွှေနဲ့ မဟုတ်ဘဲ ငွေနဲ့ လုပ်ထားတာလည်း တွေ့ရမှာပါ။  ဘယ်သတ္ထုက ပိုမို အစွမ်းထက်တယ် ဆိုတာတော့ မသိရပါ။

နဝရတ်ကိုးပါးလက်စွပ်ကို အွန်လိုင်းမှာ ဈေးနှုန်း စုံစမ်းကြည့်တော့ ဒေါ်လာ ၉ဝဝ ဆိုတာ တကွင်း တွေ့ပါတယ်။ မြန်မာငွေ ဆယ်သိန်း မကျော်ဘူး ဆိုတော့ တန်ဘိုးနည်းလက်စွပ် သို့မဟုတ် အရည်အသွေးသိပ်မထက်တဲ့ လက်စွပ် ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်မှာတော့ ဒီလို ရတနာ/အဆောင်ပစ္စည်းတွေကို ဥစ္စာကြွယ်ဝသူတွေ၊ ၀င်ငွေကောင်းသူတွေ၊ ထိပ်တန်းအရာရှိကြီးတွေ ဝတ်ဆင်ကြမယ်လို့ ထင်ပါတယ်။

နဝရတ်ကိုးသွယ်အစွမ်းကို သူဌေးသူကြွယ်တွေ အရာရှိတွေ ပိုယုံကြည်ကြတယ်လို့ ပြောနိုင်သလို ဒီ

ရတနာ/အဆောင်ပစ္စည်းက သူတို့ရဲ့ အဆင်တန်ဆာတခုဖြစ်တယ်လို့လည်း ပြောနိုင်မယ် ထင်ပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved