ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတဲ့ Bobby Soxer

Tuesday, June 4, 2013


 ဂီတ လောကထဲ ၀င်ပြီး အဆိုတော် တစ်ယောက်ဖြစ်ဖို့ ကြိုးစားတဲ့ သူတွေထဲမှာ အချို့က အခက်အခဲ များစွာကို ကျော်ဖြတ်ကြရပါတယ်။

အချို့ကတော့ အခက်အခဲ မရှိဘဲ ပရိသတ်သိတဲ့ အဆိုရှင် တစ်ယောက်ဖြစ်ခဲ့ကြတာပါ။ ဒီနေ့ခေတ် ဆယ်ကျော်သက်ကလေးတွေ သဘောကျတဲ့၊ အထူးသဖြင့် ဟစ်ဟော့ ပရိသတ်တွေ နှစ်သက်တဲ့ Bobby Soxer ရဲ့ ဂီတ လမ်းကြောင်းပေါ် ဖြတ်သန်းမှုနဲ့၊ ဆယ်ကျော်သက် ဘ၀ ဖြတ်သန်းမှုတွေက အခြားသူတွေလို အခက်အခဲ များစွာ မရှိခဲ့ပါဘူး။ ဒီလို အခက်အခဲ မရှိတာကလည်း ငယ်စဉ် ကတည်းက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အ၀ ရှိခဲ့လို့ ဖြစ်ပါတယ်။

Confidence အပြည့်ရှိတဲ့ Bobby Soxer က အသက် ၁၀ နှစ်ကျော် ၁၁ နှစ်အရွယ်မှာ အရမ်းဆော့တဲ့ ကလေးတစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

“အရမ်းဆော့တဲ့ ကလေးထဲမှာ ထက်ထက်ပါတယ်။ အခု ပြန်စဉ်းစားကြည့် လိုက်ရင် ထက်ထက် ဖြတ်သန်း ခဲ့ရတဲ့ ကျောင်းသူဘ၀ပေါ့။ ဥပမာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူ ဘ၀ကို အရမ်း ကျေနပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထက်ထက် သူငယ်ချင်းတွေကို မေးကြည့်တယ်။ သူတို့မှာ ကျောင်းပိတ်ရင် တရုတ်စာ၊ အင်္ဂလိပ်စာတွေနဲ့ ဘာတွေမှန်းမသိဘူး။ သင်တန်းပေါင်းစုံနဲ့။ ထက်ထက်က ဘာမှမတက်ဘူး။ ကျူရှင်လည်း မတက်ဘူး။ ကျောင်းမှာ အပြီးလုပ်တယ်။ အိမ်ရောက်တာနဲ့ လွယ်အိတ်ချပြီး ဆော့တာ။ စဉ်းစားကြည့်ရင် တကယ့်ကို ပျော်ဖို့ကောင်းတဲ့ ကျောင်းသူဘ၀ကို ရခဲ့တာ”လို့ Bobby Soxer  က ၁၁ နှစ်အရွယ်က အမှတ်တရ အကြောင်း ပြောပြပါတယ်။

BOBBY SOXERက ၁၀ တန်းကျောင်းသူ ဘ၀မှာမှ Guide ထားပြီး သင်ဖြစ်ပေမယ့် ၇ တန်း၊ ၈ တန်း၊ ၉ တန်းမှာတော့ ကျူရှင်လည်း မတက်ဖြစ်ပါဘူး။ ၇ တန်း၊ ၈ တန်း၊ ကျောင်းသူဘ၀မှာ Bobby Soxer  က ရွက်လှေ အားကစားကို ထဲထဲဝင်ဝင် လုပ်ဖြစ်ခဲ့ပါတယ်။

“ငါးတန်း နွေရာသီ  ကျောင်းပိတ်ရက်မှာ ရွက်လှေစစီးတာ။ ၉ တန်းနှစ် အထိပဲ။ အရမ်းပျော်ဖို့ ကောင်းတယ်။ ကျောင်းတက်ရင်း Sea Training သွားရတယ်။ အဲဒီတုန်းက ၁၂ နှစ်လောက်ပဲရှိသေးတာ။ မိဘတွေလည်း မပါဘဲ Camp ၀င်ရတယ်။

အတွေ့အကြုံတွေလည်း အများကြီး ရတယ်။ ပျော်ဖို့ကလည်း အရမ်းကောင်းတယ်။ ရွက်လှေစီးရတဲ့Feeling တစ်ခု၊ သူများနဲ့ မတူတဲ့ အားကစား တစ်ခုကို လုပ်ရတဲ့ အတွက် ပျော်တယ်။ ကျောင်းဖွင့်ရက်တွေမှာ အားကစား လေ့ကျင့်မှုတွေလုပ်ဖို့ အား/ကာ သိပ္ပံကနေ စတင်ပေးတယ်။ ကျောင်းမတက်ရဘဲ ချောင်းသာမှာ Camp သွားဝင်ရတယ်။ ကျောင်းလည်း မတက်ရဘဲ အားကစားပဲ လုပ်ရတာ ဆိုတော့ ပျော်စရာ ကောင်းတာပေါ့” လို့ Bobby Soxer က ရွက်လှေ အားကစား လုပ်ဖြစ်တာများကို ပြောပြပါတယ်။

Bobby Soxer က တစ်ယောက်တည်း စီးရတဲ့ ရွက်လှေ အားကစားကို ၀ါသနာ ပါသလို တစ်ယောက်တည်း ရွက်လွှင့်ရတာကိုသဘောကျပါတယ်။ ၁၅ နှစ်အောက် စီးတဲ့ အော့ဖ်တာမစ်ရွက်လှေ အမျိုးအစားကို Bobby Soxer က စီးခဲ့ပြီး နိုင်ငံတကာပွဲတွေကိုလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ရေနဲ့ အကျွမ်းတ၀င် လုပ်ရတာတွေကို Bobby Soxer က နှစ်သက်ပါတယ်။

“ထက်ထက်က အခုကိုယ့်ကိုယ်ကို ဘယ်လိုလူတစ်ယောက်လို့ ခံယူထားသလဲဆိုတော့ Confidence က နည်းနည်း Over Confidence ဖြစ်တဲ့ လူထဲမှာပါတယ်။ ယုံကြည်ချက် အရမ်း များလွန်းတယ်။ ကိုယ့်ကိုယ်ကိုပေါ့။ အဲဒါက အမေလည်း ပြောတယ်။ ဘေးလူတွေလည်း ပြောတယ်။ ကိုယ့်ကိုယ်ကိုလည်း သိတယ်။ Confidence ရှိလာအောင်က ရွက်လှေစီးရင်းနဲ့ ရလာတယ်လို့ ထက်ထက် ယုံကြည်တယ်။

၅ တန်းနှစ်မှာ ရွက်လှေသင်တန်း တက်တယ်။ အင်းလျားကန်ထဲမှာ ရွက်လှေသင်တန်း တက်ရတာ။ စစချင်းကတော့ ကြောက်တယ်။ ရွက်ကြီးနဲ့ တက်မကြီးကို ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ စီးရင်း စီးရင်းနဲ့ လေကြမ်းတဲ့ အထဲမှာလည်း စီးဖူး လာတယ်။ မုန်တိုင်းတွေထဲမှာလည်း ရွက်လှေတွေ စီးခဲ့ရတဲ့အခါကျတော့ ဒီလို ဖြစ်လာရင် ၀ုန်း ဒိုင်းကြဲဆိုပြီး ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်ရမလဲဆိုတာတွေလည်း သင်ခဲ့ရတယ်။

လှေတွေက သစ်သားလှေ မဟုတ်ဘဲ ဖိုက်ဘာလှေ ဆိုတော့ မှောက်သွားရင်လည်း ပြန်ထောင်လို့ ရတယ်။ အဲဒီလိုမျိုးဆိုတော့ ရွက်လှေအားကစားကို လုပ်ရင်း Confidence ရခဲ့တယ်လို့ ပြောလို့ရ တယ်” လို့ Bobby Soxer ကိုယ့်ကိုယ်ကို ယုံ ကြည်မှုကို ရွက်လှေ အားကစား လုပ်ရင်း ရခဲ့တယ် ဆိုတာကို ပြောပြပါတယ်။

မြန်မာပြည် ကိုယ်စားပြု အနေနဲ့ ၂၀၀၄ ခုနှစ်လောက် လုပ်တဲ့ Asia Game ပြိုင်ပွဲ၊ မလေးရှား၊ မလက္ကာရေလက်ကြား မှာ ပြုလုပ်တဲ့ ရွက်လှေ ပြိုင်ပွဲတွေမှာ Bobby Soxer က ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတွေ ဘာတွေတော့ မရခဲ့ပါဘူး။

“ထက်ထက်တို့ ဒီမှာ လေ့ကျင့်ရတာက လှေအစီး ၂၀ လောက်နဲ့ပဲ လုပ်ရတာ။ တကယ့်ပြိုင်ပွဲမှာကျတော့ အစီး ၆၀ လောက်နဲ့ လုပ်ရတာ။ Experience တွေလည်း အများကြီး လိုတယ်လေ။ အင်းလျားကန်မှာ လုပ်တဲ့ ပြိုင်ပွဲလေးတွေမှာတော့ ဆုတွေ ရခဲ့ဖူးတယ်” လို့ ပြိုင်ပွဲတွေ ၀င်ပြိုင်တဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

ရွက်လှေ အားကစား လုပ်ပြီး ၁ နှစ်ကျော်မှာ မိဘတွေမပါဘဲ ချောင်းသာမှာ Camp ၀င်ခဲ့ရတာကို Bobby Soxer က သဘော ကျခဲ့ပါတယ်။

“ထက်ထက်က အဲဒီလို နေရတာကို ကြိုက်တယ်။ စိတ်ကူးယဉ်တတ်တဲ့ လူမျိုးထဲမှာလည်း ပါတယ်။ ကိုယ့်ကိုယ်ကို ရုပ်ရှင် ရိုက်နေသလိုမျိုးပဲ။ ကိုယ့်အိပ်ရာ၊ ခြင်ထောင်လေးတွေနဲ့ သွားရတာ။ ကိုယ့်အ၀တ်ကိုယ်လျှော်၊ အိမ်သာတွေ ဘာတွေကအစ ကိုယ့်ဘာသာ ဆေးရတာ။

အိမ်မှာ ပေါ်ကြော့နေတဲ့ သူတွေချည်းပဲ။ အဲဒီကိုရောက်ရင် အဲဒီလိုမျိုး မရှိဘူး။ စီနီယာတွေက လုပ်ပြတယ်။ ကိုယ်စီနီယာ ဖြစ်တော့ ပြန်လုပ်ပြရတာပေါ့။ ထက်ထက်က အဲဒီလိုမျိုး လုပ်ရတာကို ကြိုက်တယ်။ ကိုယ်အ၀တ်ထုပ်လေး ကိုယ်ထည့်နဲ့ ပျော်ခဲ့ရတယ်”လို့ မိဘတွေ မပါဘဲ သင်တန်း တက်ဖြစ်တဲ့ အတွေ့အကြုံကို Bobby Soxer က မျှဝေခဲ့ပါတယ်။

Bobby Soxer က ရွက်လှေစီးတဲ့ အချိန်၊ Camp ၀င်တဲ့ အချိန်တွေမှာ တစ်ယောက်တည်း လုပ်ခဲ့ရတာတွေ ရှိခဲ့ပေမဲ့ ဘ၀အတွက်ဖြတ်သန်းမှုတွေမှာတော့ တစ်ယောက်တည်း ရုန်းကန်ခဲ့ရတာတွေတော့ မရှိခဲ့ပါဘူး။ Bobby Soxer ၁၀ တန်းဖြေပြီး ၁၆ နှစ်အရွယ်မှာ ဂီတ အနုပညာလောကထဲ ၀င်ခဲ့ပါပြီ။

အဆိုတော် ဖြစ်လာရမယ်ဆိုတဲ့ စိတ်ကူး၊ အတွေးတွေနဲ့ လုပ်ခဲ့ တာတော့ မဟုတ်ပါဘူး။ Bobby Soxer က အသံ သွင်းထားတဲ့ သီချင်းတွေကို တခြားသူတွေ နားထောင်စေချင်တဲ့ ဆန္ဒနှဲ့ Sample ခွေတွေ ဝေခဲ့ ပါတယ်။ Show တစ်ခုမှာ Sample တစ်ခုဝေရင်း အဲဒီ အခွေကို ဂျီတုန်း၊ ရဲရင့်(G-family)၊ ရဲလေးတို့ နားထောင်ဖြစ်ပြီး သူတို့ရဲ့ သီချင်းတွေမှာ Featuring ဆိုဖို့ ကမ်းလှမ်းခံရတာပါ။

အဲဒီမှာဂီတ အသိုင်းအ၀ိုင်းက တော်တော်လေး သတိထားမိ သွားကြပါတယ်။ အဲဒီက တစ်ဆင့် ရဲလေးရဲ့ တတိယ ကာရန်မှာ ပါရင်း ဂီတလောကထဲကို Bobby Soxer က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

“ထက်ထက်က ကိုယ့်ကိုယ်ကို အရမ်း ကံကောင်းတဲ့ လူထဲမှာ ပါတယ်လို့ထင်တယ်။ ကိုယ့်အတွက် အတိုက်အခံ ဆိုတာလည်း သိပ်မရှိခဲ့ဘူး။ သူများတွေဆိုရင် Show တစ်ပွဲဆိုရဖို့၊ သီချင်းတစ်ပုဒ်ပြီးဖို့ အခွေ တစ်ခွေပြီးဖို့ မျက်ရည်တွေ ကျပြီး အရမ်း စိတ်ဆင်းရဲခဲ့ရတာတွေရှိတယ်။ ထက်ထက်က အဲဒီလိုမျိုး မဟုတ်ဘူး။ နဂိုကတည်းက စိတ်ကို ပေါ့ပေါ့လေးထားတတ်လာလည်းပါတယ်။ လုပ်ထားတယ်။

အချိန်တန်ရင် ထွက်လိမ့်မယ် ဆိုတဲ့ စိတ်ကိုနောက်ပိုင်းမှာထားပြီး လုပ်တဲ့အခါ ကျတော့ အဆင်ပြေတယ်။ ဒီထဲမှာက ကိုယ့်ကို ကူညီပေးတဲ့ သူတွေချည်းပါပဲ” လို့ ဂီတလောက ဖြတ်သန်းမှုမှာ အခက်အခဲ မရှိတဲ့အကြောင်း Bobby Soxer က ဆိုပါတယ်။

Show တွေမှာ သူများတွေကို ပိုက်ဆံပေးပြီး ဆိုခဲ့ရတာမျိုးတွေလည်း မရှိခဲ့ပါဘူး။ လူငယ် အဆိုရှင် တစ်ယောက်ဖြစ်တဲ့ Bobby Soxer ကို ဂီတ အလုပ်တွေ လုပ်ချင်တဲ့ လူငယ်တွေက အဆိုတော်ဖြစ်ဖို့ ဘာတွေ လိုအပ်လဲမေးရင် ဘယ်လို ဖြေမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ...
“အဲဒီလို မေးတာတွေ ရှိပါတယ်။ ဘယ်လိုပြောပြရမှန်း မသိဘူး။ ပြောပြရင်လည်း သူကျတော့ လွယ်လိုက်တာဆိုပြီး ထင်မှာလည်း ကြောက်တယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ အဆိုတော် ဖြစ်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အဆိုတော် ဖြစ်ချင်ရင် ကိုယ့်ဘာသာ ကြိုးစားလို့ ပြောတယ်။ နောက်ပြီး ၁၀ တန်းပြီးမှပဲ လုပ်လို့ပြောတယ်။ ထက်ထက်လည်း ၁၀ တန်းပြီးမှပဲ လုပ်ဖြစ်တာ။ ၁၀ တန်းပြီးမှပဲသီချင်းတွေ လုပ်၊ ကိုယ့်စိတ်ထဲမှာ အကြီးကြီးထည့်ပြီး အရမ်းမကြိုးစားဘဲ ကိုယ်သာ အရည်အချင်းရှိတဲ့သူ ဖြစ်မယ်ဆိုရင် အနုပညာဆိုတဲ့ စန်းရှိမယ်ဆို တစ်နေ့မှာ အောင်မြင်မှာပဲလို့ ထက်ထက် ပြောဖြစ်ပါတယ်”လို့
Bobby Soxer က ဆိုပါတယ်။

Bobby Soxer က အခုအချိန်မှာ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်နေတဲ့ အတွက် လုပ်ဆောင် ဖန်တီးတဲ့ အနုပညာများကို ဂရုစိုက်ပြီး ကြိုးစား လုပ်ဆောင်နေပါတယ်။ Bobby Soxer(ခ)ထက်ထက်အောင်ရဲ့ ဆယ်ကျော်သက် ဘ၀အစက ရွက်လှေ အားကစားတွေနဲ့ စခဲ့တာ ဖြစ်သလို ပြိုင်ပွဲတွေ၊ Camp ၀င်တာတွေနဲ့ ဖြတ်သန်းခဲ့တာပါ။ ဘ၀အတွက် ရှေ့ဆက်ရမယ့် ခရီးတွေ အတွက် အဲဒီအချိန်ကစပြီး ခွန်အားတွေ၊ ယုံကြည်မှုတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

 ခင်လေးမြင့်
(Teen မဂ္ဂဇင်း၊ ဇူလိုင်လ ၂၀၁၂)
www.shweamyutay.com ကနေ ကူးယူ ဖော်ပြပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved