အင်းတော် NLD အမတ် ဦးစောလှိုင် ကွယ်လွန်

Saturday, June 8, 2013

၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အင်းတော်မြို့နယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီကိုယ်စားရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ ရှေ့နေ ဦးစောလှိုင်ဟာ ယနေ့မနက်ပိုင်းက ကွယ်လွန်သွား တယ်လို့ သိရပါတယ်။ 

 အင်းတော် အမတ် ဦးစောလှိုင်၊ ဓာတ်ပုံ- ဦးစောလှိုင် ဖေ့စ်ဘုတ်

ဦးစောလှိုင်ဟာ အသည်းအစားထိုး ကုသမှုကို အောင်မြင်စွာ ကုသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လပိုင်းက အိန္ဒိယ နိုင်ငံက Medanta ဆေးရုံကို ပြန်လည် တက်ရောက် ကုသခဲ့ရပါသေးတယ်။ 

ဒါပေမယ့် မူလရောဂါက အဆုတ် ၂ ဖက်ကို ပျံ့နှံ့သွားတယ်လို့ သိရပါတယ်။ အဆိုပါ အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်လို့သိရပါတယ်။ 

ကွယ်လွန်ချိန် အသက် ၅၉ နှစ်ရှိ ဦးစောလှိုင်ဟာ ၁၉၇၄ ခုနှစ် ကျောင်းသားလှုပ်ရှားမှုမှ စတင်ကာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုများအလယ် နောက်ဆုံးအချိန်အထိ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့အပေါ် တက်ကြွ စွာ ပါဝင်ခဲ့သူလည်းဖြစ်ပြီး အကြိမ်ကြိမ် ဖမ်းဆီးထောင်ချ ခံခဲ့ရသူလည်းဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်တဲ့ ဦးစောလှိုင်ဟာ ကွယ်လွန်ချိန်မှာ သားတဦး၊ သမီးတဦး ကျန်ရစ်ခဲ့ပြီး ဈာပနကိုတော့ လာမယ့် ဇွန်လ ၁၂ ရက် နေ့ မှာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဦးစောလှိုင်ကွယ်လွန်ကြောင်း ကြားသိရတဲ့အတွက် ဦးစောလှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ လုပ်ဖော် ကိုင်ဖက်ဟောင်းများက ၀မ်းနည်းခြင်းစကားများ ပြောဆိုထားကြပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved