ရှေးလူငယ် နဲ့ ခေတ်လူငယ်တို့ရဲ့ ဆေးမင်ကြောင်

Wednesday, July 17, 2013

  ဆေးမင်ကြောင်ထိုးတာ ပဝေသဏီကတည်းကပါ။

ဒါပေမယ့် ဟိုတုန်းကနဲ့ ဒီကနေ့ ဆေးမင်ကြောင်ဆိုင်ရာ ခံယူချက်၊ ရည်ရွယ်ချက်၊ ဒီဇိုင်းပုံစံတွေကတော့ ပြောင်းလဲလာပါပြီ။

ဆေးမင်ကြောင်ထိုးခြင်းနဲ့ ပတ်သက်ပြီး  ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် (၂၁)နှစ်အရွယ် မိုးစက်ရဲ့ အမြင်က ...

    “ကျွန်တော်ကတော့ ပုံထိုးရတာကိုကြိုက်လို့ ထိုးတာပါ၊  ဘာလို့ ထိုးတာလဲ ဆိုရင်တော့ သေသေချာချာ မသိဘူး၊  မထိုးခင်ကတော့  သူငယ်ချင်းတွေ ထိုးတာကို လိုက်ကြည့်ဖူးတယ်၊ နောက်တော့ ကိုယ်တိုင် ထိုးဖို့ စိတ်ပါလာလို့ ထိုးဖြစ်သွားတာ” လို့  မိုးစက်ကပြောပါတယ်။

    “ကျွန်တော်တို့ သူငယ်ချင်းတွေအတော်များများ ထိုးနေတဲ့အချိန်မှာ ကျွန်တော့်မှာက ပုံတစ်ပုံမှ မရှိသေးတော့ ကျွန်တော်လည်း ကိုယ်ပေါ်မှာ ပုံတင်ချင်လာတယ်။
မထိုးခင်က နာမှာကိုတော့ နည်းနည်း ကြောက်တယ်၊  ထိုးပြီးလို့ ကိုယ့်စိတ်ကြိုက်ဖြစ်တယ်ဆိုရင် ကျေနပ်သွားတာပါပဲ” လို့ သူက ဆက်ပြောပါတယ်။

ရန်ကုန်က အသက် ၅၁နှစ်အရွယ် ဦးသန်းထွန်းရဲ့ အမြင်က မင်ကြောင်ထိုးခေတ်လူငယ်တို့အမြင်နဲ့ ဆန့်ကျင်ဘက်ပါ။

“ဘာပုံတွေမှန်းကို မသိဘူး၊ အမြင်ရိုင်းတဲ့ပုံတွေကို သူတို့က လှတယ်၊ ကြည့်ကောင်းတယ် ထင်နေကြတာ၊ တစ်သက်လုံး စွဲကျန်နေမှာ။
အသက်ကြီးလာမှ နောင်တ ရမယ့် ကိစ္စတွေကို မလုပ်စေချင်ဘူး၊  သူတို့ကတော့လှမယ်၊ ကောင်းမယ် ထင်ပြီး ထိုးတာပေါ့။
ပတ်ဝန်းကျင်မှာကတော့ ဒီလို အရုပ်တွေ ထိုးထားတဲ့ သူတွေဆို အမြင်က တစ်မျိုးဖြစ်သွားတယ်” လို့  ဦးသန်းထွန်းက ဆိုပါတယ်။

    “ကျွန်တော့်အိမ်က ဒီလိုထိုးတာကို မကြိုက်ဘူး၊ ကျွန်တော့် သူငယ်ချင်းတွေထဲမှာ ထိုးထားတဲ့သူတွေ ရှိတော့ ကျွန်တော့်ကို မထိုးဖို့ သတိပေးထားတယ်၊
ကျွန်တော်က အိမ်က မသိအောင် ကျောမှာ ပုံတစ်ပုံ ထိုးထားတယ်၊ ရေချိုးတာ၊ အ၀တ်လဲတာကို ခိုးပြီး လုပ်နေရတယ်၊ သိရင်တော့ မလွယ်ဘူး” လို့ အသက် ၁၈ နှစ်အရွယ် ကိုခန့်က ပြောပါတယ်။

အထက်ကပုံမှာ တွေ့ရတဲ့ ရှေးလူငယ်က ပေါင်မှာ ထိုးကွင်းတွေ ထိုးထားသလို တခြားနေရာတွေမှာလည်း အရုပ်မျိုးစုံ ထိုးထားပါတယ်။

ခေတ်လူငယ်များကရော ဘာတွေ ထိုးကြပါသလဲ။ ပုံထိုးမယ်ဆိုရင် သူတို့ ဘယ်လို စတင် လှုပ်ရှားကြပါသလဲ။

ကိုသက်ပိုင်က အခုလို ပြောပြပါတယ်။

 “ကိုယ်ထိုးမယ့်ပုံကို အရင်ရှာတယ်၊ အင်တာနက်ကနေရှာတာ များပါတယ်။ နိုင်ငံတကာမှာ ခေတ်စားနေတဲ့ပုံတွေကို အင်တာနက်ကနေ
ကိုယ့်စိတ်ကြိုက် အရင်ရှာကြည့်တယ်။ ပြီးတော့ ထိုးမယ့်တက်တူးဆရာကို ရွေးရတယ် ၊ တစ်ချို့က ဈေးများတယ်ဆိုရင် ကိုယ်တက်နိုင်တဲ့ အတိုင်းအတာလောက်နဲ့
ထိုးပေးနိုင်မယ့်တက်တူးဆရာတွေဆီမှာထိုးဖို့ စုံစမ်းရတယ်၊ ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာထိုးမယ်ဆိုတာကို ရွေးချယ်ပြီးထိုးတယ်။
တစ်ချို့ရှာထားတဲ့ပုံတွေကို ကိုယ်နဲ့လိုက်ဖက်အောင် ပြင်ပြီး ပြန်ထိုးကြတယ်။ တက်တူးဆရာ အများစုကလည်း ပုံအနေအထားကိုကြည့်ပြီး ပြန်ပြင်ပေးတာမျိုး
လုပ်ရတယ်။ တက်တူးထိုးတဲ့ကြာချိန်ကတော့ ကိုယ်ထိုးမယ့်ပုံရဲ့အရွယ်အစားပေါ်မှာ မူတည်တယ်”

ဒါကတော့ လူငယ်များနဲ့ မင်ကြောင်အကြောင်းပါ။
အမျိုးသမီး နဲ့ ဆေးမင်ကြောင် အကြောင်းကိုတော့ http://blog.irrawaddy.org/2012/09/blog-post_5545.html မှာ ရေးခဲ့ပြီးပါပြီ။

ကဲ ... ဆေးမင်ကြောင်တွေကို ပုံဖော်ပေးသူတဦးရဲ့ ပြောဆိုချက်ကရော ဘယ်လိုပါလဲ။
နားထောင်ကြည့်ရအောင်။

    တက်တူးအနုပညာရှင်ကိုကျော်စွာက ...
“ဒီအလုပ်ကို လုပ်လာတာ(၆)နှစ်ကျော်လောက် ရှိပြီ၊ လူငယ်တွေက တက်တူးထိုးတာကို ကြိုက်ကြတယ်။
ဒါနဲ့ပတ်သက်ပြီး လူကြီးတစ်ချို့က အမြင်မကြည်တာတွေ ရှိတယ်။ အရင်က ထိုးကွင်းထိုးတာလည်း ယဉ်ကျေးမှုတစ်ခုပဲလေ၊ အခုလူငယ်တွေရဲ့ တက်တူးတွေကလည်း အချိန်ကြာ လာရင် လက်ခံလာကြမှာပါ” လို့ ရှင်းပြပါတယ်။

    “ကျွန်တော် ထိုးခဲ့ရတဲ့ပုံတွေထဲမှာ အများဆုံးပုံကတော့ အရိုးခေါင်း၊ နဂါးပုံတွေပါပဲ။ ၂၀၁၁၊ ၂၀၁၂ ၀န်းကျင်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့
အမေစုပုံတွေကိုတော့ တော်တော်များများ ထိုးပေးခဲ့ရဖူးတယ်” လို့ ကိုကျော်စွာက ဆက်ပြောပါတယ်။

ကဲ ... ရှေးလူငယ်တွေက မင်ကြောင်ကို ပေါင်မှာ ထိုးကြ၊ ဂုဏ်ယူခဲ့ကြသလို ခေတ်လူငယ် အများအပြားလည်း မင်ကြောင်ကို သူတို့ကိုယ်ပေါ်မှာ ထိုးကြ၊ ဂုဏ်ယူနေကြတယ် ဆိုတဲ့အကြောင်း တင်ဆက်လိုက်ရပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved