သင့် အိပ်မက်တွေ မပျောက်ဆုံးပါစေနဲ့

Sunday, July 21, 2013

အမေရိကန်ပြည်ထောင်စုက ကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းတစ်ခုက ဖြစ်ရပ်။ 

ဆရာဖြစ်သူက ကျောင်းသားတွေကို "ကျွန်ုပ်၏  ရည်မှန်းချက်" ခေါင်းစဉ်နဲ့ စာစီစာကုံး တစ်ပုဒ် ရေးခိုင်းပါတယ်။ 


ကျောင်းသားတစ်ဦးက အဲဒီခေါင်းစဉ်ကို သဘောကျနှစ်ခြိုက်ပြီး  ဗလာစာအုပ်ပေါ်တွင် သူ့ရည်မှန်းချက်ကို ချက်ချင်းချရေးတယ်။ 

သူ့ ရည်မှန်းချက် အတိုင်းစာစီစာကုံးမှာ အခုလို ရေးတယ်။ 

"ကျွန်တော် ကြီးလာတဲ့အခါ မြေကွက်ကြီးတစ်ကွက် ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီမြေကွက်ပေါ်မှာ သစ်ပင်၊ ပန်းမာလ်တွေ အပြည့်စိုက်ပြီး စိမ်းစိုတဲ့ ဥယျာဉ်တခုလည်း လုပ်ပါမယ်။ ပြီးတော့ ပန်းခြံအလယ်မှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး အသားကင်ဖို့ နေရာတွေ ထားရှိပါမယ်။ ဟိုတယ်တစ်လုံးလည်း 
ဆောက်ပြီး မိသားစုအပြင် အခြား လာရောက်လည်ပတ်သူတွေကိုလည်း အနားယူ အပန်းဖြေစေပါမယ်" စသဖြင့် ရေးတယ်။ 

ဆရာဖြစ်သူက သူ့စာစီစာကုံးကို ကြည့်ပြီး ကြက်ခြေခတ်လိုက်ပြီး ပြန်ရေးဖို့ ပြောတယ်။ 

ကျောင်းသားကလည်း သူရေးထားတာ ပြန်စစ်ပြီး အမှားမပါတော့ ဆရာကို ပြန်ပြ၊ ဒီတော့ ဆရာက

"မင်းကို မင်းရဲ့ စိတ်ကူးထဲက ရည်မှန်းချက်ကို ရေးခိုင်းတာ၊ ဒီလို စိတ်ကူးယဉ် အိပ်မက်ဆန်ဆန် ရေးခိုင်းတာ မဟုတ်ဘူး။ မင်းရဲ့ တကယ့် ရည်မှန်းချက်ကို ဆရာလိုချင်တယ်။ မဖြစ်နိုင်တဲ့ စိတ်ကူးယဉ်တွေကို ဆရာမလိုချင်ဘူး။ နားလည်လား?" လို့ ပြောတယ်။ 

ဒီတော့ ကျောင်းသားကလည်း "ဆရာ... ဒါ ကျွန်နော့်ရဲ့ တကယ့် ရည်မှန်းချက်ပါ" လို့ အားပါးတရ 
ပြန်ဖြေတယ်။ 

 "မဟုတ်ဘူး.. ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါတွေက စိတ်ကူးယဉ်တာတွေမို့  အသစ်ပြန်ရေးပါ" လို့ ဆရာက တပည့်ကို ပြောတယ်။

"ကျွန်နော် နားလည်ပါတယ်ဆရာ၊ အခု ကျနော်ရေးထားတာတွေက ကျနော်တကယ်ဖြစ်ချင်တာကိုရေးတာပါ။ ကျနော့်ရည်မှန်းချက်ပါ၊ ဒါကြောင့် ကျနော် အသစ်ပြင်မရေးနိုင်ပါဘူး ဆရာ" လို့ တပည့်ဖြစ်သူက ဆရာ့အပြေကို ပြတ်ပြတ်သားသား ငြင်းဆန်တယ်။ 

ဆရာဖြစ်သူကလည်း အသစ်ပြန်မရေးရေး အမှတ်ကောင်းမရဘူး ပြောပြီး စဉ်းစားခိုင်းတယ်။ တပည့်ဖြစ်သူကလည်း ထပ်မရေးနိုင်ဘူး အခိုင်အမာ ငြင်းတယ်။ 

အဲဒီကျောင်းသား စာစီစာကုံး မအောင်ခဲ့ဘူး။ 

ဒီနောက် နှစ်ပေါင်း ၃၀ လောက်အကြော အဲဒီဆရာဖြစ်သူက တပည့်တွေနဲ့ အပန်းဖြေပန်းခြံတခုကို ပျော်ပွဲစား ခရီးထွက်လာတယ်။ 

သာယာပြီး မြက်ခင်းစိမ်းစိမ်းနဲ့ပန်းပေါင်းဝေနေတဲ့ မြင်ကွင်းကို ငေးမောရင်း အသားကင်ရနံ့ကို ရလိုက်တယ်။ 
အဲဒီအချိန်မှာ လူတဦးက ဆရာဖြစ်သူဆီ လာပြီး သူဟာ ဆရာ့ရဲ့ တပည့်ဖြစ်ခဲ့ဖူးပြီး မိတ်ဆက်တယ်။ 
နောက် သူက တချိန်က အကြောင်းစုံကို ပြောပြပြီးစာစီစာကုံးမအောင်ခဲ့တဲ့ ကျောင်းသား ဖြစ်ကြောင်း ပြောတယ်။  
သူက တချိန်က သူ့စာစီစာကုံးထဲက သူ့ရည်မှန်းချက်အတိုင်း အခု အပန်းဖြေဥယျာဉ်ကြီးကို ပိုင်ဆိုင် တည်ဆောက်ထားနိုင်ပါပြီ။ 
ဒီမှာပဲ ဆရာဖြစ်သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က အဖြစ်တွေကို ပြန်မြင်ယောင်မိတယ်။ 

အဲဒီမှာ ဆရာဖြစ်သူက သူ့ ရှေ့ရပ်နေတဲ့ သူ့ တပည့်ဟောင်းကို ကြည့်ရင်း နှုတ်က တဖွဖွ စကားလုံး တချို့ အန်ကျလာခဲ့တယ်။ 

"နှစ်ပေါင်း ၃၀ လောက် အတွင်းမှာ ငါ့ အတွက်နဲ့ ကျောင်းသား ဘယ်နှစ်ယောက်ရဲ့ ရည်မှန်းချက် အိပ်မက်တွေကို ငါ ချိုးဖျက်ခဲ့မိသလဲ မသိဘူး၊ မင်းကတော့ မင်းရဲ့ ကိုယ်ပိုင် ရည်မှန်းချက်ကို ငါ့ကြောင့် အပျက်စီး မခံဘဲ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တပည့်တဦးပဲ" တဲ့။ ။။။။ 


ကဲ စာဖတ်နေသူရော အသင့်ရဲ့ အိပ်မက်တွေကို တပါးသူကြောင့် ပျက်စီးစေခဲ့ဖူးလား။
သင့်အိပ်မက်တွေ မပျောက်ဆုံးပါစေနဲ့။


ဒီပို့စ်ဟာ ဘာသာပြန်ဆို ရေးသားချက်တခုဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved