"စစ်သားဆိုတာ အရင်တုန်းကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်"

Thursday, July 18, 2013





ဆေးရုံတက်နေတဲ့ စာနယ်ဇင်းဆရာမောင်ဝံသနဲ့ စကားပြောအခြေအနေ စမ်းသပ်ချက်အကြောင်းကို မဖတ်ရသေးသူများအတွက် ဖော်ပြလိုက်ပါတယ်။

ဒီအကြောင်းအရာကို ဆရာ့ရဲ့ ပရိသတ်များလည်း နှစ်သက်ကြမယ်၊ မြန်မာ့အရေးလေ့လာသူများအတွက်လည်း စိတ်ဝင်စားစရာကောင်းမယ်လို့ ယူဆပါတယ်။

ဒီလ ၁၂ ရက်နေ့က ဆရာမောင်ဝံသရဲ့ သမီးဖြစ်သူ လွတ်လပ်စိုးက သူ့ Facebook မှာ ရေးသားထားတာကို ကူးယူ ဖော်ပြလိုက်ပါတယ်။

 

 ဖေဖေရဲ့ တိုးတက်လာသောကျန်းမာရေးအခြေအနေ
ဖေဖေ့ဆီ ဒီနေ့ မရောက်ဖြစ်ပေမယ့် အမဖြစ်သူ ထိုက်ရဲ့ ပြောပြချက်အရ ဖေဖေ ဒီနေ့ speech therapist လာတော့ စကားတော်တော်လေး ပြောဖြစ်တယ် လို့ ပြောပါတယ်။

ပြောဖြစ်လိုက်တဲ့အကြောင်းလေးက စိတ်ဝင်စားဖို့ကောင်းပါတယ်။
မနေ့ကအထိ ဖေဖေ့ကို ရုပ်ပုံတွေ အခန်းထဲမှာရှိတဲ့ လူ့အသုံးအဆောင်တွေကို သုံးပြီး ပစ္စည်းတွေရဲ့ အမည်ကို ပြောပြခိုင်း၊ အသုံးဝင်ပုံတွေကို ပြောပြခိုင်းပါတယ်။

တခု ထူးခြားတာက ဖေကြီးက ပစ္စည်းအချို့ကို english လို ပြောထွက်တာ မြန်တယ်လို့ သိရပါတယ်။ ပန်ကာကို ပြတော့ stand fan လို့ ပြောတယ်တဲ့။
ဒါကိုတော့ ကျမ ယုံပါတယ်။ ဘာသာပြန်စာရေးဆရာဖြစ်တဲ့ ဖေဖေရဲ့အကျင့်လေးတစ်ခုကို ဒီနေရာမှာ ကြုံကြိုက်တုန်း ပြောပြချင်ပါတယ်။

 ဖေဖေက စကားလုံးတခုကို english လို ပြောပြီး မြန်မာလို ချက်ချင်း ပြောပြဖို့ မေ့နေတတ်တာက ကျမတို့ မိသားစုကြားမှာ ဟာသတစ်ခုလို ဖြစ်နေခဲ့ဖူးတာပါ။

ပြီးတော့ ကျမတို့ သိပြီးသား စာကြောင်းဖြစ်ဖြစ်၊ စကားလုံးဖြစ်ဖြစ်ကို ဘာသာပြန်ပြန်ပြနေတတ်သေးတယ်။
သိပြီးသားလို့ ပြောရင်လဲ ဘယ်လိုသိတာလဲ၊ တကယ်သိလို့လား၊ ဘာအဓိပ္ပာယ်လဲလို့ ထပ်ပြီး အသေးစိတ် မေး နေတတ်သေးတယ်။
 ပြီးတော့မှ သမီး မဆိုးဘူးဆိုပြီး ပြောလို့ ကျမတို့ ၀ါးခနဲ ၀ိုင်းရီလိုက်တော့မှ ပြုံးပြုံးကြီး လုပ်နေတတ်တယ်။
တခါတလေ သိပြီးသားစာလုံး ဖြစ်ပေမယ့် ဖေကြီးကို စချင်တာနဲ့ မသိဘူးလို့ ပြောရင် သေချာ အစအဆုံး ရှင်းတော့တာပါပဲ။
စပ်ဖြဲဖြဲနဲ့ နားထောင်နေတော့မှ နောက်နေမှန်းသိတာပါ။

စကားပြန်ကောက်ရရင် ဒီနေ့ ရုပ်ပုံတွေ ပြရင်း စစ်သားပုံကို ပြပြီးတော့ ဘာလဲ လို့ မေးပါတယ်။ ဖေဖေက စစ်သားလို့ ပြောတယ်။
အဲဒီတော့ စစ်သားဆိုတာ ဘာလဲ ဘဘ သိလား နဲနဲလောက် ပြောပြပါဆိုတော့.....
စစ်သားဆိုတာ အရင်တုန်းကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့၊ နောက်ပိုင်းကျတော့ ပြောင်းသွားတယ်တဲ့။

အဲဒီတော့ ဆရာမတွေက ဘယ်တုန်းက ပြောင်းသွားတာလဲ။ ဘယ်နှစ်ခုနှစ်က ပြောင်းသွားတာလဲ ဆိုတော့ ၁၉၆၂ လောက်က ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းပြီးကတည်းက စပြီး နှစ်သီးစားဖြစ်သွားတယ်တဲ့။

နှစ်သီးစားဆိုတာ ဘာလဲ သိလားလို့ ဆရာမတွေကို မေးတယ်။ ဆရာမတွေက မသိဘူးအဘ ရှင်းပြပါ ဆိုတော့ နှစ်သီးစားဆိုတာ စစ်တပ်ကနေပြီး ပင်စင်ယူပြီးသွားတော့ အစိုးရဌာနဘက်ကို ကူး၊ အစိုးရလစာကိုလည်း စားတယ်၊
 ပြီးသွားတဲ့အခါကျတော့ စစ်တပ်ဘက်က ပင်စင်ကိုလဲ စားတယ် အဲဒါကို ခေါ်တာ နောက်တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာလဲဆို တော့ ဗိုလ်ချုပ်ကြီးတွေ အကြီးပိုင်းတွေ ရာထူးကြီးတွေက အခွင့်အာဏာတွေ လုပ်ပိုင်ခွင့်တွေကို တဖြည်းဖြည်းနဲ့ ယူလာပြီး အကောင်တွေ ကြီး လာတယ်တဲ့။
 နောက်ပိုင်းကျတော့ သွင်းကုန် ပါမစ်တွေ ချပေးတာတို့ import တွေ ထုတ်ပေးတာတို့ လုပ်ရင်း လုပ်ရင်းနဲ့ သူတို့တွေက အရမ်းကို ကြီးပွားလာတယ်။
 အဲဒီ ကမှတဆင့် ဗိုလ်ချုပ်ကြီးတွေရဲ့ တပည့်တွေ သူတို့နားမှာ နေတဲ့သူတွေက အသိုင်းအ၀ိုင်းအုပ်စုတွေက ကြီးလာကြ့ပန်ရော....
အဲဒီကမှတဆင့် အာဏာကို ယစ်မူး သွားရော အဲဒီတော့ သူတို့က မဖယ်ပေးချင်တော့ပဲ နေရင်း နောက်ပိုင်းကျတော့ ....ဆိုပြီး ခန နားလိုက်သေးတယ်။

အခု ဒီမိုကရေစီအစိုးရဆိုပြီး ပြောနေပေမယ့် လွှတ်တော်ထဲမှာ ဒေါ်စုလဲ နေရာများများရအောင် ကြိုးစားနေရတယ်၊
သူတို့နဲ့ အပေး အယူလုပ်ရင်း လုပ်နေရတယ် အဲဒါပဲ ဆိုပြီး ပြောတယ် တဲ့။

သမီးတို့ကို ပြောတာတွေ အရင်တုန်းက အခြေအနေနဲ့ဆိုရင် အများကြီး လက်ချာရိုက်လို့ ရတယ်တဲ့။
လက်ချာ ရိုက်ပေးမှာတဲ့။ ပြီးသွားတော့ အဘပြောတာတွေ အဆီအငေါ်တည့်ရဲ့လား မသိဘူး feedback လေး ပြန်ပေးပါလို့ မေးတယ်တဲ့။
ဒီလို မေးတာကို ဆရာမတွေက နားမလည် ဘူးတဲ့ အမထိုက်က ၀င်ပြီး ဆရာမတို့ကို ဖေဖေ ပြောတာတွေ ဘယ်လို နားလည်လဲလို့ မေးတာဆိုတော့မှ ကောင်းပါတယ် ဆိုပြီး ပြောကြတယ်တဲ့။

ကဲ...ဒါပါပဲ မောင်ဝံသဆိုတာ ဒါပါပဲ fb friends များတို့ရေ လို့ပဲ ပြောလိုက်ချင် ပါတယ်။ သူ့ဘ၀ တလျှောက်လုံး စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာက ဘာလဲ ဆိုတာ သက်သေပြလိုက်တာပါပဲ။
ဦးနှောက်ထဲမှာ သံမှိုနှက်သလို စွဲမြဲနေတဲ့အကြောင်းအရာ တွေကို ဘယ်လို အကျိတ်မျိုး၊ cancer cell မျိုးမှ မသတ်နိုင် ဘူးဆိုတာ ဖေဖေ့ရဲ့ မိတ်ဆွေတွေ စာဖတ်ပရိသတ်တွေကို အသိပေးလိုက်ပါတယ်ရှင်။

ဖေဖေက စာပြန်ေ၇းချင်လို့ လေ့ကျင့်ခန်းတွေ အသားကုန် လုပ်နေပါတယ်။ ဒါပေမယ့် လက်က မရေးနိုင်လဲ သူ အခု ပြောတဲ့အကြောင်းအရာတွေ ကို စာစီချလိုက်ရင် ဆောင်းပါးတစ်ပုဒ်တော့ ရနိုင်ကောင်းပါရဲ့နော်။

ဒါဟာ ကျမရဲ့ ဖေဖေ မောင်ဝံသပါပဲ။ ကျမတို့အနေနဲ့ ဘယ်သူ့သားလဲ ဘယ်သူ့သမီးလဲဆိုတာ ခေါင်းမော့ပြီး ပြောနိုင်အောင် ဖေဖေဟာ ခုချိန်ထိ ထိန်းသိမ်း ထားနိုင်သေးတာ သိရတဲ့အတွက် ဘယ်လောက် ဂုဏ်ယူမိသလဲဆိုတာ ပြောပြဖို့ လို မယ် မထင်ပါဘူးရှင်။

လွတ်လပ်စိုး
၁၂.၇.၂၀၁၃
ည ၁၁: ၃၅။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved