ချင်းမိုင် ဝပ်ဆိုင်းမွန်းဘုန်းကြီးကျောင်း ကျောင်းအပ်ပွဲ ကျင်းပမည်

Wednesday, July 24, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဝပ်ဆိုင်းမွန်းမြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအပ်ပွဲကို လာမယ့် သြဂုတ်လ ၂၀ ရက်နေ့ ကျင်းပမှာ ဖြစ်ပြီး ကျောင်းထိုင် ဆရာတော်အဖြစ် ဆရာတော် ဦးကောဏ္ဍညကို အပ်နှင်း မှာ ဖြစ်ပါတယ်။ 

ဝပ်ဆိုင်းမွန် မြန်မာဘုန်းတော်ကြီး ကျောင်းတိုင် အသစ် ဦးကောဏ္ဍည

ယခင် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ အာသဘ ပျံလွန်တော်မူပြီး ၂ နှစ် အကြာမှာ ဝပ်ဆိုင်းမွန်းကျောင်းကို မြန်မာဆရာတော် ဦးကောဏ္ဍည က ကျောင်းထိုင်သီတင်းသုံး မှာ ဖြစ်ပါတယ်။ 

ပျံလွန်တော်မူခဲ့ပြီဖြစ်သော ယခင် ကျောင်းတိုင် ဆရာတော် ဦးအာသဘ

ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီ ဖြစ်တဲ့ ဆရာတော် ဦးအာသဘ ရုပ်ကလပ် ကိုတော့၂၀၁၃ ခုနှစ် မတ်လ (၁၀) ရက်နေ့က မီးသဂြိုင်္ဟ်ခဲ့ပြီး ဖြစ်ပါတယ်။ ဆရာတော် ဦးကောဏ္ဍညဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ ချူလာလောင်ကွန်း တက္ကသိုလ်မှာ ကျမ်းပြု စာချနေတဲ့ ဆရာတော်ဖြစ်ပြီး ထိုင်းနိုင်ငံမှာ ၃၅ နှစ် ကြာ သာသနာပြုနေတဲ့ မြန်မာဆရာတော် တစ်ပါးလည်း ဖြစ်ပါတယ်။ 

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းကြီးကျောင်း ကျောင်းအပ်ပွဲကို ဘန်ကောက်မြန်မာသံရုံးမှ တာဝန်ရှိသူ များ၊ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့မှ ဆရာတော်ကြီးများနဲ့ သီတဂူ ဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရ တို့ကြွရောက်ချီးမြှင့်မှာ ဖြစ်ပါတယ်။ 

ဝပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီး ကျောင်းသို့ ကြွရောက်တရားချီးမြှင့်တော်မူသော ဆရာတော် အရှင် ဉာဏိဿရ

ဝပ်ဆိုင်းမွန်းကျောင်းကို အစဉ်အလာအရ မြန်မာကျောင်းထိုင်ဆရာတော် ခန့်အပ်နိုင်ဖို့ကို နှစ်နိုင်ငံ တာဝန်ရှိသူတွေက အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပါတယ်။ မကြာခင်မှာတော့ ချင်းမိုင်မြို့ရောက် ဗုဒ္ဓ ဘာသာဝင် မြန်မာတွေအတွက် မြန်မာဘုန်းကြီးကျောင်းနဲ့ မြန်မာကျောင်းထိုင်ဆရာတော်ကို တရားဝင် ရရှိနိုင်တော့မှာ ဖြစ်ကြောင်းပါ ခင်ဗျား။ ။ 



ငြိမ်းဇော် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved