တရားသူကြီးချုပ်၊ ရှေ့နေချုပ်ခန့်အပ်တာနဲ့ပတ်သက်လို့ ဦးရဲထွဋ် ဘာပြောလဲ

Thursday, July 25, 2013

သမ္မတ၏ ပြောခွင့်ရ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ပြလာတဲ့ တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ် ခန့်အပ်မှုဆိုင်ရာ ရေးသားတင်ပြချက်ဖြစ်ပါတယ်။ 


မီဒီယာများမှာ ဒေါ်အောင်ဆန်းစုကြည်က တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ် တာ ဖြစ်လို့ တရားရေးမဏ္ဍိုင်က အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာရောက်နေတယ်လို့ ပြောဆိုကြောင်း ရေး သားဖော်ပြနေတာကို တွေ့ရ ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့စကားအတိအကျကို ကျွန်တော်မသိပါဘူး။ သို့သော် မီဒီယာများ မှာ ရေးသားဖော်ပြ နေတဲ့ တရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကို သမ္မတက တိုက်ရိုက်ခန့်အပ်တာ ဆိုတဲ့ အချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ကွဲလွဲနေပါတယ်။ 

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၇ (က) မှာ နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဥာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေးအပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲက ဖြစ်စေ အောက်ပါအရည်အချင်းများနဲ့ ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦး ဦးကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုရှေ့နေချုပ် အဖြစ်ခန့်အပ် တာဝန်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ပုဒ်မ ၂၃၇( ဂ) မှာတော့ ပြည်ထောင် စုလွှတ်တော်က သဘောမတူရင် အမည်စာရင်း အသစ်ပြန်တင်ပြ ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ 

ပြည်ထောင်စုတရားသူကြီးချုပ် နဲ့ပတ်သက်ပြီး ပုဒ်မ ၂၉၉ (ဂ)(၁) မှာ နိုင်ငံတော်သမ္မတသည် 
ပြည်ထောင်စု တရားသူ ကြီးချုပ် အဖြစ်ခန့်အပ်သင့်သောပုဂ္ဂိုလ်အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောတူညီချက်ရယူ ရမည်လို့ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂၉၉ (ဂ) ( ၃) မှာ
တော့ ပြည်ထောင်စုလွှတ်တော်က သဘောမတူရင် အမည်စာရင်း အသစ်ပြန်တင်ဖို့ ပြဋ္ဌာန်းထားပါတယ်။ 

ပုဒ်မ ၂၉၉(ဂ) (၄) မှာ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသူကိုသာ ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရမယ်လို့ပြဋ္ဌာန်းထားပါတယ်။ 

ဒါတင်မကသေးပါဘူး။ ကျန်တဲ့ တရားလွှတ် တော်ချုပ်တရားသူကြီးများကိုလည်း ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ သာ ခန့်ထားရမယ်လို့ ပုဒ်မ ၂၉၉ (ဃ) မှာ ပြဋ္ဌာန်းထားပါသေးတယ်။ 

ဒါ့ကြောင့် ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်ကို သမ္မတက တိုက်ရိုက်ခန့် အပ်တာမဟုတ်ဘဲ နဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့သာ ခန့်အပ်တာဖြစ်ကြောင်း ထင်ရှားစွာ တွေ့နိုင် ပါတယ်။ 

ဒီလို သမ္မတက အမည်စာရင်းတင်သွင်း၊ လွှတ်တော်က အတည်ပြု၊ လက်မခံနိုင်ရင် အမည်စာရင်း အသစ် တင် ဆိုတဲ့ လုပ်ထုံးလုပ်နည်းဟာ သမ္မတက နိုင်ငံ အကြီးအကဲ အဖြစ်ရော၊ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်ရောဆောင်ရွက်ပြီး မဏ္ဍိုင် သုံးရပ် အပြန်အလှန်ထိန်းကျောင်း တဲ့အုပ်ချုပ်ရေးစနစ် (Presidential System ) ရဲ့ လက္ခဏာပဲဖြစ်ပါတယ်။ 

ဒီလိုအုပ်ချုပ်ရေးစနစ်ကို စတင်တီထွင်အသုံးပြုခဲ့တဲ့ အမေရိကန်နိုင်ငံမှာလည်း တရားသူကြီးချုပ်နဲ့ ရှေ့နေ ချုပ် ကို သမ္မတ က အမည်စာရင်းတင်သွင်းပြီး အထက်လွှတ်တော်( ဆီးနိတ်)က အတည်ပြုပေးရပါ တယ်။ 

အောက်လွှတ်တော်က ဒီရာထူး ခန့်အပ်ေ၇းမှာ ပါဝင်ခြင်းမရှိပါဘူး။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကတော့ လွှတ်တော်နှစ်ရပ်လုံးကို အာဏာတူ ပေးအပ်ထားတဲ့အတွက် ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ပါ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ ပြဋ္ဌာန်းထားတာဖြစ်ပါ တယ်။

နောက်ထပ်မှားယွင်းချက်တစ်ခုကတော့ မီဒီယာများရဲ့ သတင်းရေးသားဖော်ပြချက်များအရ ကြည့်လိုက် ရင် ပြည်ထောင်စု ရှေ့နေချုပ်ကိုပါ တရားရေးမဏ္ဍိုင်ထဲမှာ ထည့်ထားတဲ့သဘောသက်ရောက်နေပါတယ်။ အဲဒါမှားပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၆) ဟာ တရားစီရင်ရေးမဏ္ဍိုင်နဲ့ ပတ်သက်တဲ့သီးခြားပြဋ္ဌာန်းချက်များဖြစ် ပြီး အဲဒီ အခန်းမှာပါတဲ့ ပုဒ်မ ၂၉၄ မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်လို့ ပြဋ္ဌာန်းပြီး နောက် ပုဒ်မများမှာ ပြည်ထောင်စုတရားသူကြီးချုပ် ခန့်အပ်ခြင်း အပါအ၀င် ပြဋ္ဌာန်းချက်များပါဝင်ပါတယ်။ 

ပြည်ထောင်စုရှေ့နေချုပ်ခန့်အပ်ခြင်းကိုတော့ အုပ်ချုပ်ရေးနဲ့ဆိုင်တဲ့ အခန်း ၅ ထဲမှာထည့်ထားပါတယ်။ 

ဒီလိုအုပ်ချုပ်ရေး မဏ္ဍိုင်ထဲမှာထားရခြင်းဟာလည်း ပြည်ထောင်စုရှေ့နေချုပ်ဟာ နိုင်ငံတော်သမ္မတကို ဥပဒေဆိုင်ရာအကြံဥာဏ်များပေး ဖို့ နဲ့ ဥပဒေဆိုင်ရာတာဝန်များထမ်းဆောင်ဖို့ တာဝန်ရှိတဲ့ အတွက် 
ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံမှာလည်း တရားရုံးချုပ် ( Supreme Court ) ဟာသီးခြားမဏ္ဍိုင်အဖြစ် ရှိပြီး ရှေ့နေချုပ် ကတော့ United States Attorney General (AG) ဆိုပြီး တရားရေးဌာန Department of Justice ကို ဦးဆောင်ရပါတယ်။ 

သူဟာ ဥပဒေစိုးမိုးရေး လုပ်ငန်းများအတွက် တာဝန်ရှိတဲ့အတွက် သမ္မတရဲ့ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့အပြင် အက်ဖ်ဘီအိုင် အဖွဲ့ကို သူ့လက်အောက်မှာထား ပါတယ်။ 

တစ်နည်းအားဖြင့်အုပ်ချုပ်ရေးမဏ္ဍိုင်အောက်မှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေးနေချိန်မှာ အခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနဲ့ ပတ်သက်ပြီး လွဲမှားပြောဆိုမှုများ နည်းနိုင်သမျှ နည်းအောင်လုပ်ဖို့လိုပါတယ်။ 

ပြောဆိုဆွေးနွေးတာပဲ ဖြစ်ဖြစ်၊ ပြုမူကျင့်ကြံရာမှာပဲဖြစ်ဖြစ် အခြေခံဥပဒေပါအချက်များနဲ့ မကိုက်ညီ လွဲမှားခဲ့ရင်လည်း မဏ္ဍိုင်သုံးရပ်ကို စောင့်ကြည့် ပေးနေတဲ့ Watch Dog ဖြစ်သော စာနယ်ဇင်းများ က ထောက်ပြပြုပြင်ပေးကြပါ။ 

အဲဒီလို ထောက်ပြ နိုင်အောင် ကိုယ်တိုင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အကျွမ်းတ၀င် ဖြစ်အောင် လေ့လာဖို့ တိုက်တွန်း လိုပါတယ်။ 


ဦးရဲထွဋ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved