ဦးသိန်းစိန်နဲ့ ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဘာတွေဆွေးနွေး

Thursday, July 25, 2013

သမ္မတ ဦးသိန်းစိန်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံရဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. NGUYEN SINH HUNG နဲ့ အဖွဲ့ကို မနေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ လက်ခံတွေ့ခဲ့ ပါတယ်။ 

 သမ္မတ ဦးသိန်းစိန်နဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. NGUYEN SINH HUNG၊ ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက်

မြန်မာ- ဗီယက်နမ် ၂ နိုင်ငံ ပူးပေါင်းပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ ဗီယက်နမ်နိုင်ငံရဲ့ နှစ် ၃၀ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံတွေကနေ မြန်မာပြုပြင်ပြောင်းလဲရေးတွေ အတွက် သမ္မတ ဦးသိန်းစိန်နဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ဆွေးနွေးကြပါတယ်လို့ သမ္မတရုံးဝက်ဆိုက် မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံဟာ ဗီယက်နမ် ကုမ္ပဏီတချို့နဲ့ ပူးပေါင်းလုပ်နေတာတွေရှိနေတာလည်းဖြစ်ပါတယ်။ 

အခု သမ္မတနဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ဟာ အထူးသဖြင့်တော့ ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ တိုးမြှင့်ဖို့၊ စိုက်ပျိုးရေး၊ သတ္တု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးကဏ္ဍတွေ အပြင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း ကဏ္ဍတွေမှာ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဗီယက်နမ်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်နဲ့ အကောင်အထည်ဖော် ရင်း ဒေသတွင်းနိုင်ငံများထဲမှာပါ စီးပွားရေး အခြေအနေ မြင့်မားလာနေတာပါ။ 

အတိတ်ကို သင်ခန်းစာအဖြစ်ထားပြီး အနာဂတ်ကို ရှေ့ရှုလုပ်ဆောင်မှုနဲ့ တချိန်က ရန်သူတော်ကြီးအဖြစ် သတ်မှတ်ထားခဲ့တဲ့ အမေရိကန်နဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေက ဗီယက်နမ်ရဲ့ စီးပွားရေးကို ဦးမော့ သွားစေခဲ့တာလည်းဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved