ထောင်တွင်း နှစ်ပေါင်း ၂၀ ကျော်ဘ၀ဖြတ်သန်းမှု စာအုပ်ထွက်မယ်

Tuesday, July 9, 2013

ပွင်းလင်းလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အကျဉ်းထောင်ဘ၀တွေနဲ့ပတ်သက်တဲ့ ကိုယ်တိုင်ရေး စာအုပ်တွေ ဆက်တိုက် ပေါ်ထွက်လာရာမှာ အခုနောက်ဆုံး အကျဉ်းထောင်တွေထဲ ၂၃ နှစ်နီးပါး နေခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်း တဦးရဲ့ အကျဉ်းထောင်တွင်း ဘ၀ဖြတ်သန်းမှု စာအုပ်ထွက်လာပါတော့မယ်။ 


စာအုပ်အမည်က ထောင်တွင်း ၂၃ နှစ်ပြည့်ရန် ၂ ရက် အလိုနှင့် ထူးခြားသော ကိုယ်တွေ့ ထောင်မှတ်တမ်း များ တဲ့။ 

စာရေးသူက ကိုဂျော်လီထွန်း၊ အခုတော့ ဦးဂျော်လီထွန်းပေါ့။ 

သူက ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးကာလတုန်းက ပဲခူးတိုင်း သာယာဝတီက သပိတ်ခေါင်းဆောင်တဦး။ 

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ စစ်အာဏာသိမ်းပြီး သူလည်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဆိုတဲ့ ABSDF ကျောင်းသား တပ်မတော်ထဲကို ရောက်ခဲ့တယ်။ 

စာရေးသူ ဦးဂျော်လီထွန်းကို စစ်ထောက်လှမ်းရေးတွေရဲ့ဖမ်းဆီးခံရပြီး ထောင် အနှစ် ၆၀ လောက် အပြစ်ပေးခံ ခဲ့ရတယ်။ 

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့ တယ်။ 

အခုတော့ ဦးဂျော်လီထွန်းဟာ အကျဉ်းသား တဖြစ်လည်း သတင်းသမား ဖြစ်နေပြီ။ 

သူအခုလို အကျဉ်းထောင် တွင်းနဲ့ ဘ၀ ဖြတ်သန်းမှု စာအုပ်ရေးဖြစ်လိုက်တဲ့အပေါ် သူ့ခံစားချက်ကိုလည်း ဧရာဝတီကို သူက ပြောပြတယ်။ 

“တစုံတခုထိ တာဝန်ကြေလိုက်နိုင်သလိုခံစားရပါတယ်” လို့ သူက ပြောတယ်။ 

အခုလို အတိတ်က အကြောင်းတွေ ပြန်ရေးဖြစ်တော့ ရေးနေချိန်တွေမှာ ဘယ်လိုတွေ ခံစားခဲ့ရလဲလို့ ဧရာဝတီက မေးတော့ သူက “တချို့ အပိုင်းတွေကိုရေးနေရင်း ကအဟောင်းတွေ အသစ်ဖြစ်ပြီး
တော့ ရေးနေတဲ့ စာမှုပေါ်ကို မျက်ရည် ပိုးပိုးပေါက်ပေါက်ကျခဲ့တာ နှစ်ကြိမ်ဖြစ်တယ်” လို့ သူက ရှင်းပြတယ်။ 

သူ့ဘ၀ ဖြတ်သန်းမှု စာအုပ်ကတော့ အခု ဇူလိုင်လ ၂၀ ရက်ကျော်ရင် ထွက်လာပါတော့မယ်။ ထင်ရှား တဲ့ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ဦးဝင်းတင်နဲ့ ဦးကိုကိုကြီးတို့အမှာစာရေးထားတဲ့ အဲဒီစာအုပ်ထဲ မှာတော့ သူ ဘယ်လိုဖြတ်သန်းခဲ့ရလဲ၊ စစ်အစိုးရခေတ် အကျဉ်းထောင်ဆိုတာ ဘယ်လိုလဲ၊ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင် တွင်း ဘယ်လိုဖြတ်သန်းကြရလဲ ဆိုတာ ဖတ်နိုင်ကြပါတော့မယ်။ 

သူ့စာအုပ်ကို ဖတ်ချင်တယ်ဆိုရင်တော့ ဆက်သွယ်ရမယ့် လိပ်စာက 

ဂျော်လီထွန်း (သတင်းအယ်ဒီတာ-Hotnews journal) နိုင်ငံရေးအကျဉ်းသားဟောင်း (၁၉၈၉-၂၀၁၂ ) gmail; jollyhtoon@gmail.com Ph; 09 8629424

1 comments :

  1. Lu Lay said... :

    ကြိုဆိုပါတယ်ခင်ဗျား၊ အလားတူ…..
    မြန်မာနိုင်ငံမှာ စစ်အာဏာရှင် လက်အောက်နှစ်(၅၀) နီးပါးကြားနေခဲ့ ရတဲ့ အချိန်အတွင်း လူထုခံစားခဲ့ရတဲ့ခါးသီးသော အတွေ့အကြုံများ ၊ လူထုကျီးလန့်စာစား နေထိုင်ခဲ့ရသော အတွေ့အကြုံများ၊ စစ်ထောက်လှမ်းရေး၊ အမျိုးသားထောက်လှမ်းရေး၊ အထူးစုံစမ်းစစ် ဆေးရေး၊ မြန်မာနိုင်ငံ ရဲ စတဲ့ အဖွဲ့အစည်း များ က ပြည်သူလူထု အပေါ် နည်းမျိုးစုံ နဲ့ နှိပ်စက် မှုများ၊ နိုင်ငံရေးအမြင်မတူသူတို့ကို ရန်သူလို့သတ်မှတ်ကာ ယုံကြည်ရာ နိုင်ငံရေးအမြင် ကြောင့် ပြစ်ဒါဏ်အမျိုးမျိုး ပေးခံခဲ့ရသူများ၏ အပြစ်ဒါဏ်အဖြစ်ထောင်ကျနေစဉ် နှင့် အမှုစစ်ဆေးစဉ် ညှင်းပမ်း နှိပ်စက်မှုဒါဏ်အလူးအလဲခံစားခဲ့ရသည်များကို အတတ်နိုင်ဆုံး ဖော်ထုတ် ပေးကြပါရန် မေတ္တာ ရပ်ခံလိုပါတယ် ခင်ဗျား။
    သို့မှသာ နောင်လာနောက်သား တို့ သိရှိရန်နှင့် ယခုလက်ရှိ လူငယ် / လူရွယ်များ က စက်ဆုပ်ရွံ ရှာဘွယ်ကောင်းတဲ့ စစ်အာဏာရှင် စနစ်သို့ နောက် ပြန်လည့် လိုစိတ်ကင်းမဲ့ ကြမှာ ဖြစ်ပါတယ်ခင်ဗျား။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved